Breaking News

လူခါးခါး - နွေဦးရဲ့လူငယ်တွေ

လူခါးခါး - နွေဦးရဲ့လူငယ်တွေ
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၁

လမ်းလယ်ခေါင်မှာ
ပုံလျက်သားကျနေတဲ့လူငယ်
သွေးစွန်းနေတဲ့ ဖိနပ် ထီး ဆိုင်းဘုတ်
ပေတရားမှာပြန့်ကြဲ ဆဲသံဆိုသံ မချိတင်ကဲ
ဟောဒီအနိဌာရုံမြင်ကွင်းထဲမှာ
ငါတို့လူငယ်တွေကိုတွေ့လိုက်ရတယ်

ပန်းပင်ကြီးလမ်းမှာ
ငါတို့လူငယ်တွေရဲ့ အလောင်း
သွေးစက်သွေးကွက် အော်သံ သေနတ်သံ
မျက်ရည်များ ကြေကွဲဒေါသအသံများ။

ငါတို့ဟာ
နွေဦးကမွေးဖွားပေးလိုက်တဲ့လူငယ်တွေ
သေရင်မြေကြီး ရှင်ရွှေထီးပေါ့
ငါတို့ဟာနွေဦးရဲ့ပုရစ်ဖူးတွေပေါ့
တစ်ပွင့်ကြွေရင် တစ်ဖူးထပ်ပွင့်မယ့်
လူငယ်တွေ

ငါသေသွားပေမယ့် ငါမသေဘူး
ငါ့ရဲ့တော်လှန်ရေးသွေးတွေက
စီးဆင်းကျန်ခဲ့လိမ့်မယ်
မြစ်တစ်စင်းလို

သူတို့က
ငါတို့ကိုမြေပြုပ်ဖို့
ကြိုးစားကြလိမ့်မယ်
ငါတို့ကသစ်စေ့တွေဆိုတာ သူတို့မသိကြဘူး။

နွေဦးမှာ
ငါတို့အလိုမတူပဲရလိုက်တဲ့ကိုယ်ဝန်က
တဖြည်းဖြည်းရင့်မာလာခဲ့ပြီ
ငါတို့သွေးတွေလည်း ချင်းချင်းနီခဲ့ပြီ

ငါတို့ရဲ့နွေဦးဟာ
နာကြင်စရာများနဲ့နွေဦး
ပန်းတွေပွင့်စေတဲ့နွေဦး
ဒီနွေဦးကို ဘယ်သူမှတားမရတော့ဘူး။

လမ်းမပေါ်ကသွေးကြွေးမှာ
ဆွေးနွေးစရာမရှိ
ဒီသွေးကြွေးကို
ငါတို့သွေးမအေးနိုင်ဘူး
အာရုတ်ဦးရင် နောက်ထပ် တစ်ဖူးတစ်ပွင့်
ထပ်ခါထပ်ခါပွင့်ပြမယ့်
ငါတို့ရဲ့နွေဦးမှာ
ငါတို့အဆုံးထိသွားကြမယ်။

ငါတို့ဟာ
နွေဦးကမွေးဖွားပေးလိုက်တဲ့လူငယ်တွေ။

လူခါးခါး

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar