ခင်မောင်စိုး - “ကျနော်တို့ ဘာလုပ်ကြမှာလဲ” (What Shall We Do?)
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၂၁
ဒီနေ့ မြန်မာပြည်ရဲ့အခြေအနေဟာ ကျနော့်မိဘတွေ ဂျပန်ခေတ်ကကြုံဖူးတဲ့ အတွေ့အကြုံနဲ့ ဘယ်ဟာပိုဆိုးသလဲတော့ ကျနော်မသိပါ။ ကျနော့်တသက်မှာတော့ အဆိုးဆုံးပါပဲ။ ဂျပန်ခေတ်က ကျနော့်မိဘတွေ ထောက် ကြံ့မှာနေပါတယ်။ ထောက်ကြံ့ရဲစခန်း (အဲဒီခေတ်က ဂါတ်တဲလို့ခေါ်တယ်။) ကို ဂျပန်တွေက ကင်ပေတိုင်စခန်းလုပ်ထားတယ်။ ဂါတ်တဲရှေ့က ညောင်ပင်ကြီးမှာတော်လှန်ရေးနဲ့ပတ်သက်ပြီး သံသယရှိလို့ ဖမ်းမိတဲ့သူတွေကို တံကျင်လျှိုပြီး တွဲလောင်းဆွဲထားတယ်တဲ့။ မိန်းမတယောက်ကို ကိုယ်လုံးတီးချွတ်ပြီး အဲဒီလို ကိုယ်ခန္ဓာအောက်ပိုင်း ပေါင် ၂ ဖက်ကြားကို ဝါးချွန်နဲ့ တံကျင်လျှိုပြီး တွဲလောင်းဆွဲထားတာ တမြို့လုံးသနားပေမယ့် ဘယ်သူမှတော့ အနားမသွားရဲကြဘူးလို့ ဆိုတယ်။ အဲဒီဝါးတံကနေ သွေးတွေစီးကျနေတယ်လို့ အဖေကပြောတယ်။ ကျနော့်အမေက အဲဒီမိန်းမဟာ တရက်လောက်နဲ့ မသေဘူးသားရဲ့။ ရေပေးပါ ရေပေးပါလို့ ခပ်တိုးတိုး ညီးနေတာကို အမေကြားတယ်။ နောက်နေ့ကျတော့ အသံတိတ်သွားရောလို့ ပြောတယ်။ ကျနော်တို့ မောင်နှစ်မတွေ ဂျပန်တွေကို အင်မတန်စိတ်နာခဲ့ကြတာပေါ့။
နောက်ပိုင်းမှာ မဆလခေတ် မြစ်ဝကျွန်းပေါ်မှာ ဖြတ်လေးဖြတ်နဲ့ စစ်ဆင်ရေးတွေလုပ်တုန်းက ဖမ်းမိတဲ့ တော်လှန်ရေးသမားတွေ သံသယရှိသူတွေကို စစ်တပ်က ဘယ်လိုလုပ်ခဲ့သလဲ။ တော်တော်များများ သိမှာပါ။ အဲဒီခေတ်တလျှောက်လုံးမှာ တိုင်းရင်းသားတွေကို အာဏာရှင်သြဇာခံစစ်တပ်က လူလို့သတ်မှတ်ခဲ့တာ မဟုတ်ပါဘူး။ ကျနော့်အမျိုးထဲမှာ တပ်ထွက်တွေလည်း ရှိပါတယ်။ တဦးကပြောဖူးတယ်။ “ငါတို့စစ်ဆင်ရေး ထွက်တဲ့အခါ ထင်တိုင်းလုပ်တာပဲကွ။ တခါက (တိုင်းရင်းသားလူမျိုးတခု သူပြောပါတယ်။ ကျနော် ဖွင့်မပြောချင်ပါ။) -- ရွာတရွာကို ငါတို့စစ်ကြောင်းဝင်တယ်။ တရွာလုံးက ယောကျ်ားတွေထွက်ပြေးသွားကြပြီဆိုတော့ မိန်းမနဲ့ကလေးတွေပဲကျန်တယ်။ တွေ့တဲ့မိန်းမ မုဒိမ်းကျင့်ကြတာတွေရှိတယ်။ တချို့ -- မလေးတွေဟာ သူတို့ကို မသတ်ပဲ စစ်ကြောင်းရွာထဲက မြန်မြန်ပြန်ထွက်သွားမှ သူတို့အသက်ချမ်းသာမှာပဲလို့ တွေးကြတယ်နဲ့ တူတယ်။ ခြင်ထောင်တွေ အိပ်ခန်းတွေထဲမှာ ထမီလေးတွေချွတ်ပြီး ဖင်ဘူးထောင်းလေးတွေထောင်လို့ အလွယ်တကူ လုပ်ခွင့်ပေးလိုက်ကြတာပဲ။ မပေးရင် ဓါးနဲ့ထိုး ပါးရိုက်ကြမှာကိုးကွ။ ကံမကောင်းရင် အသတ်ပါခံရဦးမှာ။ ငါတို့ထဲက လူစိတ်ရှိတဲ့ကောင်တွေကတော့ ဒါမျိုးမလုပ်ပါဘူး။ ဒါပေမယ့် တပ်ထဲမှာ ဖာခေါင်းသာသာကောင်တွေကလည်း ရှိတာပဲ။” (စစ်တပ်ထဲက ထွက်ခွင့်ရဖို့ သူအတော်ကြိုးစားခဲ့ရတာပါ။)
၂ဝဝဝ ကျော် နှစ်တနှစ်မှာ ကျနော် ထိုင်းမြန်မာနယ်စပ်က နို့ပိုးစခန်းကိုရောက်တယ်။ KNU အတွင်းရေးမှူး ပဒိုမန်းရှာစီစဉ်ပေးပြီး ဦးမန်းငြိမ်းမောင်နဲ့ သွားတာပါ။ (ကျနော်နဲ့ ဦးမန်းငြိမ်းမောင် မြန်မာနယ်စပ်ကို ထိုင်းကနေ သောင်ရင်းမြစ်ဖြတ်ပြီး တနေ့တည်း ၃ နေရာ ရောက်အောင်သွားဖူးပါတယ်။ ပဒိုမန်းရှာရဲ့သား ဆေးဆေး ကိုယ်တိုင်လိုက်ပို့တာပါ။ ဒါက ကြုံလို့ပြောတာဖြစ်ပြီး အဲဒီတခေါက်ကတော့ ဆေးဆေး မပါပါဘူး။) စခန်းမှာ ညအိပ်တယ်။ မအိပ်ခင် ညနေစောင်းမှာ ကရင်တိုင်းရင်းသားတယောက် ၄ နှစ်လောက်ရှိမယ့် သမီးလေးတယောက်ကို လက်တွဲပြီး စခန်းကိုရောက်လာတယ်။ သူတို့ယာတဲကို မြန်မာစစ်တပ်ဝင်ပြီး သေနတ်နဲ့ပစ်လို့ သူ့မိန်းမနဲ့ တခြားကလေး ၃ ယောက်သေပြီး ကျန်တဲ့သမီးလေးကို ခေါပြီးပြေးလာတာတဲ့။ ကလေးမက လက်တဖက်ကျိုးနေလို့ ဝါးချမ်းပြား ၂ ပြားနဲ့လက်မောင်းကိုပတ်တီးစည်းပြီး လည်ပင်းနဲ့ ကြိုးသိုင်းထားတယ်။ အဲဒီ ကရင်အမျိုးသားရဲ့မျက်နှာက ကြေကွဲနေတယ်။ ဘယ်လိုဖြစ်တာလဲမေးတော့ သူတို့ယာတဲကို မဆလတပ်စုတခု ညဖက်ကြီးဝင်လာတယ်တဲ့။ အဲဒီအချိန်မှာ သူက မလှမ်းမကမ်းမှာရှိတဲ့ တခြားယာတဲတခုကို သွားလည်နေတယ်။ မှောင်ထဲမှာ စစ်သားတွေက သေနတ်တွေနဲ့ အကြီးအကျယ်ပစ်နေတယ်။ သူက ပြန်ပြေးသွားတဲ့အခါ သူ့ယာတဲမရောက်ခင်မှာပဲ သူ့မိန်းမက မလာနဲ့ မလာနဲ့လို့ အော်သံကြားရလို့ သူလည်း မသွားပဲ ပုန်းနေတယ်။ စစ်သားတွေပစ်ခတ်ဖျက်ဆီးတဲ့ အသံတွေကြားတယ်။ သူ့မိန်းမအော်သံလည်း ကြားတယ်။ ကလေးတွေလည်း အော်ငိုကြတယ်။ အဲဒါ မနက်မိုးလင်းမှ တခြားအဖေါ်တွေနဲ့ သွားကြည့်တော့ သူဘာတွေမြင်သလဲသိလား။ အဲဒီ ကရင်ကြီးက ကျနော့်ကိုပြောရင်း မျက်ရည်တွေကျနေတယ်။
“ကျနော့်မိန်းမက အိမ်ပေါ်ကကွပ်ပျစ်ထဲမှာ သေနတ်ဒဏ်ရာ ဓါးဒဏ်ရာတွေနဲ့သေနေတယ်။ ကျနော့် ကလေး ၃ ယောက်လည်း သေနေတယ်။ ကလေးတယောက်က အိမ်အောက်က မြေကြီးပေါ်မှာ ဗိုက်ပွင့်ပြီး အူတွေထွက်နေတာကို ဝက်တွေက စားနေတယ်။”
(ကျနော် အဲဒီသတင်းလွှင့်ခဲ့တာကို တချို့မှတ်မိဦးမှာပါ။ အဲဒီကရင်တိုင်းရင်းသားဟာ ပြောရင်းကနေ သူ့ကလေးရဲ့ အူတွေကို ဝက်တွေစားနေတာပြောရင်း ဆို့တက်သွားသလိုဖြစ်လို့ ကျနော်ဆက်မမေးတော့ပါဘူး။ ကျနော်လည်း အသံဖမ်းရင်း ငိုနေခဲ့တယ်။ နို့ပိုးစခန်းက ကျနော်တို့ပြန်လာပြီး နောက်ပိုင်း သူ့ကို မီဒီယာတွေ ခဏခဏလာမေးကြလို့ စိတ်ထိခိုက်ပြီး တောထဲပြန်သွားတယ်လို့ ကြားပါတယ်။)
အဲဒီနှစ်တွေမတိုင်ခင်ကလည်း ကျနော်နဲ့ ဦးမန်းငြိမ်းမောင် KNU စခန်းတခုကို သွားပါတယ်။ အဲဒီတုန်းက ကျနော် မေတ္တာရပ်ခံတဲ့အတွက် ဗိုလ်ချုပ်ကြီးမြက စီစဉ်ပေးတာပါ။ သူ့သားအငယ်တယောက်က ကားမောင်းပြီးလိုက်ပို့ပါတယ်။ စမ်းချောင်းတခုပေါ်က ဝါးလုံးတံတားကိုဖြတ်တာနဲ့ မြန်မာ့မြေပေါ်က KNU စခန်းရောက်တာပေ့ါ။ ဗိုလ်ချုပ်ကြီးရဲ့သား ဗိုလ်မှူးနာဒါးမြ (အခု ဗိုလ်ချုပ်ကြီးထင်တယ်။) ရဲ့ စခန်းပါ။ ဝါးတဲတွေမှာ စစ်သားတချို့ရှိတယ်။ တဲတခုမှာ လူငယ်စစ်သားတယောက်က တပေလောက်ရှည်တဲ့ ဓါးမြှောင်တချောင်းကို ဓါးသွေးကျောက်မှာ သွေးနေတယ်။ ရေနည်းနည်းဆမ်းလိုက်၊ သွေးလိုက်၊ ဓါးသွားကို စမ်းလိုက်နဲ့။ ဦးမန်းငြိမ်းမောင်က ပြောတယ်၊ ခင်ဗျား အင်တာဗျူးလုပ်ချင်တယ်မဟုတ်လား။ သွားမေးလေဗျာ သူ မြန်မာစကား နည်းနည်းတတ်ပါတယ်တဲ့။ ကျနော်က တဲထဲကို ခေါင်းငုံ့ဝင်သွားပြီး အသံဖမ်းကက်ဆက်ကိုဖွင့်လိုက်တယ်။ အဲဒီတုန်းက MP3 recorder မရှိသေး။ နာမည်ဘယ်လို ခေါ်သလဲဗျ။ သူက တခွန်းပဲဖြေပြီး ဓါးဆက်သွေးနေတယ်။ သူ့ကြည့်ရတာ သိပ်ပြီးပြောချင်ပုံမရ။ ကျနော်က နောက်တခွန်းဆက်မေးတယ်။ ခင်ဗျား ဘာလို့တော်လှန်ရေးလုပ်တာလဲဗျ၊ သူက ကျနော့်ကို တချက်လှမ်းကြည့်ပြီး သံပြတ်နဲ့ ခပ်ကျယ်ကျယ်ပြောတယ် “လူသတ်ချင်လို့”။ ကျနော့်နား သယ်စပ်က ဆံပင်မွှေးတွေထောင်သွားတယ်လို့ ထင်ပါတယ်။ ကျနော်တကယ်လန့်သွားတာ။ သူက ဆက်ပြောချင်ပုံမရလို့ တဲထဲကထွက်လာခဲ့ပြီး ဦးမန်းငြိမ်းမောင်ကိုမေးတော့မှ “အဲဒီကောင်လေးကို ဟိုငယ်ငယ်လေးထဲက ကျနော်တို့တပ်က မွေးစားခဲ့တာဗျ။ သူ့အဖေရော အမေပါ ခင်ဗျားတို့ ဗမာစစ်တပ်ကသတ်သွားတာ” တဲ့။ တိုင်းရင်းသားတွေရဲ့ဘဝကို အခု မြန်မာပြည်သူတွေ ကိုယ်ချင်းစာတတ်လာတာကို မြင်ရကြားရတဲ့အခါ ဝမ်းအသာဆုံးလူတွေထဲမှာ ကျနော်ပါတယ်။
အဲဒီ သန္ဓေမမှန်တဲ့စစ်တပ်ဟာ အခုကော ဘာတွေလုပ်နေလဲ။ မိခင်ဖခင်၊ ခင်ပွန်းဇနီး၊ သားသမီးတွေကို ကားနဲ့တိုက်၊ ကြိုးနဲ့တုပ်မီးရှို့၊ ပါးစပ်ထဲ အက်ဆစ်လောင်း၊ မသေမချင်း ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်ခံရလို့ ယူကြုံးမရတဲ့ သတင်းတွေကို နေ့စဉ်ကြားရ မြင်ရတယ်။ သူများလို မတရားမြေကွက်ယူ ခိုးဝှက်အနိုင်ကျင့်၊ လာဘ်စား၊ လက်နက်ပွဲစား၊ ပါမစ်ရောင်းစားလုပ်တဲ့ငွေတွေနဲ့ တည်ဆောက်ထားတာ မဟုတ်ပဲ သူတို့တသက်လုံးစုဆောင်းငွေနဲ့ ဆောက်ထားတဲ့အိမ်တွေ မီးရှို့ခံရ၊ ကြက်ဝက်ကျွဲနွားတွေ ပစ်ခတ်စားသောက်ခံရ၊ စပါးတွေမရိတ်နိုင်၊ နေစရာမရှိ စားစရာမရှိနဲ့ တောတွေထဲမှာ သစ်ရွက်မိုးတဲထိုးနေကြရတယ်။ နာကြဖျားကြပေမယ့် လုံလောက်တဲ့ကုသမှုမရှိ။ အသတ်ခံရတဲ့သတင်းတွေက နေ့စဉ်။ ဂျာမဏီမှာ ဟစ်တလာလက်ထက်နဲ့ ကမ္ဘောဒီးယားမှာ ပိုပေါ့အစိုးရ အာဏာရစဉ်ကတောင် ဒီနေ့ခေါ်သွား မနက်ဖြန် အလောင်းလာယူခိုင်းတာ မကြားဖူးပါဘူး။
မြန်မာလူထုကိုလျှော့တွက်ရင် အမြဲမှားတယ်။ (ကျနော်ပြောတဲ့ မြန်မာလူထုဆိုတာ မြန်မာပြည်မှာ မွေးဖွားကြီးပြင်းတဲ့ လူမျိုးဘာသာပေါင်းစုံနဲ့ သူတို့ကမွေးဖွားသူအားလုံးကို ဆိုလိုတာပါ။) မြန်မာလူထုဟာ လွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံရေးအတွေ့အကြုံ ရှိခဲ့သူတွေဖြစ်လို့ နိုင်ငံရေးပါးဝနေတာ ရာစုနှစ်တခု မကတော့ပါဘူး။ ခေတ်အဆက်ဆက် လှုပ်ရှားမှုတိုင်းကိုကြည့်ပါ။ လူထုဟာ ဆုံးဖြတ်ချက်မှန်ခဲ့၊ တာဝန်ကျေခဲ့ တာချည်း၊ ခေါင်းဆောင်ကောင်းရှိရင် နောက်ကတသားတည်းလိုက်ခဲ့တာချည်းပါပဲ။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေး ရအောင်ယူနိုင်ခဲ့တာပေ့ါ။ ထို့အတူ သူတို့ခေါင်းဆောင်လို့ လက်ခံထားသူတဦးက လမ်းလွဲသွားရင်လည်း လူထုက ချက်ခြင်းစွန့်ခွာလိုက်ကြတာပဲဆိုတာ ၁၉၈၈ အရေးအခင်းမှာ ဗိုလ်ချုပ်အောင်ကြီးတို့ ဝန်ကြီးချုပ်ဟောင်း ဦးနုတို့ရဲ့ပါတီတွေ မအောင်မြင်ခဲ့ခြင်းက သက်သေဖြစ်ပါတယ်။ တကယ်တော့ မြန်မာပြည်ဟာ မြန်မာပြည်သူတွေကို ထိထိရောက်ရောက် ဦးဆောင်နိုင်ခြင်းမရှိတဲ့ခေါင်းဆောင်တွေ၊ သူတို့ရဲ့ အင်အားကို ထိထိမိမိ အသုံးမပြုနိုင်သူတွေ၊ သူတို့ကို အထင်သေး နားမလည်တဲ့သူတွေကြောင့်သာ ဒီနေ့ ဒီလို အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နေရတာဖြစ်တယ်။
လူတချို့က ပြောတယ်။ ဗိုလ်ချုပ်နေဝင်းကြောင့် မြန်မာနိုင်ငံဟာ အာရှမှာ အချမ်းသာဆုံးတိုင်းပြည်ကနေ အဆင်းရဲဆုံးနိုင်ငံတခုဖြစ်ခဲ့ရတယ်တဲ့။ တဝက်တပျက်ပဲမှန်တယ်၊ လွတ်လပ်ရေး မရခင်နဲ့ ရစဉ်ကတည်းက ခေါင်းဆောင်တွေမှာလည်း တာဝန်ရှိတယ်လို့ ကျနော်ယုံကြည်တယ်။ ကျနော့်ကို ၁၉၇၆ ခုနှစ် အင်းစိန်ထောင် ၃ ဆောင် (အဆောင် ၃ ကို ထောင်ဝေါဟာရအရ ၃ ဆောင်လို့ ခေါ်ပါတယ်။) မှာထားတုန်းက ဖဆပလ ဦးကျော်ငြိမ်းရဲ့သားတွေဖြစ်တဲ့ ကိုထွန်းကျော်ငြိမ်း (ကိုတွတ်) နဲ့ ကိုဘိုဘိုကျော်ငြိမ်းတို့နဲ့ အပေါ်ထပ်ကအခန်းတခုမှာ အတူနေဖူးတယ်။ ထောင်ကထွက်ပြီးလည်း အရမ်းရင်းနှီးခဲ့သူတွေဖြစ်ခဲ့ပါတယ်။ အယူအဆ မတူတာတွေကတော့ သီးခြားပြသနာပါ။ ကိုတွတ်က ဒေါ်ယဉ်ယဉ်နွယ်ရဲ့ black and white အဖြူအမဲ ပို့စကဒ်ဓါတ်ပုံတပုံကိုပြပြီး (ဆံပင်ရှည်ရှည်နဲ့ တကယ်လှတယ်ဗျ) ကိုယ့်အဖေကို သူ့အဖေကဖမ်းပြီး သူ့သားက ကိုယ့်လက်ထပ်မယ့် မိန်းမကို သုတ်သွားတယ်ကွာလို့ ပြောလေ့ရှိပါတယ်။ အဲဒီတုန်းက တရက်မှာ ကျနော်ကပြောတယ်။ လူတွေက အခု ဗိုလ်နေဝင်းကိုပဲ လက်ညှိုးထိုးနေကြတယ်ဗျ။ တကယ်တော့ ကိုတွတ်တို့ ကိုဘိုတို့အဖေအပါအဝင် ဖဆပလ ခေါင်းဆောင်တွေရော တခြား အဖြူအနီခေါင်းဆောင်တွေပါ အားလုံးမှာတာဝန်ရှိခဲ့တာပဲ မဟုတ်လားလို့။ ခင်မောင်စိုးပြောတာလည်း မှန်ပါတယ်လို့ သူတို့ပြောတယ်။ ကျနော်နဲ့ ရန်မဖြစ်ချင်လို့လားတော့ မသိဘူး။
၁၉၆၂ အာဏာသိမ်းတဲ့ ဗိုလ်ချုပ်နေဝင်းက နောင်တချိန်မှာ သူမှားကြောင်း ဝန်ခံခဲ့ဖူးသလို အလံနီသခင်စိုးကလည်း မြန်မာပြည်အခုလိုဖြစ်ရတာ သူ့ကြောင့်လို့ ဝန်ခံခဲ့ဖူးတယ်လို့ ဆိုတယ်။ စစ်တပ်ကို အစကတည်းက ဒီမိုကရေစီနိုင်ငံတွေမှာရှိတဲ့ စစ်တပ်တွေလို အတွေးအခေါ်ရော အဆင့်အတန်းပါ (ရုပ်ရောနမ်ပါ) မြင့်မြင့်မားမား သွတ်သွင်းဆုံးမ တည်ထောင်ပေးနိုင်ခဲ့ရင် ဒီလို ဥပဒေမဲ့လုပ်ရပ်တွေကို သူတို့ဘယ်လို လုပ်နိုင်ခဲ့မှာလဲ။ အခုတော့ ထစ်ကနဲရှိ အာဏာသိမ်းမယ်ဆိုပြီး သူ့အမေလင်က အမွေပေးထားတဲ့အတိုင်းပဲ။
ရွေးကောက်ပွဲ မဲမသာမှုကြောင့်လု့ိ ကျနော့် လာမပြောပါနဲ့ဗျာ။ အာဏာသိမ်းဖို့ မြှောက်ပေးခဲ့တဲ့ ပါတီတခုရဲ့ ခေါင်းဆောင်တဦး ကိုယ်တိုင် ကျနော့်ကို ရွေးကောက်ပွဲမတိုင်ခင် ၃ လလောက်ကတည်းက ညွန့်ပေါင်းမဖြစ်ရင် စစ်တပ်ကအာဏာသိမ်းမှာ ကြိမ်းသေပဲလို့ ပြောဖူးပါတယ်။ ရွေးကောက်ပွဲပြီးတော့လည်း သူပြောသေးတယ်။ NLD ကို ဒေါ်အောင်ဆန်းစုကြည်ရှိနေသရွေ့ ကျနော်တို့ မနိုင်ဘူးဆိုတာသိပါတယ်။ အခုလည်း မဲအပြတ်အ သတ်နဲ့ နိုင်တယ်ဆိုတာ လက်ခံပါတယ်။ ကျနော်တို့က အဲဒီမဲမသမာမှုတွေကိုပဲ ရှင်းပေးစေချင်တာပါ။ အဲဒီလို ရှင်းပေးလို့လည်း NLD က ဘာမှနစ်နာစရာမရှိပါဘူးတဲ့။ ကျနော်တို့ သိက္ခာအတွက်ပါတဲ့။ သူပြောတာကို ကျနော် ပြန်ပြောတာပါ။ မှန်တယ်လို့ ပြောတာမဟုတ်ပါဘူး။ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ ယေဘုယျအားဖြင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ ကမ္ဘာတခုလုံးလက်ခံထားတာပဲ။ မြန်မာလူထု အခုပေါက်ကွဲနေတာဟာ NLD အာဏာမရလို့မဟုတ်ပဲ ဒီမိုကရေစီကို အနိုင်ကျင့်ခံရလို့ပဲဆိုပြီး လူတိုင်းလိုလိုပြောနေကြတာဟာ ပကတိအရှိတရား ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘယ်သူလာနားချချ ဖြစ်ပြီးသားတွေ အရေးမယူပဲမေ့လိုက်ဖို့ လူထုက လက်ခံမယ် မထင်ပါဘူး။ လူစိတ်ရှိတဲ့သူ ဘယ်သူကမှလည်း အဲဒီစကားပြောမယ်လို့ ကျနော် မထင်ပါ။ ကုလ နဲ့ နိုင်ငံတကာကလည်း တာဝန်ခံမှုနဲ့ တာဝန်ယူမှုတွေကို ဒါကြောင့်ပြောနေတာပေါ့။ ကျနော့်ကို ဆရာလူထုစိန်ဝင်းက ပြောဖူးတယ်။ မြန်မာပြည်သူတွေဟာ ခေတ်အဆက်ဆက် တာဝန်ကျေခဲ့တယ်။ ၈၈ တုန်းက မဆလနဲ့စစ်တပ်ဟာ ဘာလုပ်ရမှန်းမသိပဲ လနဲ့ချီပြီး လေဖြတ်နေခဲ့တယ်၊ ကျနော်တို့ လူထုခေါင်း ဆောင် တွေ မညီညွတ်ကြလို့ နောက်ဆုံးမှာ စစ်တပ်ကအာဏာသိမ်းသွားတာပဲတဲ့။ (ကျနော် ရေဒီယိုကလွှင့်ဖူးပါတယ်။)
အခုလည်း မြန်မာလူထုဟာ ကမ္ဘာပေါ်က လူသားတိုင်း (လူစိတ်ရှိသူတိုင်း) က ချီးမွမ်းနေရတဲ့ လူထုဖြစ်နေပါပြီ။ ကိုဗစ်အပါအဝင် လူမှုဆင်းရဲဒုက္ခပေါင်းစုံခံစားနေရတဲ့ အခြေအနေအောက်ကနေ ဒီလောက်ဖိနှိပ်သတ်ဖြတ် နေတဲ့ အကြမ်းဖက်သမားတွေကို အညံ့မခံ အရှုံးမပေးပဲ နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေကြတာဟာ ကမ္ဘာ့သမိုင်းမှာ သင်္ခန်းစာသစ်တခုဖြစ်လာမှာပါ။ ကျောင်းဆရာမတယောက်က ကျနော့်ကိုပြောတယ်။ ဦးခင်မောင်စိုးရေ ကျမတို့ NUG ဝန်ကြီးတွေကိုပြောလိုက်ပါ။ ကျမတို့ CDM တွေဘဝက ဒီထက်ထူးပြီး မဆိုးတော့ပါဘူး။ ထောက်ပံ့ငွေတွေ ပေးမနေပါနဲ့တော့။ ကျမတို့ပေးမယ့်အစား အာဏာရှင်တွေ မြန်မြန်ဖယ်ရှားဖို့ပဲ သုံးပါ။ ကျမတို့ ဒီလိုပဲ ဆက်ပြီးတောင့်ခံထားမယ်လေတဲ့။ သူကနောက်ဆက်တွဲစကားတခွန်းပြောသေးတယ်။ ကျနော် ဘာပြန်ပြောရမှန်းမသိတဲ့စကားပါ။ “မကြာတော့ဘူး မဟုတ်လား” တဲ့။ ဆရာမရယ် အားတင်းထားပါ။ ဆရာမလို လူတွေများတဲ့ မြန်မာနိုင်ငံနဲ့မှ ဒီမိုကရေစီဟာမထိုက်တန်ဘူးဆိုရင် တခြားဘယ်နိုင်ငံမှ ထိုက်တန်မှာမဟုတ်ပါဘူး။
ကျနော့်ကို သတင်းသမားတယောက်ကပြောတယ်။ မီဒီယာနဲ့နိုင်ငံရေး မရောထွေးနဲ့တဲ့။ ဒီနေ့ ကမ္ဘာပေါ်မှာ နိုင်ငံရေးနဲ့ကင်းတဲ့မီဒီယာမရှိပါဘူးလို့ ကျနော်ပြောရင် သူအံ့သြနေမလားပဲ။
ကျနော့်ကို နိုင်ငံရေးသမားတယောက်ကပြောတယ်။ ပညာရေးနဲ့ နိုင်ငံရေး မရောထွေးနဲ့တဲ့။ ပညာရေးနဲ့ နိုင်ငံရေးဟာ မိသားစုတစုထဲပဲလို့ ကျနော်ပြောရင် သူလက်ခံနိုင်ပါ့မလား။
ကျနော့်ကို ဘာသာရေးသမားတယောက်ပြောတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး မရောထွေးနဲ့တဲ့။ ဘာသာရေးနဲ့ နိုင်ငံရေးဟာ ထာဝရဒွန်တွဲနေတယ်လို့ ကျနော်ပြောရင် သူ ခါးခါးသီးသီး ငြင်းမယ်ထင်ပါရဲ့။
ကျနော်နဲ့ အမေရိကန်ပါမောက္ခ Karl Idsvoog ကားလ် အစ်ဒ်ဗူးဂ် တို့ ၂ဝ၁၅ ခုနှစ်က တိုင်းရင်းသား သတင်းထောက် လူငယ်တချို့ကို ပြည်လမ်း မြန်မာ့အသံက အခန်းဟောင်းလေးတခုမှာ သင်တန်းပေးခဲ့ဖူးတယ်။ ဝါရှင်တန်ကမထွက်ခင်မှာ ကားလ်က နံမည်ကျော် အမေရိကန် မက္ကဆီကန် သတင်းထောက် Jorge Ramos ဟိုဟေး ရာမို့စ်ရဲ့ လက်ချာတခုကို မှတ်မှတ်ရရ ထည့်သင်ရအောင် မင်းဘာသာပြန်ခဲ့ကွာဆိုပြီးပေးတယ်။ ကောက်နုတ်ချက်တချို့က ဒီလိုပါ။
သတင်းထောက်တွေ ဘက်မလိုက်ရဘူးဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် နေရာတိုင်းမှာတော့ မဟုတ်ဘူး။ အာဏာရှင်စနစ်နဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုတင်ပြမယ်ဆိုရင် ဘက်မလိုက်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဘက်မလိုက်ရင် တရားမျှတမှုရှိမှာ မဟုတ်လို့ပဲ။
ဟစ်တလာရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကနေလွတ်မြောက်ခဲ့တဲ့ နိုဘယ်လ်ဆုရှင် Elie Wiesel အယ်လီ ဝီဆယ်လ် ကပြောခဲ့ပါတယ်။ “ကြားနေမှုဟာ ဖိနှိပ်သူတွေကိုပဲ ကူညီရာကျပြီး ဖိနှိပ်ခံရသူတွေကိုတော့ ဘယ်တော့မှ အကျိုးမဖြစ်ထွန်းပါဘူး။”
တောင်အာဖရိကနိုင်ငံမှာ လူဖြူလူမည်းခွဲခြားမှု ပပျောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဘုန်းတော်ကြီး Desmond Tutu ဒက်စမွန် တူးတူးကလည်း ဒီလိုပြောခဲ့ပါတယ်။ “တရားမျှတမှုကင်းမဲ့နေတဲ့ အခြေအနေတခုအောက်မှာ ခင်ဗျားက ကြားနေမယ်ဆိုရင် ခင်ဗျားဟာ ဖိနှိပ်သူဖက်က ရပ်တည်ဖို့ ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကြွက်တကောင်ရဲ့အမြီးကို ဆင်တကောင်က သူ့ခြေထောက်ကြီးနဲ့ နင်းထားချိန်မှာ ခင်ဗျားက ကြားနေမယ်၊ ငါတော့ ဘာမှမပြောဘူးဆိုရင် ခင်ဗျားရဲ့ ရပ်တည်ချက်ကို အဲဒီကြွက်ကတော့ ချီးမွမ်းအသိအမှတ်ပြုနိုင်မယ် မဟုတ်ပါဘူး။”
ကျနော်တို့ သတင်းထောက်တွေ ဘက်လိုက်ပါတယ်။ ဘယ်ဘက်ကလိုက်သလဲဆိုရင် အမှန်တရားဘက်က လိုက်ပါတယ်။ အမှန်တရားက ဘယ်မှာရှိပါသလဲ။ ဟုတ်ကဲ့ အမှန်တရားဟာ လူထုထဲမှာ ရှိပါတယ်။ ဒါကြောင့် ကျနော် လူထုဖက်က အမြဲဘက်လိုက်ပါတယ်လို့ ဟိုဟေး ရာမို့စ်ကပြောပါတယ်။ (သူ့အကြောင်းသိချင်ရင် Google မှာရိုက်ကြည့်ပါ။)
အဲဒီတော့ လက်ရှိအခြေအနေမှာ ကျနော်တို့ သတင်းထောက်တွေ ဘယ်လိုရပ်တည်မလဲဆိုတာ ကိုယ့်ဖာသာ စဉ်းစားဆုံးဖြတ်ကြဖို့ပါပဲ။ သေချာတာတခုကတော့ ဒီနေ့ကျနော်တို့ ဘဝမှာကြုံတွေ့နေရတဲ့ အခွင့်အရေးကို ဒီဘဝမှာ နောက်တကြိမ် ကျနော်တို့ ဘယ်တော့မှ ပြန်ရနိုင်မှာမဟုတ်ဖူးဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒီလို ကာလမှာ ချစ်ခင်လို့ ဖေ့ဘွတ်မှာ မိတ်ဆွေအဖြစ်လက်ခံထားသူတွေလည်း မွေးနေ့တွေ၊ ပါတီဖွဲ့ပျော်ပါးနေတာတွေ၊ အပျော်ခရီးတွေ၊ တနေ့တမျိုး မရိုးတဲ့ စားစရာတွေ၊ ကိုယ်ဝယ်တဲ့ ကားတွေ၊ အိမ်တွေ၊ ကိုယ့်အိမ်က ခွေးကြောင်တွေ၊ လင်နဲ့မယား ချစ်နေပုံတွေ၊ မိမိသားသမီးကောင်းစား အဆင်ပြေနေပုံတွေ တင်ချင်နေကြဆဲပဲလားဗျာ။ တင်ချင်လည်းတင်ပါ။ ကျနော့် မိတ်ဆွေအဖြစ်ကတော့ ထွက်စေချင်ပါတယ်။ ကျနော်က စိတ် သဘောထားတူတဲ့သူတွေနဲ့ပဲ ရင်းနှီးချင်ပါတယ်။
သတင်းတွေ သိချင်ယုံနဲ့ ကျနော့်ကို မိတ်ဆွေ ဖွဲ့ဖို့မလိုပါ။ ကျနော့်သတင်းအားလုံး public လုပ်ထားပါတယ်။ ကျနော့်ကို မိတ်ဆွေအဖြစ် လာ Add ထားသူတွေထဲက profile မရှိသူတွေကို လက်ခံဖို့ မဖြစ်နိုင်ပါ။ ကျန်သူတွေကို အချိန်ရတဲ့အခါ သူတို့ဘာတွေတင်သလဲကြည့်ပြီး ကျနော်နဲ့ အတွေးအမြင်တူရင် လက်ခံပါတယ်။ ကျနော်က နည်းနည်းအလုပ်များသလို နည်းနည်းလည်း ပျင်းပါတယ်။ ဒါကြောင့် တကယ်မိတ်ဆွေဖြစ်ချင်ရင် မက်ဆင်ဂျာက စာရေးပါ။ မြန်မာပြည်သူတွေကို စော်ကားတဲ့အထဲမှာမပါရင် ကျနော် မိတ်ဆွေဖွဲ့ချင်ပါတယ်။ မက်ဆင်ဂျာကစာတွေကို ကျနော် မကြည့် မမြင်မိတာတွေလည်း ရှိတတ်ပါတယ်။ ခွင့်လွှတ်ပါ။
ခင်မင်စွာ
ခင်မောင်စိုး
၂ဝ၂၁ ဒီဇင်ဘာ ၁ဝ ရက်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar