Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး  ၁၀ လ ၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၁

◾️ အုပ်ချုပ်ရေးလစ်ဟာမှု ဖြစ်လာမယ့်အလားအလာ (သို့မဟုတ်) ရပ်ရွာ မလုံခြုံမှုနဲ့ လူထုကိုဖိအားပေးမယ့်အလားအလာ 
အခုလပိုင်းမှာ ရာဇဝတ်မှုတွေ ပိုမိုများပြားလာတာတွေ သတင်းတွေထဲ တွေ့မြင်ကြရပါလိမ့်မယ်။ လူသတ်မှု၊ ဓါးပြတိုက်မှု၊ အနုကြမ်းစီးမှု၊ လုယက်မှုတွေ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ စစ်ကိုင်းတိုင်းလို မန္တလေးတိုင်းလို ဒေသတွေကအစ၊ အုပ်ချုပ်ရေးအရ စစ်ကောင်စီက ချုပ်ကိုင်ထားတဲ့ ရန်ကုန်မြို့ကြီးလိုမြို့မှာလည်း ယခင်မဖြစ်ဘူးတဲ့အမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာတွေကို သတိပြုမိပါတယ်။ ကျေးရွာတွေမှာတော့ မိသားစုဝင် ၅ ဦးစလုံး လက်နက်နဲ့သတ်ဖြတ်ပြီး ပစ္စည်းယူသွားတဲ့အဖြစ်တွေ ဒီပဲယင်းနယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်တွေက ဖြစ်ပျက်ခဲ့ပါတယ်။ 

ဒီဖြစ်ရပ်တွေက အခုလို စစ်ရေး လက်နက်ကိုင်တိုက်ပွဲတွေနဲ့လုံးပန်းနေချိန်မှာ ဦးစားပေးပြီး အချိန်ပေးဖြေရှင်းကြမယ့် လက္ခဏာလည်း မမြင်မိပါဘူး။ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ရက်က ရခိုင်ပြည်နယ် သံတွဲကလာတဲ့ လူငယ် ၂ ဦး တက်စီကားနဲ့ လှည်းကူးကနေ ပဲခူးလမ်းကို အသွားလမ်းမှာ ၂ ဦစလုံး အသတ်ခံရပြီး ပါတဲ့ပိုက်ဆံ၊ ဖုန်းစတဲ့ တန်ဖိုးကြီးတာတွေ အားလုံးယူဆောင်သွားပါတယ်။ အခုလိုကာလမှာ ဒီအမှုတွေကို ဖေါ်ထုတ်အရေးယူနိုင်ဖွယ် မရှိတော့ဘူးလို့ ယူဆရပါတယ်။ သို့မဟုတ် တခြားရှုထောင့်ကနေကြည့်ရင် ဒီလိုအမှုတွေ ဖြစ်ပျက်လာအောင် လမ်းဖွင့်ထားပေး ရဲတွေအနေနဲ့ ရပ်ရွာလုံခြုံရေးကို မလုပ်နိုင်တော့တဲ့သဘောမျိုး ထင်မြင်ယူဆလာအောင် လက်ပိုက်ကြည့်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ကျေးလက်တွေ နယ်တွေမှာ စစ်ကောင်စီက ပီဒီအက်ဖ်အဖွဲ့ဝင်အိမ်ဖြစ်လို့ ဒါမှမဟုတ် ပီဒီအက်ဖ်ကို အားပေးထောက်ခံလို့ ဖျက်ဆီးတာ မီးရှို့တာ ပစ္စည်းတွေယူဆောင်တာတွေလုပ်နေတာက လနဲ့ချီကတည်းက ဖြစ်ပျက်နေတာဖြစ်သလို အဖြစ်အပျက်ပေါင်းလည်း ရာနဲ့ချီရှိနေတာ ဖြစ်ပါတယ်။ ဒါကစစ်တပ်က ကျင့်သုံးနေကျ မြေလှန်စနစ်လို့ဆိုရမယ့် လုပ်နည်းလုပ်ဟန်ဖြစ်ပြီး ဒီလိုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ခုချိန်ထိ အရေးယူခံရသူ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးမှမရှိပါဘူး။ တရားဝင် လုပ်ထုံးလုပ်နည်းနဲ့ ခုလိုလုပ်ရပ်တွေ ခွင့်ပြုထားတာ မဟုတ်ပေမယ့်လည်း အောက်ခြေတပ်သားတွေ အခုလို PDF နိမ်နှင်းရေးတွေမှာ တက်တက်ကြွကြွလုပ်အောင် မက်လုံးပေးခွင့်ပြုထားတာ လျစ်လျူရှုထားတာလို့ ယူဆရပါတယ်။ 

ဒီလို ပစ္စည်းယူတဲ့ ဖျက်ဆီးတဲ့ လုပ်ရပ်တွေကြောင့် ထောက်ခံမှု၊ စည်းရုံးရေးအနေနဲ့ ပြောင်းပြန်သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်တာလည်း စစ်ကောင်စီဘက်က သတိမပြုမိပဲ မနေဘူးလို့ ယူဆရပါတယ်။ အချို့သော ဒေသတွေမှာ မုဒိမ်းကျင့်တဲ့အဖြစ်အပျက်တွေလည်း သတင်းတွေမှာ တွေ့နေရပြီး အဲလို မုဒိမ်းကျင့်တဲ့ ကိစ္စအချို့ကိုတော့ စုံစမ်းမယ် ဖြေရှင်းမယ်ဆိုတာမျိုး ပြောဆိုပေမယ့် ခုချိန်ထိတော့ အရေးယူတာတွေ တခုမျှ မရှိသေးပါဘူး။ 

အခြား ရှုထောင့်တခုကတော့ ကျေးလက်လူထုရော မြို့နေလူထုပါ ဥပဒေစိုးမိုးမှုမရှိတော့ပဲ စိုးရိမ်ထိတ်လန့်ပြီး နေရတဲ့အခြေအနေမျိုး စားသောက်နေထိုင်နေရတဲ့အခြေအနေ မလုံခြုံတော့တဲ့ အခြေအနေမျိုးကို ရောက်အောင် စစ်ကောင်စီဘက်ကတွန်းပို့ပြီး လက်နက်ကိုင် စစ်တပ်နဲ့ရဲကို အားကိုးလာမယ်လို့ မျှော်လင့်ထားတာများလားလို့လည်း ယူဆစရာတချက်ရှိပါတယ်။ 

စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် မုန်းတီး ရွံ့ရှာနေတာကြောင့် စစ်တပ်နဲ့ ရဲကို အားကိုးလာဖို့ အမြင်မျိုးတော့ ပေါ်မလာနိုင်ပေမယ့်လည်း ပိုင်ဆိုင်မှုတွေ လုယက်ခံရတာ နေ့နေ့ညည ရာဇဝတ်မှုတွေ ဖြစ်ပွားနိုင်တာကြောင့် အသက်အန္တရာယ်ဘေးနဲ့ မလုံခြုံမှုကို ဒေသအလိုက် ပီဒီအက်ဖ်လို အဖွဲ့မျိုးတွေက ဘယ်လို အကာအကွယ်ပေးနိုင်မလဲဆိုတဲ့ အရေးကြီးတဲ့မေးခွန်း ထွက်ပေါ်လာနေပါတယ်။ 

ဒုတိယကမ္ဘာစစ် မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ ကာလလို အုပ်ချုပ်ရေးတရပ်လုံး ဆုတ်ခွာသွားတဲ့ အချိန်ကာလကလို တောကြောင်တွေက ရပ်ရွာလူထုကို လုယက် သတ်ဖြတ်ကြတဲ့ အချိန်ကာလမျိုး မဟုတ်ပေမယ့်လည်း မတည်မငြိမ်ဖြစ်ပျက်နေတဲ့ စစ်ကိုင်းတိုင်းလို  ဒေသက ကျေးရွာအချို့ရဲ့ အခြေအနေက အဲလိုအနေအထားကို အမှတ်ရစရာ အနေအထား သို့မဟုတ် ဦးတည်နေတဲ့ အနေအထားလို့ ဆိုရမယ်ထင်ပါတယ်။ 

အခြေအနေတွေ ဒိထက်ဆိုးမသွားခင်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို အဖြေရှာ ဖြေရှင်းကြဖို့နဲ့  ဖြစ်လာနိုင်ခြေ အလားအလာတွေအတွက် ပြင်ဆင်ထားဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ ပြင်ဆင်သင့်ထားကြဖို့ လိုအပ်ပါလိမ့်မယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar