Breaking News

မောင်မောင်စိုး - "ဝ" မှတ်စု

မောင်မောင်စိုး - "ဝ" မှတ်စု
(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၂၂
၁။ ၁၉၈၉ ခုနှစ်တွင် "ဝ" အဖွဲ့ UWSA အပစ်ရပ်သည်။ ထိုကာလက CPB ကိုပုန်ကန်ပြီး ခွဲထွက်သည့် UWSA တွင် ငွေရေးကြေးရေး ဘဏ္ဏာရေးနတ္တိ၊ လက်နက်ခဲယမ်းက ဂိုဒေါင်တွင်း လက်ကျန်အနည်းငယ်သာရှိ‌တော့သည်။ ဒေသလူထုအခြေအနေက မွဲပြာကျနေသည်။ "ဝ" လူထုအဖို့ ဆင်းရဲဒုက္ခများရင်ဆိုင်နေရသည်။ ထိုကာလတွင် UWSA လိုအပ်သည်မှာ သူ့အဖွဲ့အစည်းနဲ့သူ့ဒေသလူထု ပြန်လည်ထူထောင်နိင်ရန်အတွက် ငြိမ်းချမ်းသောကာလဖြစ်သည်။ ထို့အတွက် သူတို့ ဘာမဆိုလိုက်လျောရန် အသင့်ရှိခဲ့သည်။ ၂။ ၂၀၂၁ ခုနှစ်တွင် အပစ်ရပ်ထားသော UWSA အခြေအနေမှာ လွန်ခဲ့သော အနှစ် ၃၀ အခြေအနေနှင့် ကွာခြားခဲ့ပြီဖြစ်သည်။ ဘဏ္ဏာရေးတောင့်တင်းသည်။ တပ်အင်အားနဲ့ လက်နက်ခဲယမ်းတောင့်တင်းသည်။ ဒေသလူထုအခြေအနေ ကောင်းမွန်သည်။ ယခုအချိန်ကာလတွင် UWSA လိုအပ်သည်မှာ သူ့တို့၏ "ဝ" ဒေသ ဥပ‌ဒေအရတရားဝင်မှု၊ သို့မဟုတ် သူတို့၏ "ဝ" ဒေသအတွက် လုံခြုံစိတ်ချမှုရဖို့ဖြစ်သည်။ သို့အတွက် ဘာမဆို သူတို့ ရင်ဆိုင်ရန်အသင့်ရှိ‌ နေသည့်ကာလဖြစ်သည်။ ၃။ မတူကွဲပြားသော အခြေအနေများကို သေသေချာချာ သိမြင်မှသာလျင် မှန်ကန်သောကောက်ချက်များ ချနိုင်ပေလိမ့်မည်။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ကအခြေအနေနှင့် ယခုအခြေအနေ များစွာကွာခြားသွားပြီဖြစ် သည်။ အတူတူဟုထင်နေလျင် မိုက်မဲရာကျပါလိမ့်မည်။ ၄။ လက်ရှိမြန်မာပြည်တွင်းအခြေအနေများကို "ဝ" တို့ကောင်းစွာသိရှိပြီး အမြဲမပြတ်စောင့်ကြည့်လျက်ရှိပေသည်။ "ဝ" တို့ မြန်မာပြည်တွင်းအခြေအနေများနှင့်ကင်းကွာနေသည် ယူဆပါက မှားယွင်းပေလိမ့်မည်။ ၂၀၂၁ ခုနှစ် နှစ်လည်ပိုင်းကစပြီး UWSA နှင့် သူ၏ မဟာမိတ်များသည် အားထည့်၍ RCSS အား ရှမ်းပြည်မြောက်ပိုင်းမှ တွန်းထုတ်သည်ကို တွေ့ရသည်။ ထိုဖြစ်ရပ်သည် သာမန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းကြား ပဋိပက္ခမျှသာဟု ယူဆ၍မရပေ။ ၂၀၁၅ ခုနှစ်လောက်ကထဲက ပြင်းထန်လာနေသော ပဋိပက္ခအား ၂၀၂၁ နှစ်လည်မှစ၍ UWSA အင်ပြည့်အားပြည့်ဝင်ပါလာခြင်းသည် ရှောင်တခင်ဖြစ်ရပ် သာမန်ဖြစ်ရပ်ဟု ယူဆ၍မဖြစ်နိုင်ပေ။ UWSA နှင့် သူမဟာမိတ်များကြား ကြီးမားသည့်ရည်ရွယ်ချက်တခုရှိသည်ဟု တွက်ဆရပေသည်။ ၅။ "ဝ" နှင့် ပတ်သက်ရင် အလွဲမှားဆုံးကောက်ချက်မှာ တရုတ်၏တပည့်၊ တရုတ်ခိုင်းတာ လုပ်နေရသည်ဆိုသည့်အမြင်အခြေခံပေါ်မှ သုံးသပ်ကြခြင်းဖြစ်သည်။ ထိုအမြင်အပေါ်ကကြည့်မြင်သုံးသပ်သည်နှင့် "ဝ" နဲ့ပတ် သက်ပြီး မှန်မှန်ကန်ကန် သုံးသပ်နိုင်ခြင်း မပြုနိုင်တော့ပေ။ ၆။ "ဝ" ခေါင်းဆောင်များသည် ကိုယ်ထူကိုယ်ထ ရုန်းကန်းကန်ပြီး သူတို့ဒေသ၊ သူ့တို့နယ်မြေကို တည်ဆောက်လာသူများဖြစ်ရာ လက်တွေ့ဝါဒီများဟု ဆိုရမည်ဖြစ်သည်။ ထို့ပြင် သူတို့သည် ပညာတတ်များမဟုတ်ကြပေရာ ပညာတတ်များနှင့် စဉ်းစားလုပ်ကိုင်ပုံကွဲပြားသည်။ ပညာတတ်များကဲ့သို့ စာအုပ်ကြီးများထဲက သီအိုရီများကို မရွတ်ဖတ်ကြသည်သာမက ထိုသီအိုများနှင့် တိုင်းထွာလေ့မရှိကြပေ။ ပညာတတ်ခေါင်းဆောင်များနှင့်စဉ်းစားလုပ်ကိုင်ပုံကွာခြားသည့် လက်တွေ့ဝါဒီခေါင်းဆောင်များဖြစ်သည်။ မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar