Breaking News

နေသန်မောင် - မပြီးသေးဘူး ... ငါတို့အလှည့် ကျန်သေးတယ် (၉)

နေသန်မောင် - မပြီးသေးဘူး ... ငါတို့အလှည့် ကျန်သေးတယ် (၉)
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၂၁

မြန်မာစစ်တပ်ကို ဘုံရန်သူအဖြစ် နှစ်ပေါင်းအတော်ကြာ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ပေါင်း ၂၀ ကျော်ဟာ အားလုံးညီညီညွတ်ညွတ်နဲ့ စုစည်းမိဖို့ ခက်ခဲလှတယ်၊ ဒါပေမယ့် ဒီအရေးကြီးတဲ့ အင်အားစုကြီး ပေါင်းစည်းမိသွားပြီး EAOs/PDF/LPDF နဲ့ မြို့ပြပြောက်ကျားတွေအားလုံး C3C ဆိုတဲ့ ဗဟိုကွပ်ကဲမှုနဲ့ညှိနှိုင်းမှုကော်မတီမှာ စစ်ရေးအရ စုစည်းမိသွားရင်တော့ ဖက်ဆစ်စစ်တပ်အတွက် “စေ့စပ်မလား၊ အချေမှူန်းခံမလား”ဆိုတာ စဉ်းစားရမယ့်အခြေအနေကို ဆိုက်ရောက်လာနိုင်ပါတယ်လို့ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာရေးဌာန -CSIS ရဲ့ အရှေ့တောင်အာရှဆိုင်ရာသုတေသီ မိုက်ကယ်မာတင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ပြောခဲ့ပါတယ်။

ဒီကနေ့မြန်မာပြည်အကြပ်အတည်းဟာ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းနိုင်မယ့်နည်းလမ်း ပျောက်ဆုံးသွားပြီဆိုတဲ့ သုံးသပ်ချက်တွေလည်း ဆက်တိုက်ထွက်လာနေပါတယ်။ ပြီးတော့ ပြည်တွင်းက လက်နက်ကိုင်ခုခံတော်လှန်မှုနဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်မှုကပဲ ဖက်ဆစ်စစ်တပ်ကို ဘယ်လိုဇီဝိန်ချုပ်နိုင်မလဲ၊ ဘယ်လောက်မြန်မြန် ပွဲသိမ်းခရာ မှုတ်နိုင်မလဲဆိုတဲ့ဘက်ကို အားလုံးက စောင်းငဲ့ကြည့်လာကြပါပြီ။ ဒီကနေ့ မြန်မာပြည်မြေပုံဟာ လွန်ခဲ့တဲ့ ၁၀လ တုန်းက မြေပုံနဲ့ မတူတော့ပါဘူး။ စစ်နဲ့တော်လှန်ရေးကိုဖြတ်သန်းနေချိန် ခုခံမှုစစ်ပွဲရဲ့ ပထမအဆင့်မှာ ဒေသခံ ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေနဲ့ ကျေးလက်/မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေက အဓိက နေရာယူထားခဲ့ပါတယ်။ ကျေးလက်တွေမှာ မိုင်းဆွဲ၊ မြို့ပြမှာဗုံးခွဲတဲ့ ပြောက်ကျားစစ်ဗျူဟာအရ စက်တင်ဘာ ကနေ နိုဝင်ဘာအထိ ဖက်ဆစ်စစ်သား ၅ထောင်ကျော် သေခဲ့ပါတယ်။

ခုခံစစ် ၃ လကြာမြင့်လာတဲ့အချိန် အနောက်မြောက်လွင်ပြင်နဲ့ ရွှေဘိုလွင်ပြင်ထဲ ဗျူဟာမြောက်လမ်းတွေကို ဖက်ဆစ်စစ်တပ်ဘက်က ၆၀ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်တာ မရှိတော့ဘဲ မဖြစ်မနေ ဖြတ်သန်းသွားရတာက လွဲလို့ အများစုက တပ်ရင်းစခန်းတွေထဲမှာ ပုန်းအောင်းနေရတဲ့အဖြစ်ကို ရောက်လာပါတယ်။ အနော်ရထာနဲ့ အလောင်းဘုရားစစ်ဆင်ရေးနှစ်ခုပေါင်း အင်အား ၄၀၀၀ လောက်နဲ့ တစ်ပွဲထိုးစမ်းသပ်ခဲ့လို့ မုန့်ဟင်းခါးပွဲတွေသာ အဖတ်တင်ခဲ့ပါတယ်။ ဒါဟာ NUG အနေနဲ့ ဖွဲ့စည်းထားတဲ့ အမြဲတမ်းစစ်တပ် PDF အင်အားတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ EAOs တွေရဲ့ ပြောင်မြောက်တဲ့ စစ်ဆင်ရေးကြီးတွေ မလာသေးခင် မြေပြင် အခြေအနေအရ စစ်သည်အင်အား ၅သိန်းဆိုတဲ့ ဖက်ဆစ်တပ်ဟာ နေပြည်တော်ထဲ လှိုဏ်ခေါင်းထဲမှာပဲ လစာ ထုတ်ပြီး အနားယူနေတယ်လို့သာ ကြိတ်မှိတ်ယုံကြည်ရတော့မှာပါ။

စေ့စပ်မလား၊ ချေမှူန်းခံမလားဆိုတဲ့နည်းလမ်းနှစ်ခုပဲ ရွေးချယ်စရာရှိတော့တယ်လို့ ဆိုပေမယ့် တကယ်တမ်း စေ့စပ်မလားဆိုတာ အာဆီယံမူ၅ချက်အတိုင်း နိုင်ငံတကာအသိုင်းအဝိုင်းက တွန်းတင်နေတဲ့လမ်းကြောင်းပါ။ ဒီလမ်းကြောင်း အောင်မြင်မှုမရှိဘဲ ရပ်ဆိုင်းသွားပြီဆိုတာ အားလုံးသဘောပေါက်လာနေကြပါတယ်။ ပြည်တွင်းက လူထုခုခံစစ်ပွဲအတွက်ကတော့ ဖက်ဆစ်စစ်တပ်ကို ချေမှူန်းဖို့သာ ယတိပြတ်ဆုံးဖြတ်ထားတာမို့ နွေဦးတော်လှန်ရေးရဲ့ရလဒ်ကို ပြည်သူတွေကပဲ သတ်မှတ်ကြမှာဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ်ရဲ့ အနှစ် ၈၀နီးပါးအတွင်း မွေးရာပါကျွမ်းကျင်တဲ့နည်းဗျူဟာကတော့ သွေးခွဲသပ်လျှိုမှုပါပဲ။

တစ်ဖက်ကသူရင်ဆိုင်ရတဲ့ အင်အားက သိပ်ကိုကြီးမားနေရင် အဲဒီအင်အားစုကို ညီညွတ်မှုမရှိအောင် ဖြိုခွဲတဲ့နည်းကို သုံးတာပါပဲ။ ဥပမာ ကရင့်အမျိုးသားအစည်းအရုံးကို ဘာသာရေးအယူအဆနဲ့ ထက်ပိုင်းခွဲခဲ့သလို ရှမ်းပြည်ထဲက အဖွဲ့အစည်းတွေအချင်းချင်းကြား စုစည်းညီညွတ်မှုမရအောင်လည်း Divided & Rule ကို အကွက်ကျကျ လှည့်ပတ်ကစားထားပါတယ်။ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအချင်းချင်းကြား နယ်မြေစိုးမိုးမှုနဲ့ပတ်သက်လို့ နောက်ခံသမိုင်း/အဖွဲ့အစည်းတည်နေရာတွေအပေါ် သွေးခွဲသပ်လျှိုထားပါတယ်။ တော်လှန်ရေးအင်အားစုအားလုံး တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားလို့မရအောင် စနစ်တကျလုပ်ထားရတဲ့ ရည်ရွယ်ချက်ကတော့ ဖက်ဆစ်စစ်တပ်အနေနဲ့ ဒီအင်အားစုတွေအားလုံးပေါင်းစည်းလိုက်တဲ့ လှုပ်ရှားမှုကို ဘယ်လိုမှရင်ဆိုင်နိုင်စွမ်းမရှိဘူးဆိုတဲ့ အဓိကအားနည်းချက်ကို မြင်ရပါတယ်။

ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြား ဘယ်တော့မှ ပေါင်းစည်းမှုမဖြစ်အောင် နှစ်ပေါင်းများစွာကတည်းက တစိုက်မတ်မတ်လုပ်လာရတာ ဒီအားနည်းချက်ကြောင့်ပါပဲ။ ရန်သူဖက်ဆစ်စစ်တပ်ရဲ့ ရည်မှန်းချက်ကို ကပြောင်းကပြန်ဖြစ်အောင်လုပ်နိုင်ရင် ဒီကနေ့တော်လှန်ရေး မြန်မြန်အောင်မြင်ပြီ၊ ဖက်ဆစ်စစ်တပ် ပြိုလဲပြီလို့ ဆိုရမှာပါပဲ။ ဖေဖော်ဝါရီမှာစတင်ခဲ့တဲ့ နွေဦးတော်လှန်ရေး ပထမအဆင့်ဖြစ်တဲ့ လူထုလှုပ်ရှားမှုကို “ဒီလောက်ထိဖြစ်လာမယ်လို့ ထည့်တွက်မထားမိခဲ့ဘူး”လို့ ဖက်ဆစ်ခေါင်းဆောင်တွေ ဝန်ခံခဲ့သလိုပဲ တူမီးတော်လှန်ရေးကနေ စတင်ခဲ့တဲ့ ဒုတိယအဆင့် လက်နက်ကိုင် ခုခံတော်လှန်မှုအပေါ်လည်း အကြီးအကျယ်လျှော့တွက်ထားခဲ့ပါတယ်။ ခုခံတော်လှန်မှုကြီးကို ဘယ်သူကမှ တားဆီးဟန့်တားနိုင်စွမ်းမရှိတော့ဘူးဆိုတာ တနေ့တခြား ထင်ရှားလာနေပါတယ်။

လက်ရှိအနေအထားဟာ လက်နက်ကိုင်တော်လှန်ရေးရဲ့ ဒုတိယအဆင့်ကို တက်လှမ်းဖို့ပြင်ဆင်နေတဲ့ အချိန်ကာလဖြစ်လို့ စနစ်တကျလေ့ကျင့်ထားတဲ့ PDF အင်အားစုနဲ့ ဒေသခံ (ပကဖ)/ ကျေးလက်မြို့ပြ ပြောက်ကျားအဖွဲ့တွေ LPDF အားလုံးဟာ တစ်ခုတည်းသော အမိန့်ပေးကွပ်ကဲမှုအောက်ကို ၉၀ရာခိုင်နှုန်း ရောက်လာခဲ့ပြီဆိုတဲ့ အချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစု EAOs တွေရဲ့ ပေါင်းစည်း ညီညွတ်မှုကြောင့် (ဘယ်အဖွဲ့တွေပါလဲ၊ ဘယ်အဖွဲ့တွေ မပါသေးဘူးလဲဆိုတဲ့ သိချင်စိတ်တွေ ရှိကြပေမယ့် နိုင်ငံရေးအရ ပြောရရင်တော့ ရည်မှန်းချက်ပန်းတိုင်တူကြပြီ၊ တစ်ခရီးတည်းသွားဖို့ ဆုံးဖြတ်ထားကြပြီလို့ ဆိုရမှာပါပဲ) စစ်သေနင်္ဂဗျူဟာကို ချမှတ်တဲ့အဆင့်တွေကို ဖြတ်သန်းနေပုံရပါတယ်။ ဒီနေရာမှာ NUG ဘက်က PDF အင်အားတွေကို ဖြန့်ကျက်ထားနိုင်ပြီဆိုတဲ့ ပြောဆိုချက်အရ (PDF တွေ ဘယ်တော့တိုက်ကြမှာလဲလို့ မေးခွန်းတွေထိုင်မေးနေတာဟာ စစ်ရေးလျှို့ဝှက်ချက်ကို ထိခိုက်နိုင်ပြီး ရန်သူ့အတွက် သတင်းအချက်အလက် အားသာမှုသာဖြစ်စေပါတယ်) စစ်ကိုအရှိန်တင်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။

မကြာခင် ရင်ဆိုင်ရတော့မယ့် အင်ပြည့်အားပြည့် လက်နက်ကိုင်စစ်ပွဲကြီးအတွက် ဖက်ဆစ်စစ်တပ်ကရော အသင့်ရှိနေပြီလား။ ယတိပြတ်ပြောရရင်တော့ အသင့်မဖြစ်တော့ဘူးလို့သာ ဆိုနိုင်ပါတယ်။ ဒါဆိုရင် အာဆီယံနဲ့နိုင်ငံတကာ တွန်းတွန်းတိုက်တိုက်လုပ်နေတဲ့ (ပြည်တွင်း/ပြည်ပက ပွဲစားတွေ ငံ့လင့်နေတဲ့) စေ့စပ်ရေးလမ်းကြောင်းအတွက်ရော အသင့်ရှိနေပြီလား။ မရှိပါဘူး။ ရန်သူဖက်ဆစ်စစ်တပ်ဟာ ဒီနည်းလမ်းနှစ်ခုလုံးအတွက် ဘာတစ်ခုမှ အသင့်မရှိသေးဘူးလို့ ပြောရမှာပါပဲ။ စေ့စပ်တဲ့နည်းလမ်းဟာ အညံ့ခံခြင်းလို့ မြန်မာပြည်သူတွေ နားလည်ထားတာကြောင့် ဒီနည်းလမ်းကို နှစ်ဖက်စလုံးက မရွေးပါဘူး။ မြန်မာပြည် နွေဦးတော်လှန်ရေးအတွက် တစ်ခုတည်းသော အဖြေကတော့ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ် ချေမှူန်းရှင်းလင်းဖယ်ရှားနိုင်ရေးဆိုတဲ့ တစ်ခုတည်းသော နည်းလမ်းကို ပြည်သူတွေအားလုံးက ညီညီညွတ်ညွတ်နဲ့ ရွေးချယ်ထားပြီးသားဖြစ်ပါတယ်။ ဒီနည်းလမ်းကို အဖွဲ့ ၂၀ကျော်သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအားလုံးက ရွေးချယ်လိုက်ကြပြီလားဆိုတာကို အဖြေထုတ်ပေးရမယ့်အချိန် ရောက်လာပါပြီ။

ကျနော်တို့အားလုံးလည်း နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေတာပါပဲဆိုတဲ့ ဘုံရည်မှန်းချက် တူညီကြပေမယ့် စစ်ရေးအရ မဟာဗျူဟာရည်မှန်းချက်ကို ပေါ်လွင်အောင်လုပ်ဖို့ဆိုရင်တော့ လက်တွေ့မှာ ညီညီညွတ်ညွတ် ပူးပေါင်းပြီး တိုက်ပွဲဝင်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က တိုင်းပြည်ကံကြမ္မာအတွက် အရေးအကြီးဆုံး အလှည့်အပြောင်းကို ရောက်လာပြီလို့သာ ဆိုရပါတော့မယ်။ ဒါဟာ ဒီတိုင်းပြည်ရဲ့ အခြေခံအကျဆုံးသော အမျိုးသားတန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်အတွက် နောင်တစ်ကြိမ် ပြန်မရနိုင်တော့မယ့် အခွင့်အလမ်းတစ်ခုလည်းဖြစ်ပါတယ်။

ဖက်ဆစ်စစ်တပ်အတွက်က ဘယ်နည်းလမ်းမှ ရွေးချယ်ခွင့်မရှိတဲ့ ချောင်ပိတ်မိ၊ ထွက်ပေါက်ပိတ်မိသွားတဲ့ အနေအထားကို ရောက်နေပါတယ်။ သူ့ရဲ့ဖက်ဆစ်တပ်ကြီး အချေမှူန်းခံရတော့မယ်လို့ နားလည်သဘောပေါက် သွားတဲ့အချိန်မှာ ဒီဖက်ဆစ်တပ်ကြီးရှင်သန်ရေးအတွက် “ဘာမဆိုလုပ်ကြပါလိမ့်မယ်”။ ရာထူးနဲ့လူအပြောင်း အလဲတွေ၊ စေ့စပ်ဆွေးနွေးရေးတွေနဲ့ ထောင်တံခါးတွေကိုဖွင့်ချပြပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို အဝင်အထွက် တွေ ခပ်ကြမ်းကြမ်းနဲ့ ရွှေပြည်အေးတရားတွေ တိုက်ကျွေးကြဖို့လည်း လုပ်ပြပါလိမ့်မယ်။ နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဟာ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချေမှူန်းပြီး ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ဖြစ်တာ ကြောင့် ရန်သူ့ကို ရွေးချယ်ခွင့်ပေးတဲ့အချိန်ဟာ ဘယ်တော့နောက်ဆုံးလဲဆိုတာ တော်လှန်ရေးကပဲ ပိုင်းဖြတ်ကြမယ် ထင်ပါတယ်။

ကျနော်တို့ဘက်မှာရော အသက်တွေ၊ ဘဝတွေ၊ ယုံကြည်ချက်တွေအားလုံးနဲ့ အနာဂတ်ကြီးတစ်ခုလုံးကိုပုံအောပြီး တစ်ခုတည်းသော အလံတော်အောက်မှာ စုစည်းထားကြရတာပါ။ ကျနော်တို့မှာ ထပ်ပြီးအပေးအယူလုပ်စရာ၊ နောက်ဆုတ်စရာ မကျန်တော့ပါဘူး။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို မန်းမှုတ်သလို တရစပ်ရွတ်ဖတ်နေတဲ့ နိုင်ငံကြီးတွေ ကိုယ့်ကိုကိုယ်ရှက်ပြီး လဲသေသင့်တဲ့အထိ ကျနော်တို့ဟာ အောင်လံကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားကြရမှာပါ။ ရန်သူကို အပြီးတိုင်ချေမှူန်းရမယ်ဆိုတဲ့ တစ်ချောင်းတည်းသောစိတ်ကို ဆွဲကိုင်ထားကြရမှာပါ။ ဒီခရီးကို ကျနော်တို့အားလုံး လက်ချည်းဗလာနဲ့စခဲ့ကြတာမို့ ပြီးခဲ့တဲ့ ၁၀လတာခရီးကို စေ့စေ့စပ်စပ် ဆင်ခြင်သုံးသပ်ကြည့်လိုက်ရင် “နိုင်ငံတော်တစ်ခုလုံးကို ပြန်လည်သိမ်းပိုက်ရမယ့် အိပ်မက်ကြီး”ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဒုတိယမြောက်နွေဦးကို အားမာန်အပြည့်နဲ့ ဖြတ်သန်းကြဖို့သာ လိုပါတယ်။ 

သူ့ဖေ့ဘုတ်ခ်မှ ကူးယူပါသည်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar