Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၉ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၉ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၂၁

◾️ ကျရှုံးနိုင်ငံအဖြစ်ကို ရှောင်လွှဲနိုင်မလား 
ကယားပြည်နယ်က မြို့ရွာတွေ အတော်များများမှာ စားသောက်ကုန်နဲ့ လူသုံးကုန်တွေ စျေးမြင့်တက်ပြီး ပစ္စည်းလည်းပြတ်နေတယ်ဆိုတဲ့သတင်း ကန္တာရဝတီတိုင်းမ်သတင်းဌာနက သတင်းမှာ ဖတ်လိုက်ရပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားနေတာ စားသောက်ကုန်နဲ့ လူသုံးကုန်တွေသယ်ဆောင်ရာ လမ်းတလျှောက်မှာ လက်နက် ကိုင်တိုက်ပွဲတွေနဲ့ လုံခြုံရေးနဲ့ လက်နက်ကိုင်အဖွဲ့တွေကို ချေမှုန်းဖို့အတွက် ပိတ်ဆို့မှု ဖြတ်တောက်မှု နည်းဗျူဟာတွေ အသုံးပြုတာကြောင့် ကုန်ပစ္စည်းသယ်ဆောင်ရောင်းချမှုလည်း မရှိသလောက်နီးပါး ဖြစ်လာတဲ့အခြေအနေလို့ဆိုပါတယ်။ ကယားပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ရှမ်းပြည်နယ် အင်းလေးဒေသကထွက်တဲ့ ခရမ်းချဥ်သီးတောင် တပိသာ ၄၅၀၀ ကျပ်လောက်နဲ့ ဝယ်စားရတဲ့အခြေအနေ၊ ဆန်တအိတ်ကို အနိမ့်ဆုံး ၅ သောင်းကနေ တသိန်းထိ အစားစားရှိတယ်လို့ဆိုပါတယ်။ ဒေသထွက် အသီးအနှံတွေတောင်မှပဲ ပိတ်ဆို့ခံထားရသလို ဖြစ်နေတဲ့ မြို့အချင်းချင်းအကြား ဝယ်ယူကြတာကြောင့် ပစ္စည်းကလိုအပ်သလောက် မရှိတဲ့အခြေ အနေလို့ သတင်းထဲရေးသားထားတာ ဖတ်လိုက်ရပါတယ်။ စက်သုံးဆီတွေလည်း ပြတ်လတ်နေပြီလို့ဆိုပါတယ် လျှပ်စစ်မီးလည်း မရှိ စက်သုံးဆီလည်းမရှိတော့ မီးစက်လိုမျိုးမလည်နိုင်တော့တဲ့ အခြေအနေမျိုးလို့ဆိုပါတယ်။ 

ဖားဆောင်း ဘော်လခဲနဲ့ မယ်စဲ့မြို့နယ်တွေမှာ အခုလို စားသောက်ကုန်နဲ့ လူသုံးကုန်တွေပြတ်လတ်ပြီး စျေးနှုန်း မြင့်တက်နေတာ ဖြစ်ပါတယ်။ နကိုကတည်းက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပြီး ဝင်ငွေလည်းနိမ့်တဲ့ ပြည်နယ် မြို့နယ်ဒေသတွေမှာ အခုလိုကုန်ပစ္စည်းတွေ ပြတ်လတ်တာ စျေးနှုန်းမြင့်တက်တာတွေဟာ ဗူးလေးရာ ဖရုံဆင့်ဆိုသလို ဖြစ်စေမှာ ဖြစ်ပါတယ်။ 

သတင်းတွေထဲ မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ်ကို ဦးတည်နေပြီဆိုတဲ့ တင်ပြမှု အကဲဖြတ်ဝေဖန်မှုတွေ ဖတ်ရှုနေရချိန်မှာ အခုအဖြစ်အပျက်ကို အဆိုပါ အကဲဖြတ်ချက်နဲ့ ဆက်စပ်စဥ်းစားကြည့်စရာ ဖြစ်လာပါတယ်။ 

ကျရှုံးနိုင်ငံ Failed State လို့ဆိုကြတဲ့အခါ အခြေခံလုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ခြင်းမလုပ်နိုင်တဲ့အခြေအနေ နိုင်ငံ နယ်မြေနဲ့ နယ်နိမိတ်တွေကို မစိုးမိုးနိုင်တော့တာကို ဆိုလိုကြတယ်လို့ ဖွင့်ဆိုကြရာမှာ အခု ကယားပြည်နယ် အခြေအနေမျိုး၊ ချင်းပြည်နယ်ရဲ့ မင်းတပ်၊ ထန်တလန် စတဲ့မြို့တွေ၊ စစ်ကိုင်းတိုင်း ရဲ့ မြို့နယ် အချို့နဲ့ ကျေးရွာဒေသတွေမှာ လုံခြုံရေးလည်း မစိုးမိုးနိုင်တဲ့အနေအထားနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားကာ လက်နက်ကိုင်အဖွဲ့တခုနဲ့ တခု ရင်ဆိုင်နေတဲ့အခြေအနေ အရပ်သားတွေရဲ့ စားဝတ်နေရေးကို မဆောင်ရွက်နိုင်ကြတော့တဲ့ အနေအထားတွေ မြင်တွေ့နေရပါတယ်။ 

မြန်မာတနိုင်ငံလုံးတော့ အဲဒီအခြေအနေမဟုတ်သော်လည်း ဆိုးရွားတဲ့ ပြည်နယ်တွေ မြို့နယ်တွေ ဒေသတွေအဖို့ စားဝတ်နေရေးအတွက် မလုပ်ဆောင်နိုင်တော့တဲ့အခြေအနေမျိုး အသက်အန္တရာယ်အတွက်လည်း မိမိကိုယ် အာမမခံနိုင်တော့တဲ့ အခြေအနေမျိုးဟာ တနည်းအားဖြင့် ကျရှုံးနိုင်ငံဖြစ်နေပြီလို့ဆိုရမယ့် အခြေအနေဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ ၁၉၄၉-၅၀ ခုနှစ် ပြည်တွင်းစစ်တွေ ပြီးနောက် အဆိုးရွားဆုံးအခြေအနေကို ရောက်နေတယ်လို့ဆိုရမယ့် သဘောဖြစ်ပါတယ်။ ပြည်တွင်းစစ်ထဲ ထပ်မံကျဆင်းနေသလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ရက်စက်မှုတွေ၊ ပိတ်ဆို့မှုတွေ၊ လုယက်မှုတွေ၊ ရပ်ရွာနေအိမ်တွေ မီးရှို့တာတွေက တနေရာတင်မက မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေပြီး လူတွေရဲ့ နာကျည်းမှု၊ လက်စားချေလိုမှု အသက်စွန့် တုံ့ပြန်တိုက်ခိုက်မယ့် ခံစားချက်တွေက ဒေသအများအပြားမှာ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်မှာ၊ စစ်ကိုင်းတိုင်းမှာ၊ ကယားပြည်နယ်မှာ ကရင်ပြည်နယ်မှာ ကချင်ပြည်နယ်တွေမှာ ဖြစ်ပွားနေပြီဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမျိုးကနေ ပြန်လည်ဆွဲထုတ်ဖို့ ခက်ခဲတဲ့အနေအထားကို ရောက်ရှိနေပြီး တိုင်းရင်းသားဒေသတွေ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ ရည်မှန်းချက်ကနေ ကွန်ဖက်ဒရေးရှင်းလို ခွဲထွက်ခွင့်လို အခြေအနေမျိုးလည်း ဆိုက်ရောက်ကောင်းဆိုက်ရောက်နိုင်ပါတယ်။ အဲလိုအခြေအနေမျိုးဟာ မြန်မာနိုင်ငံရဲ့ ရှေ့မှာကြုံတွေ့ရနိုင်တဲ့ နည်းလမ်းတခုလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

ဒီအခြေအနေ လမ်းဆုံလမ်းခွကနေ ရှောင်လွှဲဖို့အတွက်အခွင့်အရေးကို ဆုပ်ကိုင်ဖို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ လူတွေရဲ့ အဆုံးအဖြတ်က အရေးကြီးပါတယ်။ တဦးတယောက်ရဲ့ ဆန္ဒ၊ စိတ်နေသဘောထား အာဃာတထက် သန်းနဲ့ချီတဲ့ လူထုကိုငဲ့ညှာသောအားဖြင့်သော်လည်းကောင်း တနိုင်ငံလုံးအပြည့်အဝဖြစ်ပွားတဲ့ ပြည် တွင်းစစ်၊ ပြိုကွဲမှုတခုကို ရှောင်လွှဲနိုင်ဖို့ ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ 

အဲလိုမှ မဟုတ်ခဲ့ရင် မြန်မာနိုင်ငံဟာ နောင်လာမယ် ဆယ်စုနှစ်တွေမှာ စစ်ပွဲတွေ အငတ်ဘေးတွေ ချွတ်ချုံကျမှုတွေကနေ ရုန်းမထွက်နိုင်ပဲ ဖြစ်သွားနိုင်ပါတယ်။ အဲဒီလို ရှောင်လွှဲမယ့် အခွင့်အလမ်းကို ရွေးချယ်ဖို့က  အချိန်များများမကျန်တော့ပါဘူး။ 

ဒီနေ့အဖို့ အခြားသတင်းတွေမှာတော့ ဖရူဆိုမြို့နယ်ထဲက မိုဆိုရွာအနီးက လူ ၃၀ ကျော်သတ်ဖြတ်မီးရှို့ခံရသူတွေရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ သဂြိုဟ်ခဲ့ပြီလို့ဆိုပါတယ်။ အသက်မပြည့်သူ ၄ ဦးပါဝင်ခဲ့ပြီး အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ နိုင်ငံတကာကယ်ဆယ်ကူညီရေး အန်ဂျီအိုဝန်ထမ်း ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်နဲ့ အသက်မပြည့်သူ လူငယ်တွေပါ အသတ်ခံရတဲ့အထဲပါဝင်တာကြောင့် ကုလသမဂ္ဂ ကလေးသူငယ် ရံပုံငွေအဖွဲ့ ယူနီဆက်ဖ်က ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သလို မြန်မာနိုင်ငံက လက်မှတ်ထိုးထားတဲ့ ကလေးသူငယ် အခွင့်အရေးအကာအကွယ်ပေးရေး နိုင်ငံတကာစာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေကို ဖြိုခွင်းရာမှာ ကျည်အစစ်နဲ့ စပစ်ခဲ့ရာက ဦးခေါင်းတွေကို ရွေးပစ်တာ၊ ဖမ်းဆီးပြီး စစ်ကြောရေးမှာ သေဆုံးသူ အရေအတွက် ၁၀၀ နီးပါးရှိလာတာ၊ ကျေးရွာတွေ လူနေအိမ်တွေမီးရှို့တာ၊ မုဒိမ်းကျင့်တာ၊ ပစ္စည်းတွေ လုယူတာတွေဟာ မြန်မာစစ်ကောင်စီစစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ ဖြစ်ပြီး အမဲကွက်စွန်းထင်းပြီးသားမှာ အခု ဖရူဆိုမြို့နယ် မိုဆိုကျေးရွာနားက အဖြစ်အပျက်ဟာ ပိုမိုအရောင်ရင့်တဲ့ အမည်းစက်ကြီးတခု ထပ်မံ တိုးလာတဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar