အောင်ဒင် - စစ်ကြီးအပြီးမှာလုပ်မယ့် စီးပွားရေး
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၂၁
စစ်ကြီးပြီးရင် စီးပွားရေးလုပ်မယ်…။
အမျိုးသားညီညွတ်ရေးအစိုးရဆီက ခွင့်တောင်းပြီး
မြို့ကြီးတွေရဲ့ ဆင်ခြေဖုန်းအရပ်မှာ
မြေကွက်ကျယ်ကျယ်ဝယ်မယ်၊
ဝင်ပေါက်၊ ထွက်ပေါက်ထားပြီး အုတ်တံတိုင်းခတ်မယ်၊
ခြံရဲ့အလယ်ခေါင်မှာ၊ ဆင်တင်းကုတ်ပုံစံမျိုး
အမိုးနဲ့ ကြမ်းပြင်ပဲပါတဲ့၊ လေးဘက်ဖွင့် အဆောက်အအုံတစ်လုံးရှိမယ်…။
အဲဒီ ကြမ်းပြင်ပေါ်မှာ
သန်းရွှေ၊ မောင်အေး၊ ခင်ညွန့်၊ မင်းအောင်လှိုင်၊ စိုးဝင်းတို့ရဲ့
မူလအရွယ်အစားအတိုင်း
လက်နှစ်ဖက် ခေါင်းနောက်မှာ ယှက်ပြီး
ဒူးထောက်၊ ခေါင်းငုံ့နေတဲ့ ဆီလီကွန် ရုပ်တု ၅ ခုရှိမယ်…။
ပြည်သူလူထုက ကြိုးဝိုင်းထဲက အဲဒီ ရုပ်တုတွေကို
တံတွေးနဲ့ ထွေးလို့ရမယ်၊ ခဲနဲ့ ပေါက်လို့ရမယ်
အသင့်ပေးထားတဲ့ ရာဘာတုတ်နဲ့ ရိုက်လို့ရမယ်၊
သားရေကွင်းနဲ့ ပစ်လို့ရမယ်၊
လက်သီးနဲ့ ထိုးလို့ရမယ်၊ ခြေထောက်နဲ့ ကန်ကြောက်လို့ရမယ်… ။
အဲဒီ အဆောက်အအုံကို
"ပြည်သူ့မေတ္တာဂေဟာ" လို့ အမည်ပေးမယ်…။
အားလုံး ပါဝင်နိုင်ဖို့အတွက်
ဝင်ကြေးက မများစေရပါဘူး၊
တစ်ယောက်မှ ကျပ်တစ်ရာပါ၊
ဒါပေမယ် စောင့်ဆိုင်းနေကြရမယ့် လူအုပ်ကြီးကို ငဲ့ညှာတဲ့အနေနဲ့
လူတစ်ယောက်ကို ၅ မိနစ်ပဲ မေတ္တာပေးခွင့်ရှိပါတယ်၊
အချိန်စေ့ရင် ထွက်ခွါပေးပါ
နောက်တစ်ခေါက် ထပ်ပြီး မေတ္တာပေးချင်တယ်ဆိုရင်
လက်မှတ်တစ်စောင်ထပ်ဝယ်ပြီး
နောက်က ပြန်တန်းစီပါ…။
အားမလို အားမရ၊ ပိုပြီး မေတ္တာထားချင်ကြသူတွေအတွက်
အထူးစပယ်ရှယ်အခန်း စီစဉ်ပေးပါ့မယ်
အဲဒီ ရှယ်အခန်းထဲမှာတော့ အဲဒီရုပ်တုတွေကို
ကွမ်းတံတွေးနဲ့ ထွေးလို့ရပါတယ်၊
လေးခွနဲ့ ပစ်ခွင့်ရှိပါမယ်၊
အုတ်ခဲနဲ့ ထုလို့ ရပါမယ်၊
အိမ်ကသယ်လာတဲ့ ဝါးရင်းတုတ်တွေနဲ့ ရိုက်လို့ရပါမယ်၊
ရုပ်တုကြီးများနဲ့ နပမ်းလုံးခွင့် ရှိပါမယ်၊
နည်းနည်းတော့ ပိုပေးရပါလိမ့်မယ်…။
၅ မိနစ်စာလက်မှတ်တွေကို
အွန်လိုင်းကနေ ကြိုက်သလောက် ကြိုတင်ဝယ်ယူနိုင်မှာပါ၊
NUG ရဲ့ ငွေတိုက်စာချုပ် ဝယ်ယူထားတဲ့ အထောက်အထားပြနိုင်ရင်
အောင်လံလွှင့်ချီ နွေဦးထီကို ဝယ်ယူခဲ့ဖူးရင်
NUG ကို အခွန်ဆောင်ထားရင်
NUG အတွက် ရန်ပုံငွေ ရှာဖွေပေးခဲ့သူများဆိုရင်
၂၀ ရာခိုင်နှုံး လျှော့ပေးပါ့မယ်၊
စီဒီအမ်ဝန်ထမ်းတွေ၊ ကျောင်းသားသမဂ္ဂတွေ
အထွေထွေသပိတ်အင်အားစုတွေ၊ PDF ရဲဘော်တွေ
နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက်ကတော့
ဝင်ကြေး အခမဲ့ဖြစ်ပါတယ်…။
ရပ်ဝေးက လာသူများအတွက်
ကားရပ်နားရန်နေရာ ရှိပါမယ်၊
မေတ္တာထားပြီး နား၊ နားပြီး စား၊
စားပြီး အကြိမ်ကြိမ် မေတ္တာထပ်ထားချင်သူများအတွက်
တည်းခိုခန်းနဲ့ စားသောက်ဆိုင်လည်း ရှိပါမယ်၊
၅ မိနစ်စာ မေတ္တာပေးတာကို
ဖေ့စ်ဘုတ်၊ ယူကျူနဲ့ တယ်လီဂရမ်ကနေ
တိုက်ရိုက်ထုတ်လွှင့်ပေးပါ့မယ်…။
ဧည့်သည်တွေဆီက စစ်တမ်းလည်း ကောက်မှာပါ၊
နောက်ထပ် ဘယ်သူတွေရဲ့ ရုပ်တုတွေ
တိုးချဲ့စေချင်သေးသလဲ
ဘယ်သူ့ကို ပိုပြီး မေတ္တာပေးချင်သလဲ
ဘယ်လိုနည်းလမ်းတွေနဲ့ မေတ္တာပေးချင်သလဲ
ပြည်သူလူထုရဲ့ ဆန္ဂ္ဂ္ဒနဲ့အညီ
မေတ္တာပေးစရာ နောက်ထပ်ရုပ်တုတွေ ထပ်ဖြည့်ပေးဦးမှာပါ…။
တချို့ ဝင်ကြေး တစ်ရာကျပ်တောင်မှ မပေးနိုင်သူများအတွက်
တချို့ အကြာကြီး တန်းစီမစောင့်နိုင်သူများအတွက်
တချို့ လူကြားထဲ မျက်နှာမပြချင်သူများအတွက်
ပြီးတော့ အထဲမှာ မေတ္တာပေးပြီး ပြန်ထွက်လာသူများအတွက် အပိုလက်ဆောင်
ထွက်ပေါက်တံခါးအနီးမှာ
လက်နှစ်ဖက် ခေါင်းနောက်မှာ ယှက်ပြီး
ဒူးထောက်၊ ခေါင်းငုံ့နေတဲ့ ဇော်မဲလုံးရဲ့ ရုပ်တုရှိပါမယ်
တစ်ပြားမှမပေးဘဲ ကြိုက်သလို လုပ်နိုင်ပါတယ်…။
ပျက်ဆီးသွားတဲ့ ရုပ်တုတွေနေရာမှာ
ချက်ချင်းအစားထိုးနိုင်ဖို့
စီဒီအမ်အင်ဂျင်နီယာတွေ ဦးစီးတဲ့
ဆီလီကွန်ရုပ်တုစက်ရုံ တည်ဆောက်မှာပါ၊
ပြည်သူတွေ ကိုယ့်အိမ်မှာကိုယ် ဆက်ပြီး မေတ္တာပေးနိုင်ဖို့
အရုပ်အသေးလေးတွေလည်း ရောင်းချပေးဦးမှာပါ၊
များပြားလှတဲ့ လူအုပ်ကြီးထဲ
အရေးပေါ်ကျန်းမာရေးစောင့်ရှောက်နိုင်ဖို့
စီဒီအမ်ကျန်းမာရေးဝန်ထမ်းများဦးစီးတဲ့
ဆေးခန်းတစ်ခုလည်း ရှိမှာပါ…။
အမျိုးသားညီညွတ်ရေးအစိုးရ လူကြီးမင်းများခင်ဗျား၊
အထက်ပါ စီးပွားရေးလုပ်ငန်းအဆိုပြုချက်ဟာ
ကျနော့်ရဲ့ ကိုယ်ပိုင်အိုင်ဒီယာဖြစ်ပါတယ်
အခြား စီးပွားရေးလုပ်ငန်းရှင်များက
ကျနော့်ရဲ့ အဆိုပြုချက်ကို တုပပြီး
ယှဉ်ပြိုင်လျှောက်ထားမှုတွေ ရှိခဲ့ရင်
လက်မခံပဲ ပယ်ချဖို့ တောင်းဆိုပါတယ်၊
ကျနော်ကလည်း လူကြီးမင်းများနဲ့ မိသားစုများကို
ကျနော့်ရဲ့ "ပြည်သူ့မေတ္တာဂေဟာ" တွေထဲ
ရာသက်ပန် အခမဲ့ဝင်ခွင့်ပေးပါ့မယ်…။
အခုအချိန်က စလို့
အစုရှယ်ယာထည့်ဝင်လိုသူများ
ဒေသအလိုက် လုပ်ငန်းခွဲဖွင့်ချင်သူများ
ခရီးသွားလုပ်ငန်းကိုယ်စားလှယ်များ
ကြိုတင်လက်မှတ် ဝယ်ယူလိုသူများ
ကျနော့်ထံ တိုက်ရိုက်ဆက်သွယ်နိုင်ပါပြီ
မြန်မာနိုင်ငံနှင့် ကမ္ဘာတဝှမ်း၊ မည်သူ့ကိုမှ ကိုယ်စားလှယ် လွှဲမထားပါ…။
ဒီဇင်ဘာ ၁၄၊ ၂၀၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar