အောင်ဒင် - ကြွက်ဖြစ်သွားသော ဖက်ဆစ်များ
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၂၁
တပ်စခန်း ခြံစည်းရိုးကို ကျော်လိုက်တာနဲ့
ငါတို့ဟာ ရန်သူ့နယ်မြေမှာ
ပြည်သူတွေရဲ့ မျက်လုံးတွေက
အမုန်းတရားတွေနဲ့၊ ငါတို့ကို စိုက်ကြည့်နေကြ
ငါတို့ချီတက်ရမယ့် လမ်းတွေပေါ်မှာ
မိုင်းပဒေသာ၊ မိုင်းတစ်ရာ၊ မိုင်းကုဋေကုဋာ၊
ငါတို့ကို ဖောက်ခွဲဖို့အတွက် ဝေဝေဆာဆာ
စစ်ကြောင်းဘေး ဖြတ်မောင်းသွားတဲ့ မော်တော်ဆိုင်ကယ်ပေါ်က
ငါတို့ကို ဗုံးနဲ့ ပစ်သွားမလား၊
ရပ်ကွက်လမ်းကြားတွေထဲကနေ
စနိုက်ပါနဲ့ ချောင်းပစ်ကြမှာလား၊
ဟိုမှာ၊ ကုန်းကျော်တံတားပေါ်က ဗီနိုင်းစ
"ဘယ်လိုနည်းနဲ့မှ အုပ်ချုပ်၍ မရစေရ"…တဲ့…။
ငါတို့ ဗိုလ်ချုပ်မှူးကြီးက
မြဝတီရုပ်မြင်သံကြားကနေ
ငြိမ်းချမ်းရေးတရားတွေဟောတယ်
တိုင်းပြည်ကောင်းစားရေး မိန့်ခွန်းတွေပြောတယ်
လျှပ်စစ်ရထားတွေ၊ ခေတ်မီမြို့တော်ကြီးတွေ တည်ဆောက်တယ်
ဆရာတော်ကြီးတွေကို ဆက်ကပ်လှူဒါန်းတယ်
ငါတို့ တပ်မှူးရဲ့ အမိန့်ကတော့
ဗိုလ်ချုပ်မှူးကြီးကို ဆန့်ကျင်တဲ့လူ
တွေ့သမျှ အကုန်သတ်
မသင်္ကာရင် အကုန်ဖမ်း
ဖမ်းထားတဲ့လူ ငွေနဲ့ရွေးရင် ပြန်လွှတ်
ငွေမပေးနိုင်ရင် အလောင်းသာပြန်ပေး
ခိုးနိုင်သမျှခိုး၊ လုနိုင်သမျှလု ၊ ရက်စက်နိုင်သမျှ ရက်စက်
ပြီးရင် အိမ်တွေမီးရှို့ပြီး သက်သေမကျန်အောင် ဖျောက်ဖျက်
အကြမ်းဖက်မှုမှန်သမျှ၊ PDF ကို အပြစ်ပုံချ…တဲ့…။
ဒီလိုနဲ့ပဲ နေ့ရက်တွေ ကုန်ဆုံးကြရမှာလား
မိန်းမကိုတော့ မှာခဲ့တယ်
နှစ်ကြိမ်၊ သုံးကြိမ်လောက် ဖုန်းခေါ်လို့မရရင်
ထပ်မခေါ်နဲ့တော့
လွတ်ရာကျွတ်ရာကို ပြေးတော့
မဟုတ်ရင် တပ်ထဲက အခွင့်ကောင်းစောင့်နေတဲ့ တပ်ကြပ်တွေနဲ့
ကံဆိုးမိုးမှောင်ကျလိမ့်မယ်
သေဆုံးသွားတဲ့ စစ်ဗိုလ်တွေရဲ့ မိန်းမတွေက
စစ်ဗိုလ်ထပ်ရနိုင်တယ်
နင်ကတော့ ငါ့ထက်ဆိုးတဲ့ ရဲဘော်ပဲ ရလိမ့်မယ်…။
PDF တွေကလည်း မကုန်နိုင်ကြတော့ဘူးလား
ငါ့တပ်မှာတော့ အင်အားနည်းသထက် နည်းလာပြီ
ရှေ့တန်းလည်း ဘယ်သူမှ မထွက်ချင်ကြတော့ဘူး
ခိုးလို့၊ လုလို့ ရသမျှကလည်း
အရာရှိတွေကို ခွဲဝေပေးရတာနဲ့တောင် မလုံလောက်
အပြင်ထွက်ရင် သေဖို့က ရာခိုင်နှုံးများတဲ့ ဒီခေတ်ကြီးထဲမှာ
ကိုယ့်တပ်ဝင်းထဲမှာပဲ လုံလုံခြုံခြုံနေချင်ပါရဲ့
ကိုယ့်တပ်ဝင်းထဲမှာတောင်မှ
ဖြစ်နိုင်ရင် မြေကြီးထဲ တွင်းတူးပြီး ပုန်းအောင်းနေချင်ပါရဲ့
သေနတ်ကြီးကိုင်ထားရက်နဲ့ မပျော်နိုင်တော့တဲ့ နေ့များ…။
(ဒီဇင်ဘာ ၂၁၊ ၂၀၂၁)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar