ဒက်စမွန် နွေဦး - တောင်ပေါ်မြေပြန့်အလင်းရောက်ချိန်
တောင်ပေါ်မြေပြန့်အလင်းရောက်ချိန်
ဒက်စမွန် နွေဦး
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၂
တောင်တန်းပြာမှုန်ရီ
မြူခိုးသမ်းညနေချမ်း
လွမ်းမောဖွယ်ရာသီ။
လူပလီသဝေထိုးကြောင့်
ယမ်းခိုးဝေပြီ။
ကျွန်တော်ကတောင်တန်းများကိုချစ်သည်။ တောင်တန်းတွေပေါ်မှာဘဝအစိတ်အပိုင်းတခုအဖြစ်နေထိုင်ခဲ့ဖူး သည်။ တောင်တန်းကြီးနားတွင်ကပ်၍နေဖူး သည်။ အဝေးကြည့်အနီးကြည့်ကြည့်ဖူးသည်။ တောင်တန်းကြီးများကိုမြင်တိုင်းအားရှိသလိုလို၊ လွမ်းမောသလိုလိုခံစားရမြဲဖြစ်သည်။ ဘဝအစောပိုင်းကာလများတွင် ရှမ်းတောင်တန်းကြီးပေါ်ဖြတ်သန်း၍ ကူချည်သန်းချည်လုပ်ခဲ့ရသည်။ နောက်ပိုင်းရခိုင်ရိုးမကိုဖြတ်ကျော်၍ ရိုးမဟိုဘက်သည်ဘက်လှုပ်ရှားသွားလာရပြန်သည်။ မြောက်ပိုင်းဒေသကိုလည်း မကြာခဏခရီးထွက်ဖူးသည်။ ချင်းတောင်တန်းကြီးနဲ့အရှေ့ဘက်က ကရင်ဒေါနဘက်ခြမ်းဆီတော့မရောက်စဖူး။ သို့သော် “ချင်းတောင်တန်းနှင့်ပတ်သက်သည့်သီချင်းများက” ချင်းတောင်တန်းကြီးကိုရင်းနှီးကျွမ်းဝင်စေပြန်သည်။
မှတ်မှတ်ရရမြန်မာနိုင်ငံအနောက်ဖျားမေယုတောင်တန်းနားမှာနေထိုင်အလုပ်လုပ်စဉ်က အမြဲနားထောင်ရင်းလွမ်းမောခံစားရသည့်သီချင်းက စံပီးရဲ့ “ချစ်တဲ့တောင်ဇလပ်နဲ့ ချင်းတောင်တန်း”
တောင်တန်းများတွင် ကိုယ်သင်းနံ့ရှိသည်။ ကိုယ်ရောင်ကိုယ်ဝါရှိသည်။ အေးမြသည့်အရသာရှိသည်။ မဖော်ပြတတ်သည့်ကိုယ်သင်းနံ့သည် စွဲမက်ဖွယ်ဟုဆိုချင်သည်။ တောင်တန်းများကိုသဘောအကျဆုံး၊ အချစ်မိဆုံးအချိန်ကတော့ မြူခိုးတွေဝေသည့်အချိန်ဖြစ်သည်။ မိုးတွင်းကာလမိုးရွာပြီးသည့်အချိန်တွင်ဖြစ်စေ၊ ဆောင်း ရာသီမြူမှုန်တို့လွှမ်းခြုံသည့်အချိန်တွင်ဖြစ်စေ၊ တောင်တန်းကြီးကိုမြူခိုးများဝိုင်းပတ်ထားပုံက ဒဏ္ဍာရီဆန် သည်။ နတ်ဘုံနတ်နန်းတွေများဒီတောင်တန်းကြီးတွေပေါ်ရှိနေမလားဟု ကလေးဘဝကအခါခါတွေးမိခဲ့ဖူးသည်။ တကယ်တန်းမြူခိုးတွေဝေသည့်ဆီအထိရောက်သွားပြန်တော့ အေးစိမ့် စိမ့်အရသာကလွဲလို့ ဘာမှမရှိပြန်။ ဤအေးစိမ့်စိမ့်အရသာ၊ တောင်ပေါ်မှာလေခံရသည့်အရသာကိုပင် ကိုယ်ကသဘောကျခဲ့ခြင်းဖြစ်လိမ့် မည်။ ကျွန်တော်တို့ကျောင်းသားဘဝခရီးတိုလေးများထွက်ကြတိုင်း တောင်တန်းများရှိရာဆီကိုသာ ခပ်များများဦးတည်ခဲ့ကြဖူးသည်။
မြေပြန့်သားတယောက်မြင်ရသည့်တောင်တန်းရဲ့အလှဘက်ခြမ်းကိုချည့် ကဗျာတွေစာတွေဖွဲ့တော့ ဆရာစိုင်းခမ်းလိတ်က ဆူပါသည်။
ချယ်ရီပန်းတွေလှတာ၊ ထင်းရှုးတောကြီးတွေလှတာချည့် ဖွဲ့မနေနဲ့အညာသားကလေးရဲ့။ တောင်ပေါ်မြေရဲ့ အခြားတမျက်နှာမှာ ဘာတွေဖြစ်နေသလဲနင်သိရဲ့လား။ ဟိုဘက်မှာချယ်ရီတွေလည်း ယမ်းနံ့စွဲ၊ ထင်ရှုးတောတွေလည်း မီးလောင်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်၊ လူတွေလည်း ကိုယ့်အိုးကိုယ့်အိမ်ကနေ ထွက်ပြေးနေရတာတွေနင်မြင်ရဲ့လား”
ထိုအခါမှငယ်ငယ်ကအဖိုးရှိရာရှမ်းပြည်ဆီခရီးထွက်တိုင်း လမ်းခရီးမှာစစ်ဆေးခံရတာတွေ၊ တန်ဖိုးကြီးပစ္စည်းတွေကိုဖွက်ယူသွားရတာတွေ၊ ဆန်တအိတ်သယ်ဖို့အတွက် ခက်ခဲတာတွေကိုပြန်အမှတ်ရမိသည်။ တောင်တန်းများနှင့်ပတ်သက်သည့်ကျွန်တော်၏သိမှုနယ်ပယ်ထဲသို့ “အလှ” သာမကတော့ဘဲ “ ဘဝ ” များဝင်ရောက်လာလေသည်။ ထိုဘဝများကိုပြည့်ပြည့်ဝဝနားမလည်သော်ငြား စိတ်ဝင်တစားကြည့်ရှုဖြစ်ခဲ့သည်။ ထိုဘဝများတွင် ဆင်းရဲမွဲတေမှု၊ စစ်ဘေးဒဏ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှု၊ မတရားပြုကျင့်ခံရမှုစသည့်စကားလုံးများက တွဲလျက်ကပ်ပါလာခဲ့သည်။
နှစ်ပေါင်းများစွာယမ်းနံ့စွဲခဲ့သောတောင်တန်းပြာတို့သဘာဝအတိုင်း လန်းလန်းစွင့်စွင့်ကြည်လင်ခွင့်ရမည့်အချိန်များကိုမြင်တွေ့လာရတော့ ဝမ်းသာရပြန် သည်။ မြန်မာ့အကူးအပြောင်းကာလဟု ကင်းပွန်းတပ်ထောပနာပြုကြသည်မဟုတ်ပါလား။ တောင်ပြာတန်းကြီးပေါ်မေးတင်ပြီးပြူထွက်လာသည့်နေမင်းကြီးလိုအလင်းရောင်တွေဖြာရော့မည်ဟု အားတက်စရာတွေးမိသည်။ အလင်းရောင်တော့လာပြီ၊ ရောင်နီကမပီသေးသည်ကိုလည်း နားလည်သည်။ ထိုသို့မျှော်လင့်ချက်ရောင်နီများသမ်းနေသည့်လှပသောအခိုက်အတန့်ကို “ကိုယ်ကျိုးစီးပွားသာသိသော၊ အတ္တကြီးလူမဆန်သော၊ အကြင်နာကင်းမဲ့သော” လူရမ်းကားတစုက ဖျက်လိုဖျက်ဆီးလုပ်သည်ကို ကြုံရပြန်သည်။ တောင်တန်းတွေတလျှောက် တိမ်စိုင်မဲမဲများဖုံးလွှမ်း၍အလင်းပျောက်သွားသည့်နှယ်ပင် ဖြစ်ရပြန်သည်။ လူငယ်လူရွယ်များမြို့ကိုခွာ၍ တောင်တန်းများ၏ရင်ခွင်ဆီခိုဝင်ရပြန်သည်။ တောင်တန်းများဆီတွင် စစ်ရေးလေ့ကျင့်သံတို့ စည် ကားရပြန်သည်။ ယမ်းနံ့တို့လွှမ်းရပြန်လေသည်။ ဤတခါ ယမ်းနံ့တို့က “ခေတ်” လေစီးကြောင်းနှင့်အတူတောင်းတန်းများကိုကျော်လွန်လျက်မြေပြန့်သားများဆီပင် ပျံ့နှံ့ရောက်ရှိပြီ။ မြေပြန့်ကပိတောက်နဲ့တောင်ပေါ်ကချယ်ရီတို့၊ တောင်ဇလပ်တို့ဘဝတူလေပြီ။ လက်တွဲညီဖို့သာလိုလေမည်။ဘာသာစကားချင်း မခြားပြီမို့လား။
ထို့ကြောင့် ဒီတခါပွဲဟာတောင်ပေါ်မြေပြန့်မခွဲသည့်ပွဲ၊ အတူတူနွှဲမည့်ပွဲဖြစ်သည်။ အရင်ကာလများလိုတောင် တန်းကြီးခြားနေ၍ ဟိုမှာဘက်ခြမ်းတွင်ဘာတွေဖြစ်ပျက်နေသည်ကို ဤမှာဘက်ခြမ်းကမသိသောခေတ်မဟုတ်တော့ပြီ။ လတ်တလောတွင်တော့ အမှောင်ထုကြီးစိုးနေဟန် ရှိကောင်းရှိမည်။ အဆုံးသတ်တွင်တော့ အလင်းရောင်ကရောက်လာမည်ပင်ဖြစ်သည်။ အချင်းချင်းအားပေးရင်းရှေ့ဆက်ကြမည်လေ။
စံပီးရဲ့သီချင်းထဲကလို“ညနက်အမှောင်တွေဆုံးရင်အလင်းရောက်စမြဲပါ . . . ချစ်တဲ့ချင်းတောင်တန်းရေ” လို့ပဲ ဆိုရမယ်မို့လား။
သီချင်းကိုးကား - စံပီး၏“ချစ်တဲ့တောင်ဇလပ်နဲ့ ချင်းတောင်တန်း” နှင့် စိုင်းထီးဆိုင်၏ “တောင်ပေါ်မြေရဲ့အခြားတမျက်နှာ”
ဒက်စမွန် နွေဦး
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar