Breaking News

မောင်တူး - စုမာတာနှင့်ကဗျာများ

စုမာတာနှင့်ကဗျာများ
မောင်တူး
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၂
 
စာရေးဖို့ပါ၊ လိုက်လို့ရှာသော် 
ဖုန်းမှာတွေ့ရှိ၊ စိတ်ကူးမိလာ
စုမာတာနှင့်ကဗျာများ။ ။

ခင်မာလာကြာဖြူက ပြောတယ်။ “ကမ္ဘာလောကတွင် ကျမ မဖန်တီးနိုင်သောအရာများအနက် ကဗျာလည်းအပါအဝင် ဖြစ်သည် ” တဲ့။ အဲ့သည်မှာ ဇာတ်လမ်းစပါတယ်။ စစ်တပ်အာဏာသိမ်းနှစ်ပတ်လည် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ Silent Strike ကြီးတခုကို ထပ်လုပ်ကြမှာကို ရန်ကုန်၊ မန္တလေး၊ ထားဝယ်နဲ့လောင်းလုံးသပိတ်ခေါင်း ဆောင်တွေက ပြောကြတယ်။ ပြောတာမှကိုဗွီဒီယိုဖိုင်နဲ့ ပြောထားတဲ့ရုပ်သံတွေ ကျနော့်ဆီရောက်လာတယ်။ ကျနော်ကလဲ ဘာရမလဲ သာဝရာပေါ့ “စစ်ကောင်စီ အကြမ်းဖက် အာဏာသိမ်းခဲ့တဲ့ ၁ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တနိုင်ငံလုံး Silent Strike တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ်ပြုလုပ်သွားမှာမို့ ပြည်သူအားလုံးပါဝင်ကြဖို့ ရန်ကုန် မန္တလေးသပိတ်ခေါင်းဆောင်တွေ၊ သံဃသမဂ္ဂဆရာတော်တွေက ဖိတ်ခေါ် လိုက်ကြပါတယ် ” ဆိုပြီး Leading Paragraph တပ်လို့ ဒီသတင်းကို DVB  သတင်းထောက်မောင်တူးက ပေးပို့ထားပါတယ်ပေါ့။
သတင်းပို့ပြီးပြီ။ DVB ဝက်ဘ်ဆိုဒ်အတွက်ဆောင်းပါးရေးဖို့ လက်ကိုင်ဖုန်းထဲမှာလိုက်ရှာကြည့်နေမိတယ်။ စာရေးဆရာမကြီးခင်မာလာကြာဖြူအကြောင်း Google မှာရှာရင်းက မြားနတ်မောင်မဂ္ဂဇင်းပါ “ အလှအပနှင့်ကဗျာ” ဆောင်းပါးကိုသွားတွေ့တယ်။ အဲ့သည်ကဗျာဆောင်းပါးထဲမှာ ဆရာမခင်မာလာကြာဖြူ ရေးထားတာက ... 
“တိုက်ဝါလှပ၊ ဆောက်လုပ်ရလည်း                                                                                                              ညညတဲမှာ အိပ်ရသတည်း။ ။”

ဒီကဗျာကို ဆရာမ ခင်မာလာကြာဖြူက သူ ၆ တန်းနှစ်မှာဖတ်ရတဲ့ကဗျာလို့ ဆိုပါတယ်။ ဒါဆိုရင် ဆရာမဟာ ကဗျာတွေကို ဖတ်တာ၊ ကျက်ထားတာ တော်တော်လုပ်ခဲ့တာပေါ့။ ကျနော်လေးစားမိလိုက်ပါတယ်။ ကျနော်လည်း ကဗျာလေးတွေလိုက်ကျက်မှတ်နေမိသူမို့ပါ။ 
“သေနတ်ဖျား လှံဖျားမှာ                                                                                                                      
ရန်မထား မာန်မထားပဲ                                                                                                    
အမှန်တရားသာလက်ကိုင်ပြု                                                                                                                            ဒေါ်စု ဆိုတဲ့ အောင်ဆန်းစုကြည်။ ” ဆိုတဲ့..  ဆရာကြီးတင်မိုးရဲ့ ကဗျာတွေကိုလည်း ကျနော်ရွတ်ဆိုနေမိတတ်ပါတယ်။ 

ဆရာမခင်မာလာကြာဖြူဆက်ရေးတာက “ကျမနှစ်သက်စွာခံစားလေ့ရှိသောအရာများတွင် ကဗျာများလည်းပါဝင်သည်။ စာမျက်နှာများစွာနေရာမယူပါပဲ ရင်ထဲတိုက်ရိုက် စူးရှဝင်ရောက်လာတတ်သော “စာတကြောင်းစ နှစ်ကြောင်းစ” သည် တန်ဖိုးရှိမှန်းသိ၏။ ထို့ကြောင့် “ကဗျာဖန်တီးရှင်များ” ကိုလေး စားပါ၏။ကြည်ညိုပါ၏။ အထင်ကြီးပါ၏။ WORDSWORTH က ပြောပါသည်။ ((((( ကဗျာဆိုသည်မှာ အင်အားကြီးမားသောခံစားမှုများမှ သဘာဝအလျှောက် ရုတ်တရက်ချက်ချင်း ထိန်းမနိုင်သိမ်းမရ ပွင့်ထွက်ပေါက်ဖွားစီးဆင်းလာသော စကားလုံးများသာဖြစ်သည်။ ထိုအရာများသည် ခံစားမှုတွင် မြစ်ဖျားခံ၍ တည်ကြည်ငြိမ်သက်ခြင်းတွင် စုစည်းမိကြသည်။ ))))))

“ကျပ်သိန်း ၂၄၀၀ တန် ဒေါ်အောင်ဆန်းစုကြည်ကဗျာ”

ဆရာမခင်မာလာကြာဖြူက အခုလို သူ့ဆောင်းပါးမှာရေးတာကိုဖတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရေးတဲ့ “ကဗျာဆိုတာ” ဆိုတဲ့ ပွဲဆူသွားခဲ့ရဘူးတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လှုဖို့လေလံတင်ခဲ့တဲ့ သိန်း ၂၄၀၀ တန်ကဗျာကိုသတိရမိလိုက်တယ်။ အမေရိကန်ဒေါ်လာ ၁ သိန်း ၈ သောင်းလောက်တန်ကဗျာ။

“ကဗျာဆိုတာ” 
လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ၊                                                                                                                
လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ၊                                                                                                                     
လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊                                                                                                  
လူ့မျှော်လင့်ချက်ရဲ့သီကျူးသံ၊                                                                                                                   ကဗျာဆိုတာ ကျွန်မတို့ရဲ့ ရုန်းကန်သံပါပဲ။ ။
(အောင်ဆန်းစုကြည်)

သည်ကဗျာပေါက်ဖွားလာရပုံကတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည်ဆီက ကဗျာတပုဒ်တောင်းတာက စတယ်။ ဒီကဗျာကိုခြံအမှတ် ၅၄ ပါစာရွက်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ရေးပေးခဲ့တာပါ။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ၂၀၁၁ ခုနှစ်တုန်းက ကဗျာပွဲတော်ကိုယူသွားဖို့ တောင်းခံခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ရေးနဲ့ရေးသားပေးခဲ့တဲ့ကဗျာဖြစ်ပါတယ်။  ၂၀၁၁ ခုနှစ် ဇွန် ၃၀ညနေ ၄ နာရီလောက်က အမှတ် ၅၄ အိမ်ထဲထမင်းစားခန်းမှာ အမေစုကိုယ်တိုင်ပေးခဲ့တာပါ။ ဒီကဗျာကို NLD အဖွဲ့ချုပ်ဗဟိုအောင်နိုင်ရေး ရန်ပုံငွေလေလံတင်ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၅ ရက်ညဦးမှာ ဒီကဗျာစာရွက် သိန်း ၂၄၀၀ ကျပ်နဲ့ လေလံအောင်တယ်။ 

“အခက်ခဲဆုံး သင်ခန်းစာတွေကို ရယူနိုင်စွမ်းရှိသူတွေအောင်ပွဲခံမှာ။” 
(အောင်ဆန်းစုကြည်)

ကျနော်ကစာတပုဒ်ဖြစ်အောင်ရေးချင်တော့ စာကောင်းတွေ့လျှင် ဆွဲသိမ်းထားမိတယ်။ အခုကတော့ အမေစု ရေးထားတာလေးပေါ့။ “တဂိုး” ရဲ့ကဗျာကလည်းပါတော့ ကျွန်တော်သဘောကျလို့ပါ။ ဖတ်ကြည့်ကြပါ။

ကျွန်မနေအိမ်မှာအကျယ်ချုပ်နဲ့အဖမ်းခံထားရစဉ်ကာလမှာ အဖိုးထိုက်တန်ဆုံးသင်ခန်းစာကို ရာဘင်ဒြာနတ်တဂိုးသီကုံးဖွဲ့ဆိုထားတဲ့ကဗျာတပုဒ်ကနေ ကျွန်မရယူနိုင်ခဲ့ပါတယ်။ ဘာသာပြန်ဆိုထားချက်က ကျေနပ်လောက်စရာမရှိပေမယ့် တဂိုးရဲ့ကဗျာတွေဟာ ကျွန်မတို့ကိုယ်တိုင် အမြဲတမ်းစူးစမ်းနိုင်စွမ်းမရှိတဲ့၊ ဆုပ်ကိုင်လို့မရတဲ့စိတ်ဓာတ်ရေးရာ အတွင်းအကျဆုံးအပိုင်းအထိမီအောင် လှမ်းထားပါတယ်။ကဗျာအမည်က.. "မင်းတကိုယ် တည်းလျှောက်ပေတော့” တဲ့။ နာမည်က ရွှင်လန်းစရာမရှိသလို စာသားကလည်း အားတက်စရာမရှိပါဘူး။

"မင်းတကိုယ်တည်းလျှောက်ပေတော့"
မင်းခေါ်လို့ သူတို့မလိုက်ရင်
မင်းတကိုယ်တည်း လျှောက်ပေတော့။
ကြောက်ဒူးတုန်လို့
နံရံဘက်လှည့်ပြီး သူတို့နှုတ်ဆိတ်နေရင်
မင်းကံဆိုးတာပေါ့။
စိတ်ရှင်းရှင်းနဲ့ တကိုယ်တည်းသာ
ပွင့်ပွင့်လင်းလင်း ပြောပေတော့။
တောကြီးမျက်မည်းထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့စွန့်ခွာသွားရင်
မင်းကံဆိုးတာပေါ့။
ဆူးငြောင့်ခလုတ်တွေ ချေနင်းရင်း
သွေးစွန်းတဲ့လမ်းမှာ မင်းတစ်ကိုယ်တည်း
လျှောက်ပေတော့။
မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့မကိုင်ရင်
မင်းကံဆိုးတာပေါ့။
ဝေဒနာမီးလျှံနဲ့ မင်းနှလုံးသားကို ထွန်းညှိပြီး
တကိုယ်တည်း တောက်လောင်ပါစေတော့။ ။
(ရာဘင်ဒြာနတ်တဂိုး)

ဒီကဗျာထဲမှာ စိတ်သက်သာစရာ စကားလုံးတလုံးမှမပါဘူး၊ ခရီးအကြမ်းဆုံးမှာ အေးချမ်းကြည်နူးစရာတွေ့ရတာလည်း မဟုတ်ပါဘူး အပေါ်ယံဟန် ဆောင်မှုလည်းမရှိပါဘူ၊း ကိုယ်ကခေါ်လို့ လိုက်မယ့်သူမရှိရင်၊ တော ကြီးမျက်မည်းထဲမှာ စွန့်ပစ်ခံရမယ်ဆိုရင်၊ မုန်တိုင်းထန်တဲ့ညမှာ မီးအိမ်ကိုင်မယ့်သူမရှိဘူးဆိုရင် ကံမကောင်းတာပဲလို့သာဆိုပါတယ်။
ဒီကဗျာမှာ စိတ်သက်သာရာဘာမှမရှိပါဘူး၊ ဒါပေမဲ့ ခက်ထန်အကြမ်းတမ်းဆုံးအတွေ့အကြုံက အင်အားကိုထုတ်ယူနိုင်တယ်၊ ဒုက္ခဆင်းရဲကိုအခြေခံပြီး ကြီးမားတဲ့ခံနိုင်ရည်ကို တည်ဆောက်နိုင်တယ်ဆိုတာကို ဒီကဗျာက သင်ခန်းစာပေးထားတာပါ။
မိမိနှလုံးသားကို ဒုက္ခမီးလျှံနဲ့တောက်လောင်အောင်လုပ်နိုင်သူဟာ ဘယ်တော့မှ အညံ့ခံမှာမဟုတ်ပါဘူး။ ဘ၀မှာ အခက်ခဲဆုံးသင်ခန်းစာတွေကို ရယူနိုင်စွမ်းရှိသူတွေကသာ အောင်ပွဲခံမှာပါ .... ။

ဒေါ်အောင်ဆန်းစုကြည်
External Light Magazine

ဒါက အမေစုရဲ့ ကဗျာ့အပေါ်ခံစားချက်။ သင်ခန်းစာတောင် ကဗျာကနေထုတ်ယူသတဲ့။ ဘာတဲ့ ဘ၀မှာအခက်ခဲဆုံးသင်ခန်းစာတွေကို ရယူနိုင်စွမ်းရှိသူတွေကသာ အောင်ပွဲခံမှာပါ .... တဲ့။ အခုနွေဦးတော်လှန်ရေးမှာ ကမ္ဘာက မကယ်၊ အာတူးပီမခေါ်၊ ယူအင်က မအလကို ပြတ်ပြတ်သားသားထိထိရောက်ရောက်အရေးမယူဖြစ်လာတဲ့အခါ။ တဂိုးရဲ့ကဗျာထဲကလို အားလုံးကို လုံးလုံးလျားလျားအားကိုးမရတော့တဲ့အခါ PDF တွေက ကိုယ်အားကိုယ်ကိုးတိုက်ပြီး အောင်ပွဲတွေတဖြည်းဖြည်းရလာတဲ့သဘော။ ပြည်သူမှ ပြည်သူလှူ ပြည်သူသို့ဆိုတာတွေ ပေါ်လာတာပါပဲ။ ငါတို့အတွက် ငါတို့ရှိတယ်ဆိုတာမျိုးပေါ့။ ဒေါ်အောင်ဆန်းစုကြည်က “ မိမိနှလုံးသားကို ဒုက္ခမီးလျှံနဲ့တောက်လောင်အောင်လုပ်နိုင်သူဟာ ဘယ်တော့မှအညံ့ခံမှာမဟုတ်ပါဘူး ” လို့ဆိုခဲ့တာပဲ။ ဗုဒ္ဓဟောခဲ့တဲ့ “အတ္တာဟိ အတ္တနော နာထော” မိမိကိုယ်မိမိသာကိုးကွယ်ရာပေါ့။ ကျနော်တို့နွေဦးတော်လှန်ရေးမှာလဲ “အတ္တာဟိ အတ္တနော နာထော”ကြရတာပါပဲ။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ IF ဆိုတဲ့ ကဗျာကို “အကယ်၍ “ခေါင်းစဉ်နဲ့ ဘာသာပြန်ခဲ့တယ်။ ကောင်းမွန်လှတဲ့ဘာသာပြန်ချက် ထိမိတဲ့အဓိပ္ပာယ်နဲ့ မြန်မာဝေါဟာရတွေသုံးထားတာကလည်း ကြွယ်ဝပါပေတယ်လို့ဆိုကြပါတယ်။ အမေစုရေးတဲ့တခြားကဗျာတွေလည်း ရှိလိမ့်ဦးမှာပါ။ သူကြိုက်တဲ့ ကိုးကားတဲ့ဝေဖန်သုံးသပ်ထားတဲ့ကဗျာတွေလည်း ရှိနေဦးမှာပါ။ ကျနော်ဆိုရင် 
“စုကိုထောက်ခံ၊ ဒီမိုကရေစီကိုထောက်ခံ                                                                                         
တတိုင်းပြည်လုံး၊ တကမ္ဘာလုံး                                                                                                 အုတ်အုတ်ကျက်ကျက်၊ တခဲနက်                                                                                                           လက်နက်မဆွဲရ၊ ဝက်ဝက်ကွဲမျှအောင်ပွဲခံဖို့ ၊ 
ပြည်လုံးညွတ်မျှ ကမ်းညွတ်မျှ ချီတက်ကြပါစို့။ ။ ” ဆိုတဲ့  ဆရာတင်မိုးရဲ့ကဗျာကို ကျွန်တော်ရွတ်မိတတ်တယ်။ အမေစုကော ဘယ်ကဗျာလေးတွေ ရွတ်ဆိုနေတတ်သလဲ။ သိချင်နေမိတယ်။ နောက်ကဗျာလေးတခုကတော့ ...
“စစ်နည်းဗျူဟာ ဘယ်လိုသာလည်း                                                                                                  
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း                                                                                                     
ပြည်သူ့အင်အား မကိုးစားလျင်                                                                                                                
ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်                                                                                                          
ဓားသွားလည်းကြွေလှံလည်းခွေအံ့။ ။ 

“ နန္ဒိသေနပျို့ လို့ ဆိုပါတယ်။ ဆောင်းပါးတပုဒ်မှာ အမေစုကိုးကားခဲ့တဲ့ ပျို့ကဗျာပေါ့။ လက်နက်၊ စစ်သည်၊ သုံးစွဲငွေ၊ အာဏာ၊ ဘယ်လောက်ရှိရှိ စစ်တပ်တတပ် ပြည်သူနဲ့ဆန့်ကျင်မိလျှင် ပြိုကွဲပြိုလဲ အရှုံးနဲ့သာရင်ဆိုင်ရမယ်ဆိုတာပါ။ ဒီနေ့နွေဦးတော်လှန်ရေးမှာလည်း ပြည်သူနဲ့ဆန့်ကျင်ဖက်မှာ ဘယ်သူနေရဲသလဲလို့သပိတ်စစ် ကြောင်းတွေမှာ ကြွေးကြော်နေကြသလိုပေါ့။ ပြည်သူကိုဆန့်ကျင်ပြီး ပြည်သူကိုဒုက္ခပေးနေတဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ နိဂုံးဇာတ်သိမ်းခန်းကိုညွှန်ပြနေတဲ့ စုမာတာနှင့်ကဗျာတွေများလားလို့ စဉ်းစားနေမိတယ်ဗျာ။ 
ကျနော်မောင်တူးပါ။ ။ 


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar