Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၉ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၉ ရက်မြောက်နေ့ မြင်ကွင်း
ဒီဇင်ဘာ ၁၀၊ ၂၀၂၁

◾️ တိုက်ပွဲကို မှန်တဲ့လမ်းစဥ်၊ နိုင်မယ့်နည်းလမ်းနဲ့ ဖြစ်စေချင် 
စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ကြမယ် စစ်မှန်တဲ့ဖက်ဒရယ်စနစ်ကို တည်ဆောက်ကြမယ်ဆိုတဲ့ ရည်ရွယ် ချက်က အငြင်းပွားစရာမရှိတဲ့စကားလုံးနဲ့ စာသားဖြစ်ပါတယ်။ တကယ်တော့ “စစ်မှန်တဲ့” ဆိုတဲ့စကားလုံးကို ရှေ့က မတပ်ချင်ပါဘူး။ သို့ပေမယ့် အမျိုးမျိုးသောအခြေအနေတွေမှာ အဖွဲ့အစည်းအများအပြားက ဖက်ဒရယ်ကို ခေါင်းစဥ်တပ်ကြပါများလွန်းရာက ကွဲပြားခြားနားအောင် ဖက်ဒရယ်ကို ရှေ့ကအထူးပြုစကားလုံးတပ်ရတဲ့ အခြေအနေမျိုးရောက်ခဲ့ရတာလည်း ဖြစ်ပါတယ်။
 
သတင်းမှန်ပြန်ကြားရေးဆိုတဲ့စကားလုံးလိုပဲဖြစ်ပါတယ်။ သတင်းလို့ဆိုလိုက်ရင်ပဲ မှန်ကန်တဲ့အချက်အလက်ဖြစ်ရမယ်ဆိုတာ နားလည်ထားပြီးဖြစ်ပေမယ့် သတင်းမှားတွေ လှိုင်လှိုင်ထုတ်လုပ်လာကြတဲ့နောက် သတင်းမှားထုတ်တဲ့အဖွဲ့အစည်းတွေတွေလည်း သတင်းမှန်ပြန်ကြားရေးဆိုတဲ့ နာမဝိသေသနတွေ ထပ်မံဖြည့်စွက်ပြီး လူတွေကိုလှည့်ဖျားဖို့ လုပ်လာကြတာမျိုးတွေ့နေရတာ ဖြစ်ပါတယ်။ 

အခု ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ကြွေးကြောသံက စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်စနစ်ဆီသို့ ချီတက်ရေးတွေ အဓိကပါဝင်လာတာတွေ့ရပါတယ်။ စစ်တပ်ကို နိုင်ငံရေးမှဖယ်ရှားရေးဆိုတာကတော့ အငြင်းပွားစရာမရှိတဲ့ ကြွေးကြော်သံဖြစ်ပြီး စစ်မှန်တဲ့ဖက်ဒရယ်စနစ်ဆီ ဦးတည်ရေးမှာတော့ ပါဝင်တဲ့အဖွဲ့အစည်းတွေအားလုံး ဖက်ဒရယ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြသလဲ ဖက်ဒရယ်စနစ်ကို ပြည့်ဝစွာလက်ခံကြလား လောလောဆယ်အငြင်းမပွားတာလားဆိုတာ တိတိကျကျပြောဖို့ ခက်ခဲတဲ့သဘောလည်းရှိပါတယ်။ 

ဒီနေ့ အဓိကပြောချင်တဲ့အကြောင်းအရာက တူညီတဲ့ရည်ရွယ်ချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဒီမိုကရေစီစနစ်ရောက်ရှိဖို့ ဦးတည်သွားကြရာမှာ မှန်ကန်တဲ့လမ်းစဥ်နဲ့ အနိုင်ရရှိနိုင်မယ့်နည်းလမ်းမျိုးကို ဦးဆောင်တဲ့အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေအနေနဲ့ ချမှတ်နိုင်ကြဖို့ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေးဆိုတဲ့လှုပ်ရှားမှုက ကာလတခုရောက်နေချိန်မှ အခုလိုအကြောင်းအရာကို ဆွေးနွေးရသလားလို့ အပြစ်တင်ချင်လည်း တင်ပါလိမ့်မယ်။ သို့ပေမယ့် ၁၀ လကျော်ကြာလာတဲ့အခါမှာလည်း လျှောက်ခဲ့တဲ့လမ်းစဥ်၊ နည်းလမ်းတွေကို ပြန်သုံးသပ်ဖို့ လိုအပ်မှာအမှန်ပဲလို့ ယူဆလို့ဖြစ်ပါတယ်။ 

၁၉၈၈ ခုနှစ်အရေးအခင်းကို စစ်အာဏာသိမ်းမှုနဲ့ အင်အားသုံး ဖြိုခွဲခံရပြီးနောက်မှာလည်း လမ်းစဥ်အားဖြင့် ပါတီဖွဲ့စည်းပြီး ဆက်လက်လှုပ်ရှားမယ့် လမ်းစဥ်၊ လက်နက်ကိုင်ပြီး တိုက်ခိုက်ဖယ်ရှားမယ်ဆိုတဲ့ လမ်းစဥ် ဆိုပြီး အဓိက ၂ မျိုးကွဲပြားပြီး အန်အယ်လ်ဒီပါတီအပါအဝင် အခြားသော နိုင်ငံရေးပါတီအများအပြား ဖွဲ့စည်းလှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့တဲ့ လူငယ် လူလတ်ပိုင်းတွေလည်း တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေထဲဝင်သူဝင် ABSDF ဆိုပြီး ကျောင်းသားတပ်မတော်ဖွဲ့ကာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်တွဲတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ၁ လ ၂ လအတွင်းမှာပဲ အချို့သောလူငယ်တွေအဖွဲ့အစည်းတွေက လက်နက်ကိုင်လမ်းစဥ်ကိုရွေးချယ်ခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေ ဆီထွက်ခွာသွားခဲ့ကြတာ ဖြစ်ပါတယ်၊။ နိုင်ငံရေးနယ်မှာ အင်အားအကြီးဆုံး အန်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကလည်း CRPH လို့အမည်ပေးထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့စည်းခဲ့ပါတယ်။ နောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး နောက်သီတင်းပတ်အနည်းငယ်အကြာမှာ PDF လို့အမည်ပေးထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေကို အားလုံးသိရှိပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်ဆွေးနွေးချင်တာက ၁၉၈၈ ခုနှစ်အရေးအခင်းအပြီး ဆယ်စုနှစ်တခုကြာ အခင်းအကျင်း တိုက်ပွဲလမ်းစဥ်၊ တိုက်ပွဲနည်းလမ်းတွေအပေါ် သင်ခန်း စာယူပြီး ၂၀၂၁ ခုနှစ်တိုက်ပွဲရဲ့ လမ်းစဥ်တွေကို ချမှတ်နိုင်ဖို့ ဦးဆောင်သူတွေကို တိုက်တွန်းချင်တာပါ။ တိုက်ပွဲလမ်းစဥ်ရဲ့ အဓိက အသက်ဝိဥာဏ်က အောင်ပွဲရဖို့ ဦးတည်ရမှာဖြစ်ပါတယ်။ အောင်ပွဲကို ဘယ်လမ်းစဥ်နဲ့ ရောက်နိုင်မလဲဆိုတာ အကဲဖြတ်ချက် ဆုံးဖြတ်ချက်က အရေးကြီးဆုံးလို့မြင်ပါတယ်။ ၂၀၂၁ က ၁၉၈၈ ခုနှစ်နဲ့ မတူတော့ဘူးလို့ အများကယူဆကြတာ မှန်ပါတယ်။ ဘယ်အချက်တွေက ကွာခြားပြီးဘယ်အချက်တွေက ၁၉၈၈ ခုနှစ်နဲ့တူသလဲဆိုတာ ခွဲခြားစိတ်ဖြာ သုံးသပ်နိုင်ဖို့လိုအပ်ပြီး အခု ၂၀၂၁မှာ အလုပ်ဖြစ်နိုင်မယ့် လမ်းစဥ်တွေက ဘာတွေဖြစ်မလဲဆိုတာကို ရွေးချယ်နိုင်လိမ့်မယ် ဖြစ်ပါတယ်။ ပါတီနိုင်ငံရေးလမ်းစဥ်လား မြေပေါ်လှုပ်ရှားမှုလား မြေအောက်လှုပ်ရှားမှုလား၊ လက်နက်ကိုင်လမ်းစဥ်လားဆိုတာ လက်တွေ့ကျတဲ့ အောင်မြင်မှုအလားအလာအများဆုံးဖြစ်တဲ့ လမ်းစဥ်ကို ရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်။ 

မှန်ကန်တဲ့ လမ်းစဥ်ကို အရွေးမှန်ဖို့ လိုအပ်တဲ့နောက်မှာ တိုက်ပွဲနည်းလမ်းကိုလည်း အရွေးမှန်ဖို့ အရေးကြီးပြန်ပါတယ်။ တိုက်ပွဲနည်းလမ်း လွဲမှားခဲ့ရင် အကျအဆုံးများတာ ထိခိုက်မှုများတာ လမ်းစဥ်ကိုပါ အနည်းနဲ့အများ သွားထိခိုက်စေနိုင်မယ့်အလားအလာလည်း ရှိပါတယ်။ 

မိမိတို့ဘက်က ပါဝင်တိုက်ပွဲဝင်သူတွေ ထောက်ခံသူတွေ အကျအဆုံးနည်းနိုင်သမျှနည်းအောင် တိုက်ပွဲမှာ လူမှုအသိုင်းအဝိုင်း ထိခိုက်မှုလည်းနည်းအောင် ပန်းတိုင်လည်း အမြန်ဆုံးရောက်အောင် အမြော်အမြင် ဆင်ခြင်မှု တာဝန်ယူမှုနဲ့ လူသားအခွင့်အရေး တန်းတူမှု တရားမျှတမှုတန်ဖိုးတွေကို အစဥ်လက်ကိုင်ထားဖို့လည်း လိုအပ်ပါလိမ့်မယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar