Breaking News

ကိုကျော် (မြစ်ကြီးနား) - နိုဗယ်ဆုရှင်တစ်ဦးရဲ့ လျင်မြန်ထိရောက်ပြီး ရိုးရှင်းတဲ့နည်းလမ်း

ကိုကျော် (မြစ်ကြီးနား) - နိုဗယ်ဆုရှင်တစ်ဦးရဲ့ လျင်မြန်ထိရောက်ပြီး ရိုးရှင်းတဲ့နည်းလမ်း 
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၁

ဒီနည်းလမ်းကို ရူပဗေဒပညာရှင် ရစ်ချတ်ဖေးမန်း (Richard Feynman) ပေးခဲ့တာဖြစ်ပါတယ်။ ပညာရပ်တစ်ခုခု လေ့လာသင်ယူတဲ့အခါ လွယ်ကူရိုးရှင်းမှုက အဓိကသော့ချက်ဖြစ်တယ်လို့ ဖေးမန်းက ပြောခဲ့ပါတယ်။ 

ရစ်ချတ်ဖေးမန်းဟာ အသက် ၂၀ အရွယ်မှာကတည်းက Manhattan Project မှာ ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ Manhattan Project ဆိုတာက ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်အစိုးရက နြူကလီယားလက်နက် အက် တမ်ဗုံးတွေထုတ်လုပ်ဖို့ သုတေသနပြုလုပ်တဲ့ပရောဂျက် ဖြစ်ပါတယ်။ ကွန်တမ် အီလက်ထရိုဒိုင်းနမစ်နဲ့ ပတ်သက်ပြီး သူရဲ့ကြိုးပမ်းအားထုတ်ခဲ့မှုကြောင့် ရစ်ချတ်ဖေးမန်းနဲ့အတူ အခြားသောပညာရှင်နှစ်ဦးတို့က ၁၉၆၅ ခုနှစ်မှာ ရူပဗေဒနိုဗယ်ဆုကို ရခဲ့ပါတယ်။

ရိုးရှင်းမှုထဲမှာ အမှန်တရားရှိတယ်၊ ရိုးရှင်းတဲ့အခါ သင်ယူရတာ ပိုပြီးလွယ်ကူပြီး မမေ့မလျော့ဘဲ ရေရှည်ထိန်းသိမ်းသွားနိုင်တယ်လို့ ရစ်ချတ်ဖေးမန်းက အမြဲယုံကြည်ခဲ့ပါတယ်။ 

အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး ဖတ်စာအုပ်ထဲက ရှုပ်ထွေးလှတဲ့ ရှင်းလင်းချက်နဲ့ အသုံးအနှုန်းတွေကိုပဲ လေ့လာမှတ်သားခဲ့မယ်ဆိုရင် သင်ဟာ အဲဒီအကြောင်းအရာကို သေချာနားလည်သဘောပေါက်ပြီလို့ မဆိုနိုင်သေးပါဘူး။ စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်း (သို့မဟုတ်) ဆရာဆရာမ ရှင်းပြခဲ့တဲ့အတိုင်း အလွတ်ကျက်မှတ်ထားမယ်ဆိုရင် မကြာခင်မှာပဲ မေ့ပျောက်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် ရစ်ချတ်ဖေးမန်းရဲ့ အဆင့် ၄ ဆင့်ပါဝင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းကို ဖော်ပြလိုက်ပါတယ်။ 

၁။ ပညာရပ်တစ်ခုကိုရွေးချယ်ပြီး စတင်လေ့လာပါ
ဖေးမန်းရဲ့နည်းလမ်းက ရူပဗေဒ သင်္ချာ စတဲ့ ဘာသာရပ်ဆိုင်ရာအတွက်သာမဟုတ်ဘဲ ဘယ်နေရာမှာပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

၂။ ကလေးငယ်တစ်ဦးကို ရှင်းပြပါ
သင်လေ့လာနေတဲ့အကြောင်းအရာ အယူအဆကို ကလေးငယ်တစ်ယောက်အား ရှင်းပြသလိုမျိုး ကိုယ်ပိုင်အသုံးအနှုန်းတွေနဲ့ ကြိုးစားရှင်းပြကြည့်ပါ။

လွယ်ကူရိုးရှင်းအောင် သာမန်စကားလုံးတွေနဲ့ အဆင့်ဆင့်အပိုင်းခွဲပြီး ကြိုးစားရှင်းပြတဲ့အခါ သင်လေ့လာနေတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး အမှန်တကယ် သိရှိနားလည်ပြီလား နားမလည်သေးဘူးလားဆိုတာကို သတိပြုမိမှာ ဖြစ်ပါတယ်။ ဘယ်နေရာ ဘယ်အပိုင်းမှာ သေချာသဘောပေါက်ဖို့ လိုအပ်နေသေးသလဲဆိုတာ အလွယ်တကူ ရှာဖွေတွေ့နိုင်မှာ ဖြစ်ပါတယ်။  

၃။ ရှင်းပြနိုင်ဖို့ အခက်အခဲရှိနေသေးရင် စာအုပ်မှတ်စုထဲမှာ ပြန်ပြီးလေ့လာပါ
နားမလည်တဲ့အပိုင်း ရှိနေသေးပါက မှတ်စုစာအုပ်တွေမှာ ထပ်ပြီးလေ့လာပါ။ ပြီးရင် အလွယ်ကူဆုံးနည်းနဲ့ ကိုယ့်ကိုယ်ကိုရှင်းပြဖို့ ကြိုးစားကြည့်ပါ။ အကယ်၍ ရှင်းပြဖို့ခက်ခဲမှု ရှိနေသေးရင် (သို့မဟုတ်) ဖတ်စာအုပ်ထဲက အသုံးအနှုန်းကိုပဲ သုံးနေရသေးတယ်ဆိုရင် သင်ဟာ အပြည့်အဝနားလည်တာ မဟုတ်သေးပါဘူး။
မိမိလေ့လာနေတဲ့အကြောင်းအရာကို အရိုးရှင်းဆုံး အသုံးအနှုန်းတွေနဲ့ ရှင်းပြနိုင်တဲ့အခါကျမှသာ တကယ်နားလည်ပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်ကျမှ သင်ရဲ့နားလည်မှု အသိပညာတွေက ဦးနှောက်ထဲမှာ တွယ်ကပ်နေမှာဖြစ်ပြီး အလွတ်ကျက်ထားသလို ပျောက်ဆုံးသွားမှ မဟုတ်ပါဘူး။

၄။ ပြန်လည်သုံးသပ်ပါ
ရိုးရှင်းလွယ်ကူပြီး အများနားလည်နိုင်အောင် မရှင်းပြနိုင်မချင်း သင်လေ့လာနေတာကို မရပ်လိုက်ပါနဲ့။ အဆင့် ၂ နဲ့ ၃ ကို လိုအပ်သလောက် အကြိမ်ကြိမ်ပြန်သွားပြီး ကြိုးစားကြည့်ပါ။

ထင်ထားသလောက် အချိန်မကြာပါဘူး။ သင်လေ့လာသင်ယူနေတဲ့ အကြောင်းအရာကို အမှန်တကယ်သိရှိ နားလည်သဘောပေါက်သွားမှာ ဖြစ်ကြောင်း။ 

(Business Insider - Dec 13, 2021 - A Nobel prize-winner explained his simple technique for learning anything quickly and effectively)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar