ဝါဆိုကိုဦး (တောင်ကြီး) - ဒီဇင်ဘာအက်ဆေး
ဒီဇင်ဘာအက်ဆေး
ဝါဆိုကိုဦး (တောင်ကြီး)
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၂၁
ကျွန်တော်က ဘာပြောရမည်မသိ။ ကျွန်တော်က ဘာဆိုရမည်မသိ။ ၂၀၂၂ နှစ်ကြိုဒီဇင်ဘာက ကျွန်တော့ကို လက်ဆွဲနှုတ်ဆက်လို့။
သူရောက်လာခြင်းအတွက်လား၊သူပြန်ထွက်ခွာရန်အတွက်လားမသိ၊နှုတ်ဆက်ခြင်းဓလေ့တွေက ယဥ်ကျေးမှုကိုယ်စားပြုလေလားဆိုသည်ကလည်း သံသယဖြင့်စောင့်ကြည့်ရမည့် ပဟေဠိ၊ ပုစ္ဆာ။
ဒီဇင်ဘာက ခရစ်စမတ်ကို သယ်ဆောင်လာသည်။ နယူးရီးယားကိုကမကထပြုသည်။ ဆောင်းညတို့၏ ကိုယ်ရည်ကိုယ်သွေးကိုအရောင်တင်ပေးသည်။ နှစ်သစ်၏အရိပ်အရောင်ကို စုတ်ချက်ပါးပါးဖြင့် ဖြတ်ခနဲ ဖြတ်ခနဲပြသည်။ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသတို့၏ သဘာဝကွဲပြားပုံကို ထင်ထင်ရှားရှားပြသည်။ စစ်ဘေးဒဏ်သင့် ပြည်သူတွေ၏ဒုက္ခကို ကိုယ်ချင်းမစာပြုမူသည်။ ဒီဇင်ဘာသည် သူဆက်ဆံရာ ပတ်ဝန်းကျင်ကိုလိုက်၍ အရောင်အသွေးကွဲနေတတ်၏။
ပြက္ခဒိန်၏ နောက်ဆုံးနားမှကပ်ပါလာပြီး တစ်နှစ်တာ၏ မာရသွန်ပြေးပွဲကို အဆုံးသပ်စေသောဒီဇင်ဘာ။
နောက်နှစ်တော့ကွာ...ဟူသော မျှော်လင့်ခြင်းတရားတို့ကို ပဋိသန္ဓေဆောင်စေကာ မွေးဖွားဖို့ကြိုးစားသောဒီဇင်ဘာ။ သူ့မျှော်လင့်ခြင်းကိုယ်ဝန်တို့သည် အောင်မြင်စွာ မွေးဖွားသည်လည်းရှိ၏။ အခန့်မသင့် ပျက်စီးသားလျှောကြသည်လည်း ရှိ၏။
ဒီဇင်ဘာသည် ချစ်ခြင်းတရားလက်ဆောင်တွေ တစ်ပွေ့တစ်ပိုက်ရတတ်သလို နာကြည်းကြေကွဲစွာ ရွတ်ဆိုကြသော ကျိန်စာများ၏ဒဏ်ကိုလည်း တနင့်တပိုးခံရလေ့ရှိပြန်ပေသည်။
ဒီဇင်ဘာသီချင်းတို့သည် ညှင်းသွဲ့သာယာရှိခြင်းကိုတော့ ငြင်းဆိုရန်အကြောင်းမရှိပါ။
(ဒီဇင်ဘာနံနက်ခင်း မင်းလွမ်းတတ်ရင် အမှတ်တရနေရာဟောင်း နှင်းမကွဲခင် နွေဦးမပြောင်းခင် တစ်ခေါက်အရောက်သာလာခဲ့ဦး)။
ချိုသောဒီဇင်ဘာဟု တချို့ကဆိုသည်။ ကြက်ဆင်လေးတွေကတော့ ဘဝတပါး ကူးပြောင်းချိန်ဟု သတ်မှတ်ထားကြသည်။
ကျူးကျော်သူဟု သတ်မှတ်ကာ အိမ်ရာဖျက်ဆီးခံလိုက်ရသော မိသားစုများထဲမှ ဘဝ၏နောက်ဆုံးအချိန်ကို ရောက်နေပြီဖြစ်သော သက်ကြီးရွယ်အိုများ၊ ခုမှ လူ့ဘဝထဲကိုတိုးဝင်လာခဲ့သော ကလေးသူငယ်များထံက ဒီဇင်ဘာရသကို မေးမြန်းပြီးနားထောင်နိုင်ရန်တော့ ကျွန်တော့နှလုံးသားက ကိုယ်ခံအားကောင်းလိမ့်မည်မထင်ပါ။
နှုတ်ဆက်လက်ကမ်းလာသော ဒီဇင်ဘာငဲ့။
ချိုမြိန်ခြင်းများအတွက် ညာလက်ဖြင့်နှုတ်ဆက်ပါရစေ။
နာကြင်ခြင်းများအတွက် ဘယ်လက်ဖြင့်နှုတ်ဆက်ပါရစေ။ ၂၀၂၂ ကို အလှဆုံးပြင်ဆင်ကာ လက်ဆောင်ပေးပါဒီဇင်ဘာ။
အနာအဆာများဖြင့် ပုပ်သိုး ရိရွဲနေသော ၂၀၂၁ ကို အစအနမကျန်အောင် ဖျောက်ဖျက်ပစ်ပေးပါဒီဇင်ဘာ။
စစ်ဟူသောစကားလုံးများနေရာ၌ အချစ်ဟူသောစကားလုံးများကို အစားထိုးထားသည့် အဘိဓာန်သစ်ကိုပြုစုပေးပါဒီဇင်ဘာ။
ကမ္ဘာကြီးမှာ ကဗျာအသီးတွေသီးပါစေ။
အာဏာသီးတွေကြွေပါစေ ဒီဇင်ဘာ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar