Breaking News

ဇင်ယော်နီ - လမ်းတလျှောက်မှာ ပန်းကောက်ခြင်းဒိုင်ယာရီ -၃ (အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ နော်ဝေ၊ နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီများခရီးအတွေ့အကြုံ)


လမ်းတလျှောက်မှာ ပန်းကောက်ခြင်းဒိုင်ယာရီ - ၃
ဇင်ယော်နီ
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၂၁

(၂၁)

နယ်သာလန်မှာ သတိပြုမိခဲ့တာက သူတို့တိုင်းပြည်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်နေလို့ ရေကြီးရေ လွှမ်းခြင်းဒဏ်ကို ဘိုးစဉ်ဘောင်ဆက် အလူးအလဲ ခံခဲ့ကြရပါသတဲ့။

အစပိုင်းမှာတော့ ကိုးကွယ်ယုံကြည်မှုတွေကို အားကိုးခဲ့ကြတယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ကြဘူး။ အဲဒီမှာတင် ကိုးကွယ်ယုံကြည်မှုတွေက တပိုင်းတကဏ္ဍ၊ လူက ကြိုးစားအားထုတ်ရမှာက တပိုင်းတကဏ္ဍပါလားဆိုတာ သူတို့ သဘောပေါက်လာကြပြီး ပင်လယ်ရေလွှမ်းတဲ့ဘေးက လွတ်မြောက်ဖို့အတွက် ဉာဏ်ပညာတွေကို ညှစ် ထုတ်ကြတော့တာပါပဲ။ 
အဲဒီမှာတင် တမံတွေကို ဟိုမှာဒီမှာ တုတ်၊ ရေမြောင်းတွေ ဟိုက ဒီကဖောက်၊ ဟိုကရေကို ဒီဘက်သွယ်၊ ဒီကရေကို ဟိုဘက်သွယ်၊ ဒီကပိတ် ဟိုကဖွင့်၊ ဟိုကပိတ် ဒီကဖွင့်တွေလုပ်ကြရင်းနဲ့ သူတို့ဟာ ပင်လယ်ကို အနိုင်ရရှိသွားကြပါတော့တယ်။
အရင်တုန်းက သူတို့ဘဝက ပင်လယ်ပြုသမျှ နုခဲ့ရတာ....၊ အခုကျတော့ သူတို့က ပင်လယ်ရေကို လိုသလိုထိန်းချုပ်ပစ်လိုက်ကြတာ ...။ အလွန် အားကျအတုယူဖို့ကောင်းလှတဲ့ ဖြစ်ရပ်တခုပါပဲ။ 
နယ်သာလန်ရဲ့ မြို့တော် "အမ်စတာဒမ်" ဆိုတာကိုက "မြစ်ပေါ်က ဆည်" လို့ အဓိပ္ပာယ်ရပါသတဲ့။

အခုဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးဟာ  နယ်သာလန်ဆီကနေ ဆည်မြောင်းတာတမံနဲ့ပတ်သက်တဲ့ နည်းပညာတွေကို သင်ယူနေကြရပါပြီတဲ့။
နယ်သာလန်က ကလေးငယ်လေးတွေဟာတောင် ကစားကြတဲ့အခါ သဲပုံပေါ်မှာကစားစရာ မြေထိုးစက်တွေ၊ မြေသယ်ယာဉ်တွေနဲ့ ဆည်လုပ်တမ်း ကစားနေကြတာကို မြင်ခဲ့ရပါတယ်။

(၂၂)

နယ်သာလန်ရဲ့ နောက်ထပ်ထူးခြားချက်ကတော့ နေရာအနှံ့ လေရဟတ်ကြီးတွေ တွေ့နေရတာပါပဲ။
မျက်စိတဆုံး လေရဟတ်ကြီးတွေကို မြင်နေရတာ ကြည့်လို့လှသလို သူတို့နိုင်ငံအတွက် လျှပ်စစ်စွမ်းအင်ကို ဖောဖောသီသီကြီး ရနေစေပါတယ်။
လေရဟတ်တိုင်ကြီးတွေမှာ လျှပ်စစ်ထုတ်ဖို့ ဒိုင်နမိုတွေတပ်ဆင်ထားပြီး တိုင်တွေကလည်း ကွန်ယက်ကြီးတခုအဖြစ် ချိတ်ဆက်ထားပါသတဲ့။ လျှပ်စစ်စွမ်းအင် ပိုတဲ့နေရာတွေကနေ လိုတဲ့နေရာကို ဖြည့်ပေးနိုင်ပါသတဲ့။
မြို့တော် အမ်စတာဒမ်နဲ့ မဝေးလှတဲ့ ရှေးဟောင်းရွာကလေးတရွာကို ရောက်ဖြစ်ခဲ့ပါတယ်။ 

ဟိုး .... ရှေးယခင်က အနေအထား ပုံစံတွေအတိုင်း တရွာလုံးကို ပြတိုက်ကြီးတစ်ခုသဖွယ် ထိန်းသိမ်းထားတာပါ။
ရှေးက ကျေးလက်အိမ်ကလေးတွေရယ်၊ အိမ်အမိုးပေါ်တွေမှာ ရှေးက သစ်သားလေရဟတ်ကြီးတွေရယ်ကို လွမ်းမောဖွယ် တွေ့မြင်ခံစားနေရပါတယ်။
အိမ်အမိုးပေါ်က တကျွိကျွိမြည်သံနဲ့ လည်ပတ်နေတဲ့ လေရဟတ်ကြီးရဲ့ အောက်ခြေမှာတော့ ကျောက်သားခုံအကြီးကြီးပေါ်မှာ ဒလိမ့်တုံးတွေက ပတ်လည်ပြေးနေပါတယ်။
ဂျုံတွေ၊ ကောက်ပဲသီးနှံတွေကို လေရဟတ်ရဲ့လည်ပတ်မှုနဲ့ ကြိတ်ခွဲကြပါတယ်။
အဲဒီလည်ပတ်မှုနဲ့ပဲ ရေတင်တာ၊ ပြီးတော့ သစ်သားတွေကို ပွတ်ထိုးသလို လက်သမားအလုပ်တွေကိုလည်း သက်သောင့်သက်သာ မြနါမြန်ဆန်ဆန် ပြုလုပ်နိုင်ကြပါတယ်။

အဲဒီရွာကလေးက သစ်သားရှူးဖိနပ်ကလည်း အလွန် နာမည်ကျော်ပါတယ်။ လေရဟတ်စွမ်းအင်ကိုသုံးပြီးတော့ပဲ သစ်သားရှူးဖိနပ်တွေ အမြောက်အများထုတ်လုပ်ခဲ့တာပါ။ သစ်သားတုံးကို ပွတ်ထိုးပြီး ရှူးဖိနပ်လုပ်ပြတာကိုလည်း လက်တွေ့မြင်ခဲ့ရပါတယ်။

တစ်လက်မလောက် သစ်သားအတိုအစလေးတွေကိုလည်း လွှင့်မပစ်ဘဲ နှင်းဆီပန်းပုံ ခပ်ကြမ်းကြမ်းလေးထွင်းထုပြီး အနီရောင်၊ ပန်းရောင်၊ အဝါရောင်ကလေးတွေခြယ်၊  ပြီးတော့ ခဲတံဖင်မှာတပ်လိုက်တဲ့အခါ ကလေးတွေမပြောနဲ့ ကိုယ်တောင် အဲဒီခဲတံကလေးတွေကို လိုချင်မက်မောသွားမိပါတယ်။

လေရဟတ်တွေကို ပိုင်နိုင်စွာ အသုံးချနိုင်တဲ့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရေးမှာ အများကြီး ခရီးပေါက်နိုင်ခဲ့ပါတယ်။
နယ်သာလန်ဟာ နို့ထွက်ပစ္စည်းနဲ့ပတ်သက်လာရင်လည်း ကမ္ဘာကျော်ပါတယ်။ ရှေးဟောင်းကျေးလက်အိမ်လေးတွေထဲမှာပဲ ခေတ်မီနည်းစနစ်တွေနဲ့ ပေါင်းစပ်လို့ ဒိန်ခဲတွေကို အရသာအမျိုးမျိုး၊ အရောင်အသွေး အဖုံဖုံနဲ့ ထုတ်လုပ်ပြရင်း နိုင်ငံခြားငွေဝင်လမ်းဖောက်ထားတာကိုလည်း သတိပြုမိပါရဲ့ ...။

(၂၃)

နယ်သာလန်မြို့တော် အမ်စတာဒမ် ဘူတာကြီးနဲ့ မလှမ်းမကမ်းမှာ ထောင်ဂဏန်းလောက်အရေအတွက် ရှိနိုင်တဲ့ စက်ဘီးတွေ စုပြီးရပ်ထားတာကို တွေ့ခဲ့ရပါတယ်။

တတ်နိုင်သမျှ ကားတွေ ရထားတွေကို မသုံးဘဲ စက်ဘီးစီးကြခြင်းအားဖြင့် လောင်စာဆီလည်း ချွေတာပြီးသားဖြစ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလည်း လျှော့ချပြီးသားလည်းဖြစ်၊ ယာဉ်ကြောပိတ်ဆို့ခြင်းပြဿနာကိုလည်း ဖြေရှင်းပြီးသားဖြစ်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာလည်းကျ၊ ကျန်းမာရေးလိုက် စားပြီးသားလည်းဖြစ်... ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ဘူတာအနီးမှာ ဧရာမ စက်ဘီးစတန်းကြီး ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

အဲဒါမျိုး တရုတ်ပြည်မှာလည်း နေရာအတော်များများမှာ တွေ့ဖူးခဲ့ပါတယ်။
စီမံကိန်းချပြီးတော့ကို ဆောင်ရွက်နေကြတဲ့ သဘောပါ။
ကျောင်းတက်ဖို့ အိမ်ကထွက်လာတဲ့ ကျောင်းသားတယောက်၊ ရုံးသွားဖို့ အိမ်ကထွက်လာသူတယောက်ဟာ သူ့လမ်းထိပ်မှာ အစိုးရက စီစဉ်ပေးထားတဲ့ စက်ဘီးစတန်းကို တွေ့ရမယ်။
စက်ဘီးမှာ ကွန်ပျူတာစနစ်နဲ့ ကုဒ်လေးတွေရှိတယ်။ ကိုယ်ဖုန်းနဲ့ အဲဒီကုဒ်ကလေးကို စကင်ဖတ်လိုက်ရင် တီခနဲအသံနဲ့အတူ စက်ဘီးသော့ ပွင့်သွားမယ်။ အဲဒီအတွက်က တစ်လကို တစ်ထောင်ကျပ်၊ ‌ထောင့်ငါးရာကျပ် စသည်ဖြင့် ကိုယ့်ဖုန်းထဲကနေ ငွေတော့ သွင်းထားရတာပေါ့။ 

တစ်မိုင်၊ နှစ်မိုင်၊ သုံးမိုင် .... စသည်ဖြင့် စက်ဘီးနင်းသွားမယ်။ ကိုယ့်ရုံးနား ကျောင်းနားမှာတွေ့တဲ့ စက်ဘီးစတန်းမှာ စက်ဘီးကိုရပ်ထားပစ်ခဲ့ပြီး ‌ခြေလှမ်း သုံးလေးငါးရာတော့ လမ်းလျှောက်ပေါ့ ...။ 
အထူးသဖြင့် ယာဉ်ကြောပိတ်ဆို့လေ့ရှိတဲ့ မြို့ကြီးတွေ၊ လေထုညစ်ညမ်းမှု ပြဿနာရှိနေတဲ့ မြို့ကြီးတွေမှာဆိုရင် အဲဒီအစီအစဉ်ဟာ တစ်ချက်ခုတ်၊ လေးငါးခြောက်ချက်ပြတ်တဲ့ အစီအစဉ်အဖြစ် သဘောကျမိခဲ့ရကြောင်းပါ။

(၂၄)

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တော်ရှိ ဗင်ဂိုးပြတိုက်မှ

နယ်သာလန်ရဲ့ မြို့တော် အမ်စတာဒမ်မှာ ကမ္ဘာကျော် ပန်းချီဆရာကြီးဗင်ဂိုးရဲ့ အထိမ်းအမှတ် ပြတိုက်ကြီး ရှိပါတယ်။
သူ့ရဲ့နာမည်ကျော် နေကြာပန်းများ၊ အာလူးစားသူများ၊ ကြယ်တွေစုံတဲ့ည ... စတဲ့ ပန်းချီကားတွေချိတ်ဆွဲပြသထားပါတယ်။
ငါးထပ်လောက်ရှိတဲ့ အဆောက်အဦကြီးပါ။

အဝင်ဝအထိလောက်ပဲ ဓာတ်ပုံရိုက်ခွင့်ရပါတယ်။ အထဲမှာတော့ ဗင်ဂိုးရဲ့ပန်းချီကားပေါင်းများစွာကို စနစ်တကျထိန်းသိမ်းပြီး ပြသထားပါတယ်။ ပန်းချီကားတွေကိုလိုက်ကြည့်ရင်း လူဟာ သူတို့ခေတ်အခါဆီကို ပြန်ရောက်သွားသလို စီးမျောသွားရတဲ့ နေရာတစ်ခုပါပဲ။

 တစ်နေရာမှာတော့ ဗင်ဂိုးအမှတ်တရပစ္စည်းတွေကို ရောင်းချပေးနေပါတယ်။ အများစုကတော့ ပန်းချီနဲ့ပတ် သက်တဲ့ အမှတ်တရပစ္စည်းတွေပါ။ အဲဒီပစ္စည်းတွေမှာ ဗင်ဂိုးပြတိုက်တံဆိပ်တွေ ရိုက်နှိပ်ထားပါတယ်။ 

ခဲတန်အတုတ်ကြီးတစ်ချောင်းထဲမှာ ခဲဆံက ဝါနီပြာနက်ခရမ်း စသဖြင့် ရောင်စုံရောထားပြီး လက်လှည့်တဲ့အနေအထားအပေါ်မူတည်လို့ အရောင်လေးတွေ ပြောင်းသွားတဲ့ ခဲတန်ကိုသဘောကျမိပါတယ်။ ဆယ်ချောင်းဝယ်လာခဲ့ပြီး မြန်မာပြည်က နီးစပ်ရာ ပန်းချီဆရာ၊ ကာတွန်းဆရာအချို့ကို လက်ဆောင်ပေးဖြစ်ပါတယ်။ 
ငွေကြေးတန်ဖိုးက မပြောပလောက်ပေမဲ့ ဗန်ဂိုးပြတိုက်အမှတ်တံဆိပ်ကလေးတွေ ပါနေတာကတော့ ပီတိဖြစ်ဖွယ် တန်ဖိုးတစ်ခုပါပဲ။

ပန်းချီကားတွေ၊ ရှေးဟောင်းပစ္စည်းတွေကို ခေတ်မီနည်းပညာတွေနဲ့ ထိန်းသိမ်းခြင်း အတတ်ပညာ၊ ပြတိုက် ပြခန်းပြုလုပ်ခြင်းပညာတွေဟာ နမူနာ ယူကိုယူသင့်ပါလားလို့လည်း တွေးမိပါတယ်။ 
ပြတိုက် ပြခန်းတွေ ပြုလုပ်ခြင်းဟာ ကိုယ့်အမျိုးသားထဲက ထူးချွန်သူတွေကို ဂုဏ်ပြုရာလည်းရောက်၊ နောင်မျိုးဆက်သစ်တွေ ထူးချွန်လာအောင် သွေးနှိုးပေးရာလည်းရောက်၊ ပြီးတော့ နိုင်ငံခြားငွေ ဝင်ရာဝင်လမ်းလည်းဖြစ်စေတဲ့ ကိစ္စပါ။

မြန်မာနိုင်ငံမှာဆို နိုင်ငံတော်အဆင့်ပဲဖြစ်ဖြစ်၊ ဒေသဆိုင်ရာတွေ အနေနဲ့ပဲဖြစ်ဖြစ်  ပြတိုက်ပြခန်းပြုလုပ်သင့်တဲ့ အကြောင်းအရာတွေ အများကြီးမှ အများကြီး ရှိနေပါတယ်။

(၂၅)

မြစ်ပေါ်ကဆည်လို့ အဓိပ္ပာယ်ရတဲ့ နယ်သာလန်ရဲ့မြို့တော် အမ်စတာဒမ်မှာ တူးမြောင်းတွေက မြို့လုံးအနှံ့ ကွန်ယက်ဖြန့်ကျက်ထားပါတယ်။ 
စက်လှေခပ်ကြီးကြီးနဲ့ မြို့ရှုခင်းကို လှည့်ပတ်ကြည့်ရှုနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ မြို့လယ် စက်လှေဆိပ်ကနေ နာရီဝက်ကို တစ်စီးနှုန်းလောက် အခကြေးငွေပေးပြီးစီးရတဲ့ စက်လှေတွေ တစီးပြီးတစီး ထွက်ခွါပေးနေပါတယ်။

အချို့နေရာတွေမှာ ကမ်းနားတလျှောက် တိုက်တာ အဆောက်အဦတွေဟာ လွန်လေပြီးသော ရာစုနှစ်တစုစာမျှမကတဲ့ ခေတ်ကာလကအတိုင်း ရှေးမူဟန်အငွေ့အသက်မ‌ပျောက်အောင် ထိန်းသိမ်းထားတာကို တွေ့ရပါတယ်။ တမင်ကို ရှေးမူမပျက်ရလေအောင် ဥပဒေနဲ့ထိန်းသိမ်းထားတာပါ။ စက်လှေနဲ့ မြို့တပတ်ခရီးမှာ ခေတ် ဟောင်းနဲ့ ခေတ်သစ်ရဲ့ ရှုခင်းတွေကို တမျိုးစီ ခံစားကြရပါတယ်။

ဒါ့အပြင် မြို့အစွန် ဆင်ခြေဖုံးကျကျ ရွာတရွာမှာတော့ ရွာထဲကိုဖြတ်ဖောက်ထားတဲ့ တူးမြောင်းတွေအတိုင်း လျှောက်မောင်းလေ့လာနိုင်ဖို့ မိသားစုစီးအရွယ် စက်လှေကလေးတွေငှားပေးပါတယ်။
လိုအပ်ရင် စက်လှေဂိတ်က လိုက်မောင်းပေးသလို ကိုယ့်ဟာကိုယ်မောင်းသွားလို့လည်း ရပါရဲ့။

ဘာပဲဖြစ်ဖြစ် အဲဒါတွေဟာ ဧရိယာအတော်များများမှာ သူတို့ရဲ့ အမိမြေထက်ပေနှစ်ဆယ်လောက် မြင့်နေတဲ့ပင်လယ်ကို သူတို့ဘယ်လို နဖားကြိုးထိုးပြီး အောင်နိုင်ကြောင်း ဝံကြွားပြသနေခြင်းနဲ့အတူ ကမ္ဘာလှည့်ခရီးသွားတွေဆီက ပိုက်ဆံကို သဲ့ယူနေတဲ့ လုပ်ငန်းတွေပါပဲ။

အမ်စတာဒမ်မှာ ကမ္ဘာလှည့်ခရီးသွားတွေကိုဖမ်းစားထားတဲ့ နောက်တချက်ကတော့ သတ်မှတ်ဧရိယာအတွင်းမှာ၊ သတ်မှတ်ထားတဲ့ ကော်ဖီဆိုင်တွေမှာ ဆေးခြောက် သုံးစွဲခွင့် ပြုထားခြင်း ဖြစ်ပါတယ်။ အချို့ဆိုရင် အဲသလို ဆေးခြောက် တရားဝင်သုံးစွဲဖို့အတွက်သက်သက် အမ်စတာဒမ်ကို လာရောက်ကြပါတယ်။

နောက်တစ်ချက်ကတော့ မီးနီရပ်ကွက်လို့ခေါ်တဲ့ ရပ်ကွက်တစ်ခုမှာ မီးနီမှိန်ပျပျထွန်းထားတဲ့ မှန်လုံခန်းလေးတွေကို လမ်းဘေးဝဲယာတလျှောက်မှာ ဆက်တိုက်တွေ့နေရမှာပါ။ မှန်လုံမီးအိမ်နီထဲမှာတော့ ကြေးစားမိန်းမပျိုလေးတွေက အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ကိုယ်ဟန်ပြနေကြပါတယ်။

ဆေးခြောက်သုံးစွဲနိုင်တဲ့ ကော်ဖီဆိုင်တွေနဲ့ မီးနီရပ်ကွက်ဆိုတာ အရှေ့တိုင်းသားတဦးနေရာက ကြည့်ရင် မျက်လုံးပြူးစရာဖြစ်နေပေမဲ့ သူ့အရပ်မှာတော့ အဲဒါဟာ သူ့ဇာတ်၊ သူ့ယဉ်ကျေးမှု ဖြစ်နေပါလေရဲ့ ...။

ဆက်ရန် 
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar