မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၁၀ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၁
◾️ နိုင်ငံတကာလူ့အခွင့်အရေးနေ့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ
နှစ်စဥ် ဒီဇင်ဘာ ၁၀ ရက်နေ့ကို နိုင်ငံတကာလူ့အခွင့်အရေးနေ့လို့ သတ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာပဲ နော်ဝေနိုင်ငံက ကမကထပြုလုပ်တဲ့ နိုဘယ်ဆုလိုမျိုးကို ပေးအပ်ချီးမြှင့်တာလည်း ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်ကျော် မြန်မာနိုင်ငံသမိုင်းမှာလည်း ten D ဆိုတဲ့ အတိုကောက်ခေါ်ဆိုကြတဲ့ အဲဒီအချိန်က ငြိမ်းချမ်းရေးနိုဘယ်ဆုရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို လှုံ့ဆော်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ လှုပ်ရှားမှုတခုရှိခဲ့ပြီး တက်ကြွလှုပ်ရှားသူ လူငယ်လူလတ်ပိုင်းများစွာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲနှစ်များစွာနေခဲ့ကြရတဲ့ အတိတ်ကအဖြစ်အပျက်လည်း ရှိခဲ့ပါတယ်။
ဒီနှစ်မှာတော့ စစ်အာဏာသိမ်းပြီးနောက် ပိတ်ပင်လိုက်တဲ့ လူ့အခွင့်အရေးတွေအများအပြားရှိတဲ့အပြင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အင်အားသုံး ဖြိုခွင်းတာတွေ စစ်ကြောရေးလို့ခေါ်တဲ့ ဖမ်းဆီးပြီးစစ်မေးရာမှာတင် အသက်ဆုံးရှုံးကြရသူတွေ ၁၀၀ ပြည့်လုနီးဖြစ်လာတာတွေ၊ လက်နက်ကိုင်အဖွဲ့မဟုတ်ပဲ အရပ်သားတွေကို သံသယနဲ့ (သို့မဟုတ်) ကြောက်လန့်စေအောင် ရည်ရွယ်ပြီး လက်နက်ကိုင်ဆောင်ထားသူတွေက သတ်ဖြတ်မှုကျူးလွန်တာတွေက ပြီးခဲ့တဲ ၁၀ လကျော်အတွင်း မှတ်တမ်းမတင်ရတဲ့နေ့ မရှိရလောက်အောင် များပြားခဲ့တာဖြစ်ပါတယ်။
ဒီလိုအခြေအနေအောက်မှာ နိုင်ငံတကာလူ့အခွင့်အရေးနေ့ဆိုတာကို အထိမ်းအမှတ်အနေနဲ့ နှိုးဆော်ပြုလုပ်ကြရတာဟာ နာကျင်မှုအပြည့်နဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့ကို နှိုးဆော်ရသလို ဖြစ်နေပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၁၀ လကျော်ကာလအတွင်း လက်နက်ကိုင်လည်းမဟုတ်တဲ့၊ အရပ်သား အပြစ်မဲ့သူ၊ ကလေးသူငယ်၊ ယုံကြည်ချက်မတူညီ ရုံမျှနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေ ရာထောင်ချီရှိခဲ့ပြီ ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုတဲ့ စကားလုံးဟာ မြန်မာနိုင်ငံမှာ လူထုအကြား ပြန်လည်သိရှိလာကြတာဟာ ၁၉၈၈ ခုနှစ်ဝန်းကျင်ကာလက စတယ်လို့ဆိုရမယ်ထင်ပါတယ်။ အဲဒီမတိုင်ခင်ကာလတွေက ဆိုရှယ်လစ်အရေခွံခြုံထားတဲ့ စစ်တပ်လွှမ်းမိုးတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်အောက်မှာ လူ့အခွင့်အရေးဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် အနှစ်သာရတွေ လူသိမများခဲ့သလို အဲဒီခေတ်အခါက လက်ဝဲဝါဒက လူငယ်တွေ နိုင်ငံရေးသမားတွေအကြား ခေတ်စားကြလို့ လက်ဝဲဝါဒအရ လူ့အခွင့်အရေးဆိုတာကိုလည်း ဒီလောက်အရေးမထားကြတဲ့သဘောလည်း ဖြစ်ပါတယ်။ ၈၈ ခုနှစ် မတ်လ ဖုန်းမော်အရေးအခင်းလှုပ်ရှားမှုအပြီး အဲဒီအချိန်က ဗိုလ်ချုပ်ဟောင်း အောင်ကြီးရဲ့ ၄၁ မျက်နှာရှိတဲ့ အိတ်ဖွင့်ပေးစာမှာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို စသုံးခဲ့ရာက လူ့အခွင့်အရေးဆိုတဲ့ ရှုထောင့်ကနေ ပြည်သူတွေ နိုးထလာအောင် လှုံ့ဆော်ခဲ့ကြတာလို့ ပြန်သုံးသပ်ရပါတယ်။
တကယ်တော့ လူ့အခွင့်အရေးဆိုတာကို လက်ဝဲဝါဒနဲ့ အုပ်ချုပ်တဲ့နိုင်ငံတွေ တပါတီစနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံတွေမှာ အလေးမပေးကြပါဘူး။ နိုင်ငံတော်အတွက်၊ ပစ္စည်းမဲ့လူတန်းစားရဲ့ အာဏာတည်ဆောက်မှုအတွက် စတဲ့ အရေးတွေအတွက် လူ့အခွင့်အရေးကို တိမ်မြှုပ်ထားလိုက်ကြတဲ့ သဘောဖြစ်ပြီး အသိအမှတ်လည်း မပြုကြပါဘူး။ အာဏာရှင်စနစ် သို့မဟုတ် အာဏာရှင်တစိတ်တပိုင်းအုပ်ချုပ်ရေးစနစ်တွေလို့ ဆိုရင်မှားမယ်မထင်ပါ။
မြန်မာ့ နိုင်ငံရေးက ဒီမိုကရေစီ၊ ပါတီစုံစနစ်ကို ဦးတည်ရာကနေ စစ်အာဏာရှင်စနစ်၊ စစ်တပ်က အခွင့်ထူးခံနဲ့ အာဏာရဲ့ အဓိကကျတဲ့အပိုင်းတွေကို ထိန်းချုပ်ထားပြီး ရွေးကောက်ခံအရပ်သားတွေက ကျန်တဲ့အစိတ်အပိုင်းကို စီမံခန့်ခွဲနိုင်မယ့် စနစ်ကိုသွားဖို့ စစ်တပ်အာဏာနဲ့ ပြန်ပြီးခေါင်းတည်စေတာ ဖြစ်ပါတယ်။
ဒီအခြေအနေအောက်မှာ စစ်မှန်တဲ့ စကားလုံးနဲ့ လှည့်စားထားတာမဟုတ်တဲ့ လူ့အခွင့်အရေးဆိုတာကို ရဖို့ ကြိုးစားကြရဦးမှာ ရုန်းကန်ကြရဦးမှာဖြစ်ပါတယ်။ တကယ်တော့ လူ့အခွင့်အရေးဆိုတာဟာ နိုင်ငံရေးအာဏာတရပ်ကို အထောက်အကူပေးတဲ့ အရာမျိုးမဟုတ်ပဲ လူဖြစ်တည်မှုကို အသိအမှတ်ပြုလေးစားတဲ့ အခြေခံအယူအဆတရပ် အခြေခံ လိုက်နာရမယ့် စံနှုန်းတရပ်ကို အားပေးမြှင့်တင်ကြတဲ့ အရာတခုဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ် တနည်းအားဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သောအားဖြင့် ဒီနေ့ ၁၀ရက်နေ့ နေ့ခင်း ၆နာရီကြာ အပြင်မထွက်ရေး နှိုးဆော်ကြတာကို ရခိုင်ပြည်နယ်မှအပ မြို့ကြီးအားလုံးနီးပါးမှာ လိုက်နာ လုပ်ဆောင်ကြပြီး မြို့တွေမှာ စျေးဆိုင်တွေ ပိတ်ထားတာ၊ ကုန်တိုက်ကြီးတွေထဲက ဆိုင်အတော်များများ မထွက်တာတွေ တွေ့ရပါတယ်။ မနက်ပိုင်း ၁၀နာရီမထိုးမီမှာတော့ သွားစရာကိစ္စရပ်တွေကို သွားလာလုပ်ဆောင်ကြပြီး ၁၀ နာရီနောက်ပိုင်းမှာတော့ ရုံးတွေ၊ အချို့သောပုဂ္ဂလိက ကုမ္ပဏီတွေကလွဲပြီး လမ်းပေါ်မှာ အသွားအလာ မရှိသလောက် ရှင်းလင်းနေခဲ့တာတွေ့ရပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒီလိုနှိုးဆော်မှုရှိတဲ့နောက် စျေးဆိုင်တွေကို ဒီနေ့မှာပိတ်ထားခဲ့ရင် တလပိတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေမြို့အချို့မှာ လုပ်ခဲ့ကြတာတွေ့ရပါတယ်။
ဒီနေ့အဖို့အခြားသော သတင်းတွေကတော့ မြန်မာနိုင်ငံမှာ အကျဥ်းကျနေတဲ့ သတင်းသမား ၂၆ ဦးရှိတယ်လို့ အမေရိကန်အခြေစိုက် သတင်းသမားကာကွယ်ရေးကော်မတီ CPJ က ထုတ်ပြန်လိုက်ပြီး ဒီကိန်းဂဏန်းဟာ ကမ္ဘာမှာ ဒုတိယအများဆုံးကိန်းဂဏန်းဖြစ်လို့ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက ကမ္ဘာမှာ ဒုတိယအများဆုံး သတင်းသမားတွေဖမ်းဆီး အကျဥ်းချတဲ့ နိုင်ငံဖြစ်တဲ့ သဘောပါ။ သတင်းသမားဦးရေ ထောင်ဂဏန်းမျှသာရှိတဲ့ မြန်မာနိင်ငံအဖို့ အခုလို ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းထားတာဟာ အချိုးအစားအားဖြင့် အလွန်များတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar