Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၇ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၇ ရက်မြောက်နေ့ မြင်ကွင်း 
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၂၁

◾️ မီးရှို့အသတ်ခံရတဲ့ PDF ၊ ကျေးရွာသားတွေ၊ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ
တနေ့တနေ့ ကြားသိရတဲ့ သတင်းတွေက ရက်စက်စွာသတ်ဖြတ်မှု၊  ဥပဒေမဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ညှင်းပန်းနှိပ်စက်မှု နဲ့ ဆင်းရဲမွဲတေမှု သတင်းတွေက အများစုဖြစ်ပါတယ်။ ဒီနေ့ သတင်းတွေအနက် ထိပ်တန်းသတင်းတပုဒ်ကတော့ ဆားလင်းကြီးမြို့နယ်က ကျေးရွာတရွာမှာ ကျေးရွာသား ၉ ဦး (တချို့သတင်းတွေမှာတော့ ၁၁ ဦးလို့ဖေါ်ပြ) ကို စစ်ကောင်စီတပ်တွေက သတ်ဖြတ်ပြီးနောက် မီးရှို့ထားခဲ့တဲ့အဖြစ်အပျက်ဖြစ်ပါတယ်။ အလားတူပဲ ကလေးမြို့နယ်ထဲက ကျေးရွာတရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူလူငယ်တဦးလည်း သတ်ဖြတ်ခံရပြီးနောက် သေဆုံးသူရဲ့ မီးလောင်ထားတဲ့အလောင်းသာပြန်တွေ့ရတော့တဲ့ အဖြစ် အပျက်၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာတော့ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ ၂ ဦး ပစ်သတ်ခံရတဲ့သတင်းတွေ ဖြစ်ပါတယ်။ 

ဆားလင်းကြီးမြို့နယ် ပုသိမ်မုံရွာလမ်းမကြီးအနီးက ဒုန်းတောကျေးရွာမှာ စစ်ကောင်စီတပ်တွေ ကျေးရွာထဲဝင်လာတဲ့အချိန် ကျေးရွာထဲက ကျေးရွာသားတွေ ထွက်ပြေးကြပြီး ရွာအပြင်ဘက် ကွင်းထဲစုနေထိုင်ကြတဲ့ တောင်ယာအလုပ်လုပ်သူ လူငယ်၊ အမျိုးသားတွေ ၉ ဦးထက်မနည်း ပစ်သတ်ခံရပြီး နေထိုင်တဲ့တဲထဲ အလောင်းတွေကိုမီးရှို့ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ 

ဒီလိုအဖြစ်အပျက်တွေက ခုလိုဖြစ်တာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လပိုင်းတွေမှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်းက ကျေးရွာမှာ ကျေးရွာကာကွယ်ရေးလို့ ဖွဲ့တားတဲ့ လူငယ်တွေ ၁၃ ယောက်ထက်မနည်း ပစ်သတ်ခံခဲ့ရတဲ့ အဖြစ်အပျက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဖြစ်ရပ်က အလားတူ လူဆယ်ဂဏန်းထက် မနည်းပစ်သတ်ခံရပြီး အလောင်းကို အထောက်အထား မဖေါ်နိုင်အောင် မီးရှို့ထားခဲ့တာမျိုး ဖြစ်ပါတယ်။ 
စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးမြို့အနီးက ကျေးရွာတရွာမှာတော့ အဖေနဲ့သားဖြစ်သူ နေအိမ်မှာ အလုပ်လုပ်နေစဥ် ဖမ်းဆီးခံရပြီး နောက်ရက်တွေမှာ သားဖြစ်သူ အသက်ဆုံးရှုံးခဲ့ရပြီး မီးရှို့ထားတဲ့အလောင်းသာပြန်တွေ့ရတဲ့ အဖြစ်အပျက်လည်း ဖြစ်ပျက်ခဲ့တယ်လို့ သတင်းတွေမှာဖေါ်ပြထားကြပါတယ်။ 

ဒီလိုအဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံရဲ့ နေ့စဥ် အဖြစ်အပျက်တွေလို ဖြစ်လာနေပြီး လူ့အခွင့်အရေးချိုးဖောက်မှု လို့ဆိုတဲ့ စကားလုံးထက်ကို ပိုလွန်တဲ့ ရက်စက်မှု၊ သတ်ဖြတ်မှု၊ အလောင်းမီးရှို့ဖျောက်ဖျက်မှုစတဲ့ စကားလုံးတွေနဲ့ပါ ပြောဆိုမှ ပြည့်စုံမယ့် အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ 

အလားတူ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ PDF တွေ တိုက်ပွဲဖြစ်တာတွေ မိုင်းခွဲတိုက်ခိုက်တဲ့သတင်းတွေလည်း နေ့ စဥ်အဖြစ်အပျက်တွေလို ဖြစ်ပျက်နေတာဖြစ်ပါတယ်။ PDF တပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေကို အလစ်အငိုက် တိုက်ခိုက်တာ၊ မိုင်းခွဲတာတွေ အပြင် စစ်တပ်ကို သတင်းပေးသူတွေလို့ သံသယရှိသူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ သတင်းတွေလည်း နေ့စဥ်သတင်းတွေထဲ ဖေါ်ပြပါရှိနေပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် အချို့သောမြို့တွေမှာ သတင်းပေးလို့ ယူဆခံရသူ သံသယဖြစ်ခံရသူတွေကို လုပ်ကြံသတ်ဖြတ်ကြတဲ့ ဖြစ်စဥ်တွေလည်း နေ့စဥ် အဖြစ်အပျက်တွေ သဖွယ် ဖြစ်လာနေတာပါ။ 

စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေ၊ NLD ပါတီက ခေါင်းဆောင်သူအစိတ်အပိုင်းတို့  လက်နက်ကိုင်တိုက်ပွဲဆိုတဲ့ မဟာဗျူဟာကို ရွေးချယ်ပြီးနောက်မှာ PDF ဖွဲ့စည်းတာတွေ နယ်အသီးသီးမှာ ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပေါ်ပေါက်လာတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း ပဲခူးတိုင်းတို့လို မြန်မာလူမျိုးအများစု နေထိုင်တဲ့တိုင်းဒေသကြီးတွေမှာလည်း NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ကိုကျောရိုးပြုပြီး PDFတွေ ပေါ်လာတာရှိသလို NLD ပါတီနဲ့မဆိုင်ပဲ ဒေသခံတွေက ကိုယ့်ဒေသ အလိုက်ဖွဲ့စည်းလာခဲ့ကြတာပါ။ ကလေး၊ ယော၊ မြိုင်၊ မြောင်၊ ယင်းမာပင် ၊ ကနီ၊ ဒီပဲယင်း၊ မုံရွာ စသဖြင့် ဒေသအလိုက် ပီဒီအက်ဖ်တွေ ပေါ်ထွက်လာခဲ့တာပါ။ လူမျိုးစုတွေအနေနဲ့ ဆိုရင်တော့ ချင်းပြည်နယ် မင်းတပ်၊ ဖလမ်း၊ ထန်တလန်၊ တီးတိန် စတဲ့ဒေသတွေ အလိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ထွက်လာပြီး၊ ကယားပြည်နယ်မှာလည်း ကရင်နီကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းထွက်ပေါ်လာတာပါ။ ကရင်ပြည်နယ်ထဲက ကေအန်ယူထိန်းချုပ်ထားတဲ့ ဒေသတွေမှာ NUG အစိုးရက တိုက်ရိုက်ဖွဲ့စည်းတဲ့ တိုက်ရိုက်ကွပ်ကဲမယ့် PDF တွေလည်း ဖွဲ့စည်းထားပြီး လေ့ကျင့်နေတယ်လို့ ယူဆရပါတယ်။ 

ဒီနေရာမှာ စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ PDF တပ်ဖွဲ့တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အမိန့်ပေး လှုပ်ရှားနိုင်တဲ့ စုစည်းမှု၊ လိုအပ်တဲ့ လက်နက် ရိက္ခာထောက်ပံ့ပေးနိုင်မှု၊ ဗျူဟာ တခုထဲအောက်မှာ လှုပ်ရှားနိုင်ရင် လက်နက်ကိုင် တိုက်ပွဲက ပိုပြီးထိရောက်မယ်လို့ ထင်မြင်မိပါတယ်။ 

အဲဒီအခြေအနေမျိုး လက်ရှိမှာ မရှိသေးတာလည်းတွေ့ရပါတယ်။ အဲဒီအခြေအနေမျိုး ရောက်ရှိနိုင်ဖို့ ဘယ်လို နိုင်ငံရေးအရ စုစည်းမှုတွေ လိုအပ်မလဲ၊ ဘဏ္ဍာရေး လိုအပ်ချက်တွေရှိမလဲ ကွဲပြားမှု ခြားနားကွဲလွဲမှုတွေက ဘာလဲ စသဖြင့် အမြန်ဆုံးအဖြေရှာ လုပ်ဆောင်သင့်ပြီလို့ အကြံပြုတိုက်တွန်းလိုက်ချင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar