Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၁ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၁ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၂၁

◾️ နောက်လာမယ့်နှစ်မှာလိုအပ်မယ့် မြန်မာနိုင်ငံအတွက် စိမ်ခေါ်မှုနဲ့ လူသားချင်းစာနာမှုအကူအညီတွေ 
ကုလသမဂ္ဂက ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်ခ်က လာမယ့်နှစ်မှာ မြန်မာနိုင်ငံမှာ လူဦးရေ ၁၄ သန်းလောက်ဟာ လူသားချင်းစာနာမှုအကူအညီတွေလိုအပ်မယ်လို့ ခန့်မှန်းပြောဆိုထားပြီး အဲဒီအနက်က ၆.၂ သန်းလောက်အတွက်က အရေးပေါ်အကူအညီတွေ လိုအပ်မယ်လို့ဆိုပါတယ်။ ဒီအတွက်ကုန်ကျနိုင်တဲ့ အမေရိကန် ဒေါ်လာ သန်း ၈၀၀ ကျော်ရှိလိမ့်မယ်လို့လည်း ဆော်သြထားပါတယ်။ 

ဒီလောက်များပြားတဲ့ လူဦးရေကိန်းဂဏန်းက လူသားချင်းစာနာမှု အကူအညီလိုအပ်လာမယ့်အနေအထားက လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုအရှိန်ပြင်းထန်လာမယ့် အခြေအနေပေါ်မှီတည်နေတာ ဖြစ်ပါတယ်။ နိုင်ငံလူဦးရေ သန်း ၅၄ သန်းကျော်ရှိရာမှာ ၁၄ သန်းလောက်အတွက် လူသားချင်းစာနာမှု အကူအညီလိုအပ်တဲ့ အခြေအနေဟာ ဒုတိယကမ္ဘာ စစ်ပြီးခေတ်မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

စိုက်ပျိုးရေးတွေ၊​ ကုန်သွယ်မှုတွေ ကုန်ထုတ်လုပ်မှုတွေ ကြီးကြီးမားမား ထိခိုက်မယ့်သဘောအဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း မကွေးတိုင်း မန္တလေးတိုင်းတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုကျယ်ပြန့်လာနေပြီး ကယားပြည်နယ် ချင်းပြည်နယ်လိုမှာ တခုလုံးနီးပါး လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နိုင်ခြေရှိနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

နောင်နှစ်အတွက် မှန်းဆထားသလို ယခု၂၀၂၁ နှစ်မှာလည်း ယခင်ကိုဗစ်ရဲ့သက်ရောက်မှုနဲ့ စစ်အာဏာသိမ်းမှုအကျိုးဆက်တွေကြောင့်  လူသားချင်းစာနာမှု အကူအညီတွေ လူ ၂သိန်း ၄ သောင်းကျော်ကိုပေးအပ်ခဲ့တယ်လို့လည်း ကုလသမဂ္ဂရဲ့ပြောဆိုမှုမှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် ပဋိပက္ခဖြစ်တဲ့ဒေသတိုင်းကို ကူညီနိုင်ဖို့ အခက်အခဲတွေရှိနေဆဲဖြစ်ပြီး အချို့သော အရေးတကြီး ရိက္ခာဆေးဝါးနဲ့ အသုံးအ ဆောင်အကူအညီလိုအပ်နေတဲ့နေရာတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ထားမှုကြောင့် ကူညီခွင့်မရပါဘူး။ စစ်ကောင်စီတပ်ရဲ့ ဖြတ် ၄ ဖြတ်ဆိုတဲ့ နည်းဗျူဟာက လက်နက်ကိုင်ပဋိပက္ခအများစုမှာ အသုံးချနေပြီး ချင်းပြည်နယ် ကယားပြည်နယ်တို့မှာ လက်ရှိကျင့်သုံးနေသလို အရင် ၂၀၁၈/၁၉ တုန်းကလည်း ရခိုင်ပြည်နယ်မှာကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂကတောင်းခံထားတဲ့ အကူအညီပမာဏကို နိုင်ငံတကာက ထည့်ဝင်ကူညီကြမလား လိုအပ်တာရဲ့ ဘယ်လောက်ရာနှုန်းရမလဲဆိုတာတော့ မသိနိုင်သေးပါဘူး။ 

ဒီနေ့သတင်းတွေထဲ အခြား သံတမန်ဆိုင်ရာသတင်းတပုဒ်ကတော့ အိန္ဒိယနိုင်ငံခြားရေးဌာနက အတွင်းဝန် မြန်မာနိုင်ငံကို လာမယ့် သီတင်း ပတ်မှာ လာရောက်ဖို့ရှိတယ်ဆိုတဲ့သတင်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်မှာ အိန္ဒိယနိုင်ငံက အဆင့်မြင့်အရာရှိတဦး ပထမဆုံးလာရောက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ နယ်စပ်လုံခြုံရေး၊ လူသားချင်းစာနာမှု အကူအညီကိစ္စတွေ ဆွေးနွေးမယ်လို့ အိန္ဒိယနိုင်ငံဘက်ကထုတ်ပြန်ထားပြီး စစ်ကောင်စီနဲ့တင်မက နိုင်ငံရေးပါတီတွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမယ်လို့ ဖေါ်ပြထားတဲ့အကြောင်း သတင်းမှာ ပါရှိပါတယ်။ 

အိန္ဒိယနိုင်ငံဟာ မြန်မာ့နိုင်ငံရေးမှာ တရုတ်နိုင်ငံလို သြဇာသုံးတာ ပါဝင်စွက်ဖက်တာမျိုးတွေ မရှိသလို လက်ရှိဖြစ်ပွားနေတဲ့ စစ်တပ်နဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးအင်အားစုတွေအကြား ဘက်ရပ်တည်ချက်တခုခု ရွေးချယ်ရပ်တည်တာမျိုးလည်း မတွေ့ရပါဘူး။ အိမ်နီးချင်းနိုင်ငံဖြစ်ခြင်းကြောင့် နယ်စပ်ဒေသအချို့က လက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်တဲ့ပြဿနာ ပူးပေါင်းဆောင်ရွက်မှု စတာတွေအပေါ် အခြေခံထားတဲ့သဘောရှိပြီး ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်အနေနဲ့ကတော့ မြန်မာနိုင်ငံက ထွက်ပြေးတိမ်းရှောင်လာသူတွေကို လူသားချင်းစာနာမှု အကူအညီကို စိတ်အားထက်သန်စွာ ကူညီနေတာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ မကြာခင်မှာ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်နဲ့ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဌ ဖြစ်သူ ဟွန်ဆန် ရဲ့ တရားဝင်လာရောက်ဖို့ ဖိတ်ကြား သဘောတူထားတာလည်း ဖြစ်ပါတယ်။ 

တပြိုင်နက်ထဲမှာပဲ သက်တမ်းပြီးဆုံးသွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ခရစ်စတီနာဘာဂူနာရဲ့ နေပြည်တော်မှာဖွင့်လှစ်ထားတဲ့ ရုံးခန်းကို ပိတ်သိမ်းလိုက်ကြောင်း အကြောင်းကြားစာပေးပို့ခဲ့တယ်လို့လည်း စစ်ကောင်စီပိုင်သတင်းစာမှာ မနေ့က ဖေါ်ပြခဲ့ပါတယ်။ 

သံတမန်ရေးဆိုင်ရာ သတင်းတွေ လူသားချင်းစာနာထောက်ထားမှုအကူအညီသတင်းတွေ နဲ့အတူ သတင်းမီဒီယာတွေမှာ ဖေါ်ပြနေတဲ့အခြားသော သတင်းတွေကတော့ ရန်ကုန်လေဆိပ်အနီးလမ်းဆုံမှာ ဆိုင်ကယ်နဲ့ အထုပ်တထုပ်လာချသူကို စစ်ကောင်စီတပ်တွေက လှမ်းပစ်တာကြောင့် ပေါင်မှာဒဏ်ရာရသွားတယ်ဆိုတဲ့ သတင်း၊ ဖားကန့်မှာ ရေမဆေးကျောက်ရှာနေသူတွေထံမှ လက်နက်ပြပြီး ရှာဖွေလို့ရတဲ့ ကျောက်စိမ်းကို လာသိမ်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုကသူတွေကို ရေမဆေးကျောက်ရှာသူတွေက ဝိုင်းဝန်းဖမ်းဆီးပြီး ကချင်ရိုးရာဖြေရှင်းရေးရုံးကို ပို့လိုက်တယ်ဆိုတဲ့သတင်း၊ မြဝတီ လေးကေကော်ဒေသမှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ သတင်းတွေကို သတင်းစာမျက်နှာတွေမှာ တွေ့ရှိနေရတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar