Breaking News

ခင်မောင်စိုး - နိုင်ရင် အစိုးရ၊ ရှုံးရင် သူပုန်

ခင်မောင်စိုး - နိုင်ရင် အစိုးရ၊ ရှုံးရင် သူပုန်
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၂၁

တပ်မတော် ခေါ်ခေါ်၊ စစ်တပ်ခေါ်ခေါ်၊ တော်လှန်ရေးအဖွဲ့ ခေါ်ခေါ်၊ သူပုန်ခေါ်ခေါ် လက်နက်ကိုင်အဖွဲ့ဆိုတာ မိမိရပ်တည်ချက်ကို လက်နက်နဲ့ဖြေရှင်းတဲ့အဖွဲ့အစည်းဖြစ်တယ်။ လက်ယားနေတဲ့သူတွေ တနည်းအားဖြင့် မိမိရဲ့တာဝန် သို့မဟုတ် ယုံကြည်ချက်အတွက် လက်နက်ကိုသုံးစွဲဖို့ အမြဲစဉ်းစားနေသူတွေ ဖြစ်တယ်။ 

တိုင်းပြည်တခုရဲ့ စစ်တပ်ဆိုတာ သူ့ကို အစိုးရက နိုင်ငံကာကွယ်ဖို့ သင့်တော်တဲ့အခွင့်အရေးတွေပေးပြီး ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ပဲ။ တခြားအဖွဲ့အစည်းတွေထက် သူက ပိုရတဲ့အခွင့်အရေး ရှိနိုင်ပါတယ်။ ဥပမာ အမေရိကမှာ စစ်မှုထမ်းတွေကို လျှော့စျေးနဲ့ ပစ္စည်းတွေရောင်းပေးတယ်။ တပ်ကထွက်ပြီး အလုပ်လျှောက်ရင် ဦးစားပေးတယ်။ ကျန်းမာရေး ပညာရေး စသဖြင့် တခြားအစိုးရဝန်ထမ်းတွေထက် အခွင့်အရေးပိုပေးတယ်။ သူတို့က တိုင်းပြည်အတွက် အသက်ပေးကာကွယ်ရသူတွေလေ။ အကြီးမားဆုံးပေးဆပ်ရသူတွေလေ။ လူတိုင်းကလည်း စစ်သားတွေကို လေးစားကြတယ်။ အားကိုးကြတယ်။ ချစ်ကြတယ်။ သူတို့ အခွင့်အရေးပိုရတာကို အားလုံးကကြေနပ်ကြတယ်။ လိုအပ်ရင် ကိုယ့်အစား သူတို့က အရင်သေရမယ့်လူတွေကိုး။ 

ဒါပေမယ့် အဲဒါကြောင့် တိုင်းပြည်ကို ငါတို့ အုပ်ချုပ်ရသင့်တယ်လို့ ဘယ်သူမှမတွက်ဘူး။ ပြောလည်း မပြောဘူး။ လုပ်လည်း မလုပ်ဘူး။ အုပ်ချုပ်ရေးဟာ အစိုးရအလုပ် ငါတို့က အစိုးရခိုင်းတာလုပ်ရမယ့် အရေးပါတဲ့ဝန်ထမ်းတွေပဲလို့ စစ်သား စစ်ဗိုလ်တွေက နားလည်တယ်။ ဒါက ဒီမိုကရေစီနိုင်ငံ တခုကိုပြောတာ။

ဒီမိုကရေစီကို ပီပီပြင်ပြင် လက်မခံချင်တဲ့ ဖွံ့ဖြိုးဆဲ သို့မဟုတ် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတချို့မှာတော့ ထစ်ကနဲရှိ စစ်တပ်က အာဏာသိမ်းချင်တယ်။ အာဏာ မသိမ်းရလည်း အခွင့်အရေး မတန်တဆလိုချင်တယ်။ မြန်မာ့အိမ်နီးခြင်းနိုင်ငံတချို့ကိုကြည့်။ ထိုင်းမှာဆို စစ်တပ်အာဏာသိမ်းတာ အကြိမ်ကြိမ်။ နိုင်ငံတချို့မှာ စစ်တပ်တွေ ရဲတွေက လက်နက်အားကိုးနဲ့ သတ်ဖြတ်၊ လုယက်၊ မုဒိမ်းကျင့်တာတွေ မကြာခဏ မြင်ရကြားရတယ်။ တကယ်တော့ လူတကာ အလေးစားခံရတဲ့ ဂုဏ်သိက္ခာ တကယ်ရှိတဲ့ဘဝကနေ သူခိုးနဲ့ ဓားပြအဆင့်ကို ကိုယ့်ဖာသာ ဆင်းသွားတာပါ။ ဒီနေ့ မြန်မာပြည်မှာ စစ်တပ်က အာဏာပြန်သိမ်းနိုင်လားလို့ ကျနော်တို့ မြန်မာတွေကို နိုင်ငဲခြားသားတွေက မေးတတ်ကြတယ်။ ကျနော်က ဖြေတယ်။ မထင်ပါဘူးလို့။ သေချာလားတဲ့။ ဟာ ဒါတော့ ဘယ်သူကသိမှာလဲ။ ငါက ဘုရားမှမဟုတ်တာလို့။

တကယ်တော့ လက်ထဲမှာ တုတ်ကောင်းကောင်း တချောင်းရှိရင်တောင် လူတွေဟာ မာန်တက်ပြီး လမ်းဘေးက ခွေးမြင်ရင် ရိုက်ချင်တာပဲဟာ။ ကျနော်ငယ်ငယ်က နွားကျောင်းသားဘဝမှာ လေးခွအသစ်ရတာနဲ့ မြှောက်ကြွကြွဖြစ်လာပြီး စာကလေး ပုသင်ညို တွေ့သမျှပစ်တာပဲ။ လက်နက်ဆိုတာ အာဏာပဲလေ။ အမေရိကမှာ သေနတ်ဝယ်ဝယ်ချင်း လက်ထဲက မချနိုင်ဘူး။ 

အဲဒီတော့ လက်နက်ရှိသူတယောက်မှာ ဦးနှောက်ရှိရင် အဲဒီလက်နက်ကို မိမိကိုယ်မိမိဖြစ်စေ မိမိရဲ့မိသားစုကိုဖြစ်စေ မိမိလူမျိုး မိမိတိုင်းပြည်ကို ဖြစ်စေ ကာကွယ်စောင့်ရှောက်ဖို့ သုံးစွဲမှာဖြစ်ပေမယ့် ဦးနှောက်မရှိရင်တော့ ဖျက်ဆီးရေးပဲ ဖြစ်လာမှာပဲ။ ဖျက်ဆီးတယ်ဆိုတာ တခြားသူကိုသာမက သူ့ကိုယ်သူပါ ဖျက်ဆီးတာပါ။ 

လက်နက်ရှိသူ အချင်းချင်းပေါင်းတဲ့အခါ ဓါးပြလည်း ဖြစ်နိုင်တယ်။ အစိုးရစစ်တပ်လည်း ဖြစ်နိုင်တယ်။ တော်လှန်ရေးအဖွဲ့လည်း ဖြစ်နိုင်တယ်။ ကျနော်ထောင်ကထွက်ကာစ ၁၉၇၇ လောက်မှာ DSA က ပူပူနွေးနွေးဆင်းကာစ သူငယ်ချင်း ၂ ယောက်နဲ့ ပပဝင်းရုံ (အခု ဆူးလေ ရှန်ဂရီလာ ဟိုတယ်) ရှေ့မှာ ပြန်တွေ့တယ်။ ဂျော်နီနဲ့ ကျော်ညွန့်ဦး။ ကျနော်တို့ မှော်ဘီအထက ၂ မှာ နှစ်များစွာ အတူတူ တက်ခဲ့ကြ။ 

သူတို့ ၂ ယောက်က ဗိုလ်ဝတ်စုံအဖြူ အသစ်တွေနဲ့။ အရမ်းတက်ကြွနေကြတယ်။ ကျနော်က ဘဝပျက်နေချိန်။ စုတ်ပြတ်ညိုးနွမ်း။ ကျနော် ထောင်ကျသွားတာ သူတို့သိတယ်။ ဒါပေမယ့် ကျနော်တို့ကြားမှာ ဘာမှထူးခြားမှုမရှိသလို သူတို့ဆက်ဆံတယ်။ 

ကျနော်တို့ ၃ ယောက် James Bond ကား အတူကြည့်ကြတယ်။ သူတို့က ဒကာပါ။ စကားတွေ ပြောမကုန်ကြ။ တကယ်တော့ ကျနော်လည်း စစ်တက္ကသိုလ်ရွေးပွဲ ဖြေဖူးတယ်။ ပြည်လမ်း ဗိုလ်ရွေးအဖွဲ့မှာ ၁၉၇၂ ခုနှစ်က။ ၃ ရက်ကြာတဲ့ စာမေးပွဲကျလို့ တပ်ထဲမရောက်တာပါ။  နောက်နေ့မှာ ကျော်ညွန့်ဦးလက်ထပ်မှာမို့လို့ သူတို့ ခွင့်ရလာတာတဲ့။ သူလက်ထပ်မှာက ကျနော့်ဆရာမ။ အဲ ကျနော်တို့ဆရာမ။ အဲဒါနဲ့ ဂျော်နီက မင်း ငါ့အိမ်လိုက်အိပ် မနက်ကျရင် ဒီကောင့်မင်္ဂလာဆောင်သွားမယ်တဲ့။ 

ညနက်တဲ့အထိ ကျနော်တို့ စကားတွေပြောကြတယ်။ ကျနော်က ပြောတယ်။ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခဲ့လို့ တိုင်းပြည်ပျက်နေပြီ။ ဂျော်နီက ပရက်စလေ သီချင်းတွေ ကြိုက်တဲ့၊ ပေါ့ပေါ့ပါးပါး သောကမရှိတဲ့ ငယ်ငယ်က ဂျော်နီမဟုတ်တော့။ ကျနော့်ကို နားလည်စွာကြည့်ရင်း ခပ်ဖြည်းဖြည်းပြောတယ်။ 

ခင်မောင်စိုး- ရေ၊ ငါတို့ ရှေ့တန်းသွားတဲ့အခါ တိုင်းရင်းသားရွာတွေရောက်တယ်။ ငါတို့ကို ရွာသားတွေက လက်နက်ကိုင်လူဆိုးတွေဆိုတဲ့အကြည့်နဲ့ ကြည့်ကြတယ်။ အဲဒီဒေသတွေမှာ သူတို့သိထားတဲ့အစိုးရဆိုတာ သူတို့လူမျိုး လက်နက်ကိုင်တွေကွ။ အဲဒီအဖွဲ့ကို သူတို့အခွန်ဆောင်ရတယ်။ သူတို့မှာ ပြသနာရှိရင်လည်း အဲဒီအဖွဲ့က ဖြေရှင်းပေးတယ်။ ငါတို့ တိုင်းပြည်ထဲမှာဖြစ်ပေမယ့် ငါတို့အစိုးရအုပ်ချုပ်နေတာမဟုတ်တော့ သူတို့ဒေသမှာ ငါတို့က သူပုန်ပဲကွ။ အဲဒီတော့ ဟေ့ကောင် လောကမှာ အာဏာရတဲ့ကောင် ဘုရင်ဖြစ်တယ်။ ရှုံးတဲ့ကောင် သူပုန်ဖြစ်တယ်။ မင်းတို့နိုင်ရင် မင်းတို့ အစိုးရ ဖြစ်မှာပဲ။ အခု ဗိုလ်ချုပ်ကြီး နေဝင်းနိုင်တော့ သူ့အစိုးရဖြစ်တယ် power ပါဝါဆိုတာဒါပဲကွတဲ့။ 

ဒီစကားကို မေမြို့စစ်တက္ကသိုလ်က သူရလာတာလား ဒါမှမဟုတ် သူအင်မတန်ကြိုက်တဲ့ အမေရိကန်စာရေး ဆရာ Harold Robbins ဝတ္ထုတွေထဲက ဇတ်ကောင်တကောင်ရဲ့ ပြောစကားလား ဒါမှမဟုတ် သူ့ကိုယ်ပိုင်အတွေးအခေါ်လား ကျနော်မသိပေမယ့် ဒီကောင့်ကို အဲဒီညကတော့ အထင်ကြီးတယ်။

နောက်နေ့မှာ အင်းစိန်ကမ်းနားလမ်းက ကျော်ညွန့်ဦးတို့မင်္ဂလာဆောင်ကို ကျနော်တို့သွားတယ်။ ဆရာမကလည်း ကျနော့်ကို ပြန်တွေ့ရလို့ ဝမ်းသာအားရနဲ့ စိတ်ဓါတ်မကျဖို့ပြောတယ်။ ကျော်ညွန့်ဦးကလည်း ခင်မောင်စိုးက လူတော်ပါအမရာ။ နောက်အဆင်ပြေသွားမှာပါလို့ ဝင်ပြောတယ်။ ပြီးတော့ တဆက်တည်း ငါယူလာတဲ့ အာမီရမ် ၂ ပုလင်းရှိတယ်။ ငါ မသောက်တော့ဘူး မင်းယူသွားတဲ့။ ဆရာမ ကဝင်ပြောတယ်။ နင် သိပ်မသောက်နဲ့နော်။ စစ်ဗိုလ်ဝတ်စုံတွေနဲ့ တင့်တယ်နေတဲ့ သူငယ်ချင်း ၂ ယောက်ကို ဧည့်ခံပွဲမှာထားခဲ့ပြီး ကျနော်ပြန်ခဲ့တယ်။ ကျနော့်စိတ်ထဲမှာ မနာလိုမှု မြူတမှုံ မရှိ။ သူတို့အတွက် ဂုဏ်ယူတယ်။ စစ်အစိုးရကိုမုန်းပေမယ့် ကျနော့်သူငယ်ချင်းတွေကို ချစ်တယ်။ သူတို့က လူကောင်းတွေပဲဟာ။

အဲဒီနေ့က မင်္ဂလာဆောင်ကနေ တဆက်တည်း အင်းစိန်ထောင်မှာကျန်နေတဲ့ သူငယ်ချင်း ပန်းချီဆရာ ကိုအင်ဒရူးကို သူ့မေမေနဲ့ ကျနော် လိုက်သွားပြီး ထောင်ဝင်စာ တွေ့တယ်။ ထောင်ကလွတ်ပြီး ပထမဆုံးအကြိမ် ပြန်ရောက်တာပါ။ ဒါပေမယ့် ဒီအကြိမ်မှာ ကျနော်က အကျဉ်းသားမဟုတ်တော့။ လွတ်လပ်သူ။ ကိုအင်ဒရူးက ကျနော့်ကို ရုတ်တရက်တွေ့တော့ တော်တော်ပျော်သွားတယ်။ မောင်ရင် မေမေတို့အိမ်သွားလည်လို့ ဝမ်းသာပါတယ်။ နောက်လည်း သွားပါ။ သူတို့ အားရှိတယ်တဲ့။ 

အဲဒါ အမှန်ပဲ။ အကျဉ်းသား မိသားစုတွေဟာ သူတို့ သားသမီးတွေ အဖေအမေ အကိုအမတွေနဲ့ ထောင်ထဲမှာ အတူနေခဲ့သူတယောက်ယောက် အိမ်လာလည်ရင် သိပ်ပျော်ကြတာ။ ငါတို့ အဖေအမေ သားသမီး အကိုအမကတော့ ထောင်ထဲမှာ ကျန်ရစ်တယ်ဆိုပြီး သူတို့ စိတ်ထဲမှာ မနာလိုမှု မြူတမှုံ မရှိ။ မုဒိတာပွားကြတယ်။ အားသိပ်ရှိကြတယ်။ ဟိုခေတ်က နိုင်ငံရေးအကျဉ်းသားတွေဆိုတာ အပယ်ခံ။ လမ်းတွေ့ရင် မမြင်ချင်ဟန်ဆောင်တာ ခံရတတ်တဲ့ လူတန်းစား။ မိသားစုပါ အဆစ်ခံရတာ။ အခုခေတ်လို ရုံးအထုတ်မှာ အဖွဲ့လိုက် လာအားပေး ကျွေးမွေးသူမရှိ။ ပန်းကုံး လည်ပင်းညွှတ်အောင် အစွပ်ခံရတဲ့ လူမျိုးမဟုတ်။ ကြုံတုန်းပြောရရင် အဲဒီလိုအကျဉ်းသားတွေရုံးအထုတ်မှာ ပန်းကုံးစွပ်တာကို ကျနော်တော့ သိပ်ခါးတာပဲ။ ကျနော်သာဆို မစွပ်ပါနဲ့ပြောမှာ။ နိုင်ငံရေးလုပ်တာ အဲဒီလို တခြားလူတွေက လာပြီး ဂုဏ်ပြုတာခံချင်လို့လား။ ရှက်စရာကြီးပါဗျာ။ တချို့လည်း အဲဒီလို မြှောက်ပေးကြလို့ အောက်ခြေလွတ်ပြီး မင်းလောင်းပေါ်သလို ကိုယ့်ပါးစပ်နဲ့ မဆန့်တဲ့စကားတွေ ပြောလို့။ ထားပါတော့။ ကျနော်က သူများ အမြင်ကပ်အောင် ပြောတတ်တယ်။

ကျနော် ကိုအင်ဒရူးကို နှုတ်ဆက်ပြီး ပြန်လာတော့ ညနေစောင်းစပြုပါပြီ။ အန်တီက ကျေးဇူးတင်စကားပြောတယ်။ သူက ကျနော့်ကို သားပဲခေါ်တာ။

အဲဒီညဟာ ကျနော်မူးတဲ့ ညတညပေါ့။ ကျော်ညွန့်ဦးပေးတဲ့ အာမီရမ်ကိုသောက်ရင်း ဂျော်နီပြောတဲ့စကားကို ကျနော်က သတိရနေတယ်။ နိုင်တဲ့သူ ဘုရင်ဖြစ်ပြီး ရှုံးတဲ့သူ သူပုန်ဖြစ်သတဲ့။ 

(ကိုအင်ဒရူးက ဆုံးသွားပြီ။ ကျော်ညွန့်ဦးက ဒဏ်ရာရပြီး ပင်စင်နဲ့ထွက်တယ်။ ဂျော်နီ (ကျော်ကျော်) ကတော့ တိုက်ပွဲကျတယ် ပထမကြားပြီး မဟုတ်ဘူး နေပြည်တော်မှာလို့ နောက်ပိုင်းကြားတယ်။ ဒီစာကြောင့်တော့ ဒီကောင် အရေးယူမခံရဘူး ထင်ပါရဲ့။ သူလည်း ပင်စင်ယူပြီးရောပေါ့။ ပြန်ဆုံချင်သေးတယ်။) 

(စစ်တပ် အာဏာသိမ်းနိုင်တယ်ကြားလို့ ဒီဆောင်းပါးကို လွန်ခဲ့တဲ့ ၂ နှစ်က ကျနော်ရေးခဲ့တာပါ။)

ခင်မင်စွာ
ခင်မောင်စိုး
၂၀၁၉ ဒီဇင်ဘာ ၂၉။

သူ့ဖေ့ဘုတ်ခ်မှ ကူးယူသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar