Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၄ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၄ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၂၁

◾️ လေးကေကော်က ဖမ်းဆီးမှု (သို့မဟုတ်) NUG အတွက် စမ်းသပ်ခံရမှုတခု 
ဒီဇင်ဘာ ၁၄ ရက်နေ့နံနက်ပိုင်းမှာပဲ စစ်ကောင်စီတပ်တွေက မြဝတီကတဆင့် ကေအန်ယူတပ်သားဟောင်းတွေနဲ့ အရပ်သားတွေနေထိုင်ကြတဲ့ လေးကေကော်ြမို့ကို ဝင်ရောက်ပြီး အန်အယ်လ်ဒီလွှတ်တော်ကိုယ်စား လှယ်တဦးနဲ့အခြား ပြည်မကထွက်ပြေးတိမ်းရှောင်သွားသူလူငယ်၊ CDM ဝန်ထမ်းတချို့ကို ဖမ်းဆီးသွားကာ စစ်ကောင်စီတပ်တွေ လေးကေကော်မြို့ထဲက ရပ်ကွက်တခုမှာ တပ်စွဲထားလိုက်တယ်လို့ဆိုပါတယ်။ 

လေးကေကော်ဟာ ကေအန်ယူက စစ်ရေးအရ ထိန်းချုပ်ထားတဲ့ ဧရိယာတော့မဟုတ်ပါဘူး။ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြချိန်မှာ နီပွန်ဖောင်းဒေးရှင်းရဲ့ အကူအညီနဲ့ ကေအန်ယူ၊ အစိုးရတို့ပူးပေါင်းတည်ထောင်ခဲ့ကြတဲ့ မြို့သစ်ဖြစ်ပါတယ်။ မြဝတီမြို့ကနေ သောင်ရင်းမြစ်အတိုင်း တောင်ဘက်ကိုသွားတဲ့ ကားလမ်းအတိုင်း ၁၀ မိုင်လောက်အကွာအဝေးမှာတည်ရှိတဲ့ မြို့သစ်တမြို့ဖြစ်ပါတယ်။ ရေပေးဝေရေးစနစ် မြို့ကွက်ချပြီး နေအိမ်တွေ တန်းစီနေတဲ့ လူနေအိမ်ခြေ ၈၀၀ လောက်ရှိတဲ့မြို့က စစ်အာဏာသိမ်းမှုအပြီး ပြည်မကတိမ်းရှောင်သူတွေ အများအပြားခိုလှုံနေကြတဲ့ မြို့ဖြစ်လာခဲ့ပါတယ်။ ထိုင်းနယ်ခြားမျဥ်း သောင်ရင်းမြစ်နဲ့ မိနစ် ၂၀၊ နာရီဝက်လောက် လမ်းလျှောက်ရုံနဲ့ရောက်နိုင်ပြီး အချို့လည်း သောင်ရင်းမြစ်ကိုကူးကာ မဲဆောက်မြို့ဘက်ကို တိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လတွေကတည်းက လေးကေကော်ကို စစ်ကောင်စီတပ်တွေ လာရောက်စစ်ဆေးတာတွေရှိခဲ့ပေမယ့် အဲဒီအချိန်က မလာရောက်ခင် ကေအန်ယူဘက်ကိုအသိပေးခဲ့လို့ အခုလို ပြည်မကထွက်ပြေးတိမ်းရှောင်သူ နိုင်ငံရေးအရ ခိုလှုံသူတွေ ဖမ်းဆီးခံရတာမျိုးမရှိခဲ့ပေမယ့် အခုတကြိမ်မှာတော့ ကြိုတင်အသိပေးခြင်းမရှိပဲ ရုတ်တရက် ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်ကို သုံးသပ်ကြည့်ရင် NUG အစိုးရအနေနဲ့ ပြည်တွင်းထဲမှာပဲ မိမိတို့ကိုယ်တိုင် ထိန်းချုပ်ကာကွယ်ပေးထားနိုင်တဲ့ လွတ်မြောက်နယ်မြေ တခုရှိဖို့လိုအပ်တဲ့အချက်က ပေါ်လွင်ထင်ရှားလာပါတယ်။ NUG အစိုးရ အဖွဲ့ဝင်တွေ၊ ဆက်စပ်ကူညီလုပ်ကိုင်ပေးနေသူတွေဟာ လက်ရှိ ကေအန်ယူထိန်းချုပ်နယ်မြေမှာ အများအပြားခိုလှုံနေထိုင်နေကြသူတွေရှိသလို အိမ်နီးချင်းနိုင်ငံဘက်မှာလည်း နေထိုင်နေကြသူတွေရှိပါတယ်။ 

ကေအန်ယူအနေနဲ့ NCA စာချုပ်လိုမျိုးကို အသိအမှတ်ပြုထားတဲ့ ရပ်တည်ချက်၊ စစ်ကောင်စီနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတချို့ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တာကြောင့် အခုလိုအခြေအနေမှာ NUG အနေနဲ့ စဥ်းစားဆုံးဖြတ်တဲ့ စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုမျိုး ကေအန်ယူဘက်က ရွေးချယ်ချင်မှ ရွေးချယ်မှာ ဖြစ်ပါတယ်။ NUG ရဲ့ ရပ်တည်ချက်၊ မဟာဗျူဟာက ကေအန်ယူနဲ့ အပြည့်အဝတူညီဖို့ မဖြစ်နိုင်တဲ့သဘောမျိုးလည်း သုံးသပ်ရပါတယ်။ 

NUG အနေနဲ့ PDF အဖွဲ့တွေ တနိုင်ငံလုံး မြို့နယ် ၃၀၀ နီးပါးမှာ ဖွဲ့စည်းထားပြီလို့ တချို့သောသတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ပြောဆိုထားပါတယ်။ သို့ပေမယ့် အဲဒီလို မြို့နယ်ပေါင်း ၃၀၀ နီးပါးမှာ ဖွဲ့စည်းထားတဲ့ PDF အဖွဲ့တွေက NUG နဲ့ဘယ်လောက်ထိ ဆက်သွယ်ဆောင်ရွက်နေကြသလဲ၊ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ကြရာမှာ ဘယ်လောက်ထိ မဟာဗျူဟာ နည်းဗျူဟာအရ ပူးပေါင်းဆောင်ရွက်ကြသလဲ၊ တခုထဲသော အမိန့်ပေးမှုစနစ်အောက်မှာ ရှိကြတာလား စတဲ့ အသေးစိတ်မေးခွန်းတွေက ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအလယ်ပိုင်း နဲ့ အထက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းတို့မှာ မြို့နယ် အချို့လွတ် မြောက်နေပြီလို့ သတင်းဖေါ်ပြမှုတွေထဲ ပြောဆိုနေကြပေမယ့် ကေအန်ယူ၊ ကေအိုင်အေ၊ တီအန်အယ်လ်အေတို့လို လွတ်မြောက်နယ်မြေ ပိုင်ဆိုင်မှု ထူထောင်နိုင်မှုမရနိုင်သေးတဲ့အနေအထား ပထဝီဝင်အနေအထားအရလည်း မြန်မာနိုင်ငံအလယ်ပိုင်း ဝိုင်းပတ်ချေမှုန်းခံရနိုင်တဲ့ ပထဝီဝင်အနေအထားလိုနေရာမျိုးမှာ လွတ်မြောက်နယ်မြေထူထောင်ဖို့က ဥာဏ်နည်းရာကျတဲ့ အကြံဥာဏ်ဖြစ်ပါလိမ့်မယ်။ 

အခုလို ပြည်မက မြို့တွေရွာတွေဒေသတွေမှာ PDF လှုပ်ရှားမှုတွေ၊ မြို့တွေမှာ ပျောက်ကြားသပိတ်လို နေ့စဥ်နဲ့အမျှ ဖြစ်ပွားနေချိန် စစ်ကောင်စီက NUG ရဲ့ ပင်မနေရာလိုဖြစ်တဲ့ ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်ကစခန်းကို ခြိမ်းခြောက်လာခြင်းဟာ NUG ရဲ့ မဟာဗျူဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အားကိုးအားထားပြုမှုနဲ့ အတူ မိမိကိုယ်တိုင် လွတ်မြောက်နယ်မြေ ရှိဖို့လိုအပ်နေတဲ့အချက်ကို မီးမောင်းထိုးပြလိုက်သလိုလည်းရှိတယ်လို့ဆိုရင် မှားမယ်မထင်ပါ။ 

NUG ရဲ့ နိုင်ငံရေး စစ်ရေးမဟာဗျူဟာ နည်းဗျူဟာတွေ ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ လိုအပ်နေပြီလို့လည်း ယူဆမိပါတယ်။ 

ဒီနေ့အတွက် အခြားသတင်းတပုဒ်ကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖမ်းဆီးခံရတဲ့ ဓါတ်ပုံသတင်းထောက် ကိုစိုးနိုင်ဟာ ရက်အနည်းငယ်အတွင်း သေဆုံးသွားတယ်လို့ ဒီနေ့သတင်းထွက်ပေါ်လာပါတယ်။ အဲဒီနေ့က ရန်ကုန်မြို့ လသာမြို့နယ်မှာ သူနဲ့အတူ အခြားဓါတ်ပုံသတင်းထောက် တယောက်လည်း အဖမ်းခံရပြီး ကိုစိုးနိုင်က စစ်ကြောရေးမှာ လက်လွန်ခြေလွန် နှိပ်စက်ရင်း အသက်ဆုံးရှုံးရတယ်လို့ယူဆရပြီး ဒီအဖြစ်အပျက်ဟာ  စစ်အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးသော သတင်းသမား အသက်ဆုံးရှုံးရမှု ဖြစ်လာပါတယ်။ 

၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံး သတင်းအလုပ်လုပ်ရင်း သတင်းသမားသေဆုံးရတဲ့အဖြစ်အပျက်လည်း ဖြစ်ပါတယ်။ မြန်မာ့သတင်းလွတ်လပ်ခွင့်အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု စိုးရိမ်စရာအခြေအနေတရပ်ဖြစ်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar