Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၅ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၅ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၁

◾️ ဆန္ဒပြမှုကို ကားနဲ့တိုက်တဲ့လုပ်ရပ်  
state actor ဆိုတဲ့စကားလုံးက နိုင်ငံတကာဥပဒေတွေမှာသုံးနှုန်းကြတဲ့ ပညာရပ်ဆိုင်ရာစကားလုံးတလုံးဖြစ်ပါတယ်။ အစိုးရတရပ်နဲ့အညီ ပြုမူကျင့်ကြံရမယ့်ဝတ္တရား စောင့်ထိန်းရမယ့်ဝတ္တရားကို ဆိုလိုတာမျိုးဖြစ်ပါတယ်။ အစိုးရတရပ်လို့ဆိုလိုက်တာနဲ့ တရားဝင်မှုမဝင်မှုဆိုတာထက် နယ်မြေတခုကိုစိုးမိုးထားပြီး အာဏာကိုရယူထားတဲ့အနေအထားကို ဆိုလိုတာဖြစ်ပါတယ်။ 

extrajudicial killing လို့ အင်္ဂလိပ်ဘာသာနဲ့သုံးနှုန်းတဲ့ “ဥပဒေမဲ့သတ်ဖြတ်မှု” တွေ (တချို့ကတော့ တရားလက်လွတ်သတ်ဖြတ်ခြင်းလို့ သုံးနှုန်းကြပါတယ်)၊ တရားဥပဒေစိုးမိုးရေးမှာ ဘာဖွဲ့စည်းမှု စည်းမျဥ်းစည်းကမ်းမှ လိုက်နာစရာမလိုတဲ့ လူမိုက်လက်မရွံ့တွေကို ခိုင်းစေတာမျိုးတွေ၊ ရပ်ရွာအေးချမ်းတည်ငြိမ်မှုကို ပျက်ပြားအောင် တမင်တကာ ငွေကြေး (သို့မဟုတ်) လုပ်ပိုင်ခွင့်ပေးပြီး လုယက်မှု သတ်ဖြတ်မှု ရိုက်နှက်မှုတွေကို ကျူးလွန်အောင် စေခိုင်းတာ ခွင့်ပြုတာတွေကို အစိုးရလို့ သူတို့ကိုယ်သူတို့ ခေါ်သူတွေပဲဖြစ်ပါစေ၊ ကျူးလွန်ခြင်းမပြုဖို့ နိုင်ငံတကာ ဥပဒေတွေမှာ ပါရှိကြတာ ဖြစ်ပါတယ်။ 

ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ကြည့်မြင်တိုင်မှာ ဆန္ဒပြကြတဲ့သူတွေကို စစ်တပ်က ကားနဲ့တိုက်ဖမ်းတဲ့ အဖြစ်အပျက်ဖြစ်ပျက်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကို ဒီလိုကားနဲ့တိုက်ဖမ်းတာဟာ ပထမဆုံးတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လပိုင်းတွေက မုံရွာမြို့မှာ ဆိုင်ကယ်နဲ့ဆန္ဒပြသူ ကိုဝေမိုးနိုင်ကို ရဲနဲ့တပ်က ကားနဲ့တိုက်ဖမ်းတာမျိုးလုပ်ခဲ့တာ မှတ်မိကြမယ်လို့ထင်ပါတယ်။ 

အဲဒီအဖြစ်အပျက်မှာတုန်းက ဆိုင်ကယ်ကို တိုက်လှဲလိုက်ပေမယ့် လူတွေကို ကားနဲ့တက်ကြိတ်တာမျိုး မဖြစ်ခဲ့ပေမယ့် ဒီနေ့ ရန်ကုန်မြို့က အဖြစ်အပျက်မှာတော့ လမ်းလျှောက်ဆန္ဒပြသူ ဆယ်ဂဏန်းနဲ့ကိုဝင်တိုက်ပြီး ကားနဲ့ တက်ကြိတ်ခဲ့တဲ့အထိ ဖြစ်ပျက်ခဲ့တာကြောင့် ဒီအဖြစ်အပျက်ကို ကြားသိရတဲ့အခါ နှလုံးသားနဲ့ရော ဦး နှောက်နဲ့ပါ ခံစားကြည့်လို့မရ စဥ်းစားကြည့်လို့မရတဲ့အနေအထားကို ကျူးလွန်ခဲ့တာက state actor နေရာယူထားတဲ့ စစ်ကောင်စီဖြစ်နေပါတယ်။ 

အခုခေတ်ကာလမှာ အဖြစ်အပျက်တွေကို နဘေးမှာရှိနေကြတဲ့ ဘယ်သူမဆို ဓါတ်ပုံနဲ့  ဗီဒီယိုနဲ့ မှတ်တမ်းတင်ဖို့လွယ်ကူနေချိန်မှာ အခုအဖြစ်အပျက်ကိုလည်း မှတ်တမ်းတင်ထားနိုင်ပြီး ကားနဲ့ဝင်တိုက်တဲ့ ဗီဒီယိုက နာရီပိုင်းအတွင်း ဖေ့စ်ဘွတ်ပေါ် ရောက်လာတာ ဖြစ်ပါတယ်။ 

ဒီဗီဒီယိုကိုကြည့်ပြီး မကျေနပ်တာ၊ ဒေါသထွက်တာ၊ ဆန္ဒပြသူလူငယ်တွေအတွက် ရင်နဲ့အမျှ ခံစားကြရတဲ့ ခံစားမှုမျိုးဖြစ်ပေါ်စေပြီး စစ်အစိုးရဆိုတဲ့သူတွေ အခုလောက်ရက်စက်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်ရလားလို့ မယုံနိုင်တဲ့ စိတ်ခံစားမှုတွေ ဖြစ်စေတာပါ။ 

လူထုထဲက တချို့ကလည်း အခုအချိန်မှာ ဆန္ဒပြမှုတွေက အခြေအနေနဲ့လျော်ညီတဲ့ တိုက်ပွဲပုံစံမဟုတ်တော့ဘူးလို့ယူဆမှုတွေလည်း ရှိကြတာကိုလည်း ကြားသိရပါတယ်။ လက်နက်အင်အားသုံး၊ ဥပဒေဆိုတာတွေကို ပစ်ပယ်ထားပြီး အတိုက်အခံပြုတဲ့သူမှန်သမျှ ဥပဒေမဲ့ နှိမ်နှင်း နှိပ်ကွပ်နေတဲ့ စစ်ကောင်စီကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြတာတွေ လုပ်လို့မထိရောက်တော့ဘူးလို့ ထင်မြင်ကြတာလည်း ဖြစ်ပါတယ်။ 

ခုလို လက်နက်ကိုင် တပ်ဖွဲ့တွေက လက်နက်အားကိုး အကုန်လုံး ပိတ်ပင်ဖြိုခွင်းနေချိန်မှာ ငြိမ်းချမ်းစွာဆန္ဒပြတာမျိုးက အန္တရာယ်များပြီး ဒီနည်းလမ်းကို မသုံးသင့်တော့ဘူးလို့ ယူဆကြတာဖြစ်ပါတယ်။ 
အခုအဖြစ်အပျက်က အဆိုပါ အယူအဆ ရှုထောင့်ကို အားဖြည့်ပေးသလိုဖြစ်စေပြီး ပြန်လည်သုံးသပ်မှုတွေ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ 

နိုင်ငံအနှံ့မှာ ပီဒီအက်ဖ်တွေ ဒေသအလိုက် ပြည်နယ်အလိုက်ပေါ်ထွက်လာပြီး စစ်ကောင်စီတပ်တွေကို လက် နက်ချင်းယှဥ်ပြီး တိုက်ခိုက်နေကြချိန်မှာ မြို့ပေါ်က အင်အားစုအနေနဲ့ အာဏာသိမ်းစစ်တပ်ကို ဖိအားပေးဖို့ ဆန့်ကျင်ကြောင်းပြသနေဖို့ လိုအပ်တဲ့ရှုထောင့်လည်းရှိတာကြောင့် ဆန္ဒပြမှုတွေက ရန်ကုန်၊ မန္တလေး၊ မုံရွာ အစရှိတဲ့ မြို့တွေမှာ ဆက်လက်ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။ 

သို့ပေမယ့် ရက်စက်တဲ့ စစ်ကောင်စီတွေရဲ့ လုပ်ပုံကိုင်ပုံ၊ ဘာဥပဒေ၊ လုပ်ထုံးလုပ်နည်းကိုမှ လိုက်နာခြင်းမရှိဘဲ အတိုက်အခံလုပ်သူတွေကို ဖြိုခွဲဖို့နဲ့ သတ်ဖို့သာ ရွေးချယ်လုပ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ ယှဥ်ရာမှာ မိမိတို့ဘက်ကလည်း အကျအဆုံးနည်းဖို့ကို သုံးသပ်သင့်တယ်လို့ထင်ပါတယ်။ 

ဒီနေ့ အဖြစ်အပျက်တွေထဲ အများစုစိတ်ဝင်စားကြတဲ့ အကြောင်းအရာ ၂ ခုဖြစ်ရှိပါတယ်။  ကြည့်မြင့်တိုင် ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြသူတွေကို ကားနဲ့တိုက်တဲ့အဖြစ်အပျက်နဲ့ နောက်တခုက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က NLD နာယက သူရဦးတင်ဦးကို နေအိမ်မှာသွားရောက်တွေ့ဆုံတဲ့သတင်းဖြစ်ပါတယ်။ 

ဒီဇင်ဘာလဆန်းက စာဆိုတော်နေ့လို အခါသမယဖြစ်ပြီး စာပေနယ်က သက်ကြီးပူဇော်ပွဲလိုမျိုး ကျင်းပလေ့ရှိတဲ့ အချိန်အခါမှာ စာပေနဲ့လည်း သက်ဆိုင်ခြင်းမရှိတဲ့သူ နိုင်ငံရေးနယ်ပယ်ကသူတွေထဲက တပ်ကအငြိမ်းစား ဗိုလ်ချုပ်ကြီး ၂ ဦးနဲ့ ဂီတနယ်ပယ်က အသက်အရွယ်ကြီးဆုံးလို့ဆိုရမယ့် ဘိုကလေးတင့်အောင်ကို စစ်ကောင်စီခေါင်းဆောင်က လူမှုရေးအရ သွားရောက်တွေ့ဆုံတာက မေးခွန်းတွေ ထွက်ပေါ်စေပါတယ်။ သူရဦးတင်ဦးဟာ ကျန်းမာရေးမကောင်းတော့ပဲ ပါတီကိစ္စရပ်တွေမှာ ဝင်ရောက်ဆောင်ရွက် ခြင်းမပြုနိုင်တော့တာ နှစ်နဲ့ချီရှိနေပြီးဖြစ်သလို စကားကောင်းကောင်း မပြောနိုင်တဲ့ကျန်းမာရေး အခြေအနေမှာ ရှိပါတယ်။ နောက်တယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကိုသွားတွေ့ဆုံတာလည်း ထူးဆန်းပါတယ်။ တပ်နဲ့ ပြဿနာဖြစ်ထားသူတယောက်ကို သွားတွေ့ပြီး စစ်ကောင်စီခေါင်းဆောင်ကို တပ်ချုပ်ရာထူးပေးခဲ့တဲ့ ဦးသန်းရွှေနဲ့ အဲအချိန်က ဒုတိယစစ်ခေါင်းဆောင် ဦးမောင်အေးတို့ကို သွားတွေ့တာမျိုးမရှိတာက ထူးဆန်းနေတာလည်း ဖြစ်ပါတယ်။ 

ဒီလိုတွေ့ဆုံမှု သတင်းထုတ်ပြန်တာတွေက စစ်ကောင်စီဥက္ကဌဖြစ်သူ မင်းအောင်လှိုင်ရဲ့ မပြတ်မသားတဲ့ စိတ်နေစိတ်ထား၊ အားလုံးနဲ့ အဆင်ပြေပါတယ်ဆိုတာမျိုးကို ပြသချင်တဲ့ စိတ်ကူးစိတ်သန်းလို့ အကဲခတ်ကောက် ချက်ချမိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar