Breaking News

အရေးပါသောဂျပန်ဘဏ်များ မြန်မာစစ်ရာဇဝတ်ဂိုဏ်းနှင့်ဆက်နွယ်နေ

အရေးပါသောဂျပန်ဘဏ်များ မြန်မာစစ်ရာဇဝတ်ဂိုဏ်းနှင့်ဆက်နွယ်နေ
(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၂၂

BankTrack နှင့် Justice For Myanmar တို့က ပြုလုပ်သည့် သုတေသနတွေ့ရှိချက်တစ်ခုတွင် အရေးပါသော ဂျပန်ဘဏ်များဖြစ်ကြသည့် Sumitomo Mitsui Banking Corporation, Mitsubishi UFJ Financial Group (MUFG) နှင့် Mizuho Financial Group တို့သည် မြန်မာစစ်‌ ကောင်စီနှင့် ဆက်နွယ်မှုများရှိသည့် ကုမ္ပဏီများထံ များပြားသောချေးငွေများနှင့် ဘဏ္ဍာငွေဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်သည့်အပြင် စစ်ကောင်စီနှင့် ဆက်နွယ်သည့် စီမံကိန်းများကိုလည်း ချေးငွေ များနှင့် ရင်းနှီးမြှုပ်နှံမှုများ ပေးအပ်ကြောင်း တွေ့ရှိရသည်။ 

မကြာသေးသောကာလဖြစ်သည့် မြန်မာနိုင်ငံဗဟိုဘဏ်၏ ၂၀၁၈-၂၀၁၉ နှစ်စဉ်အစီရင်ခံစာအရ Mizuho ဘဏ်သည် မြန်မာနိုင်ငံတွင် ပိုင်ဆိုင်မှုတန်ဖိုးအရ အကြီးဆုံးနိုင်ငံခြားဘဏ်ဖြစ်ပြီး နိုင်ငံခြား ဘဏ်လုပ်ငန်းကဏ္ဍ၏ ၁၆ ရာခိုင်နှုန်းကျော် ရှိသည်ဟု ယူဆရသည်။ Sumitomo Mitsui Banking Corporation သည် ဒုတိယအကြီးဆုံးဖြစ်ပြီး MUFG ဘဏ်သည် ပဉ္စမမြောက်အကြီးဆုံး ဖြစ်သည်။

အဆိုပါဂျပန်ဘဏ်သုံးခုသည် ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဝန်ဆောင်မှုပေးသည့် လိုင်စင်အတွက် အမေရိကန်ဒေါ်လာ(၇၅)သန်း ပေးအပ်ရန် ကတိပြု သဘောတူခဲ့သည့် နိုင်ငံတကာဘဏ် ၉ ခုတွင် ပါဝင်သည်။

ဂျပန်ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ဝန်ဆောင်မှုများ ပံ့ပိုးခြင်း သည် စစ်ကောင်စီအား ကျားကန်ထောက်ကူပြုပေးနေခြင်းဖြစ်ပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရ သည့် အာဏာသိမ်းကြိုးပမ်းမှုတည်မြဲရေးနှင့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကျူးလွန်ခြင်းအတွက် အားပေးကူညီမှုများတွင် အဓိကအခန်းကဏ္ဍတစ်ရပ်မှ ပါဝင် နေသည့် ရလဒ်ကိုသာ ဖြစ်ပေါ် စေသည်။
မြန်မာစစ်ရာဇဝတ်ဂိုဏ်းနှင့် ဆက်နွယ်သည့် ကုမ္ပဏီများအနက် ဘဏ်ပေါင်း (၁၉) ခု သည် အမေရိကန်ဒေါ်လာ သန်းပေါင်း (၆၅,၀၀၀) ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း ထုတ်ဖော်ခဲ့သည့် BankTrack နှင့် Justice For Myanmar တို့၏ ၂၀၂၁ ခုနှစ် ဇူလိုင်လထုတ် အစီရင်ခံစာ တစ်စောင် နောက်ပိုင်းတွင် ယခုဖော်ပြသည့် အချက်အလက်များကို တွေ့ရှိခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် ရက်စက်ကြမ်းကြုတ်ပြီး တရားမဝင် အာဏာသိမ်းမှုတစ်ရပ်ကို ကြိုးပမ်းခဲ့သည်။ ပြည်သူသန်းပေါင်းများစွာသည် လမ်းများပေါ်သို့ ရောက် ရှိလာပြီး စစ်အာဏာရှင်အား ဆန့်ကျင်သည့် ဒီမိုကရေစီလူထုသပိတ်များတွင် ပါဝင်ခဲ့ကြသည်။ အစိုးရဝန်ထမ်းများသည်လည်း လုပ်ငန်းများရပ်ဆိုင်းကာ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပူးပေါင်း ပါဝင်ခဲ့ကြသည်။

စစ်ကောင်စီက နိုင်ငံတဝှမ်းတွင် အကြမ်းဖက်စစ်ဆင်ရေးတစ်ရပ်ဖြင့် ပြန်လည်တုန့်ပြန်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) ၏ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ စာရင်းအရ စစ်ကောင်စီတပ်ဖွဲ့များက ကလေးသူငယ်များအပါအဝင် ပြည်သူပေါင်း (၁၃,၀၀) ကျော်အား သတ်ဖြတ်ခဲ့ပြီး ပြည်သူပေါင်း (၁၁,၀၀၀) ကျော်အား ဖမ်းဆီး ထားသည်။ စစ်ကောင်စီ၏ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများက အရပ်သားပြည်သူများအား သေကြေစေခဲ့ပြီး ကျေးရွာများကိုဖျက်ဆီးခဲ့ခြင်းကြောင့် လူပေါင်း များစွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ဓါတ်ပုံသတင်းထောက် ကိုစိုးနိုင်အား စစ်ကြောရေးတွင် သတ်ဖြတ်မှု၊ ငြိမ်းချမ်းစွာဆန္ဒပြလူအုပ် အတွင်း ရည်ရွယ်ချက်ရှိရှိ ကားဖြင့် ဝင်တိုက်ကာ လူ(၅)ဦးသေစေခဲ့မှု၊ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအပါအဝင် ချင်းအမျိုးသမီး နှစ်ဦးအား မုဒိန်းကျင့်မှုများသည် စစ်ကောင်စီက လက်တလော ကျူးလွန်ခဲ့သည့်  ရာဇဝတ်မှုများမှ အချို့ပင်ဖြစ်သည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများအပေါ် ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အဆိုအရ ယင်းအကြမ်းဖက်တိုက်ခိုက်မှုများသည် “စစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု” အဖြစ် သတ်မှတ်နိုင်သည့် အတိုင်းအတာပင် ဖြစ်သည်။

နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူများ၏အဆိုအရ မြန်မာစစ်ကောင်စီသည် ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ငန်းများကို ကျယ်ပြန့်သည့်စီးပွားရေးလုပ်ငန်းကွန်ရက်တစ်ခုက အားပေးကူညီပေးထားသည်။ Mitsui Banking Corporation, Mizuho Bank နှင့် Mitsubishi UFJ Financial Group တို့သည် အဆိုပါကွန်ရက်တွင် အဓိကဆက်ထုံးများ ဖြစ်ကြပြီး ယင်းဘဏ်များအနေဖြင့် ၎င်းတို့၏ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာတာဝန်များအရ အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်နွယ်မှုများကို အရေးတကြီး ဖြတ်တောက်ရမည် ဖြစ်သည်။ 

◾️ စစ်တပ်၏ တယ်လီကွန်းကွန်ရက် မိုင်တဲလ်အား ဝန်ဆောင်မှုပေးခြင်း
Viettel Global Investment သည် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး စစ်လက်နက်ထုတ်လုပ်သူကုမ္ပဏီ Military Industry and Telecoms Group (Viettel) ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်သည်။ Viettel Global သည် မိုင်တဲလ်မိုဘိုင်း ဖုန်းကွန်ရက်ကို လုပ်ကိုင်သည့် Telecom International Myanmar ၏ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားသည်။ Telecom International Myanmar ကုမ္ပဏီကို မြန်မာစစ်တပ်ကြိုးကိုင်ထားသည့် ယခင်အစိုးရက အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မြန်မာဘက်မှပိုင်ဆိုင်မှုကို စစ်တပ်စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းအား ပေးအပ်ခဲ့သည်။

မိုင်တဲလ်ကို စစ်တပ်၏ အချက်ပြဆက်သွယ်ရေးညွှန်ကြားမှုဌာန၏ အခြေခံအဆောက်အဦးများ အားမျှဝေသုံးစွဲခြင်းနှင့် ထိန်းသိမ်းပြုပြင်ပေးခြင်း၊ စစ်တပ်ဌာနချုပ်များ၏ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦများတည်ဆောက်ပေးခြင်းနှင့်စစ်ဘက်ဆိုင်ရာ စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းများကို အားပေးကူညီခြင်းတို့ဖြင့် မြန်မာစစ်တပ်အတွင်း ထည့်သွင်းဖွဲ့စည်းထားသည်။ ယင်းစီးပွားရေးလုပ်ငန်းသည် အကျိုးအမြတ်အလွန်ကြီးမားသည့် လုပ်ငန်းတစ်ရပ်လည်းဖြစ်ပြီး မြန်မာစစ်တပ်အတွက် ၁၀ နှစ်ကာလအတွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ဝင်ငွေရရှိလိမ့်မည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ သို့ရာတွင် စစ်တပ်၏အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ပြည်သူလူထု သပိတ်မှောက်မှုက ၎င်းတို့မျှော်မှန်းထားသည့် အနည်းဆုံးဝင်ငွေပင် မရနိုင်အောင် ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ပြီး ဖြစ်သည်။

“အကျင့်ပျက်ခြစားမှုဆက်ထုံးများ” အစီရင်ခံစာတွင် မှတ်တမ်းပြုဖော်ပြထားသည့် Viettel Global Investment ၏ ဘဏ္ဍာငွေအစီရင်ခံစာများအရ MUFG သည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၇၃ သန်းနီးပါးရှိသည့် ကော်ပိုရိတ်ချေးငွေများကို Viettel Global Investment သို့ ပေးအပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် MUFG စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ သန်းနှင့်ညီမျှသော ဗီယက်နမ် ဒေါင်ငွေ ၈၃၅.၅၂ ဘီလီယံ ချေးငွေတစ်ရပ်ကို မိုင်တဲလ်ရှယ်ယာရှင်များအား ခွင့်ပြုပေးအပ်ခဲ့သည်။ ယင်းချေးငွေသည် မြန်မာနိုင်ငံအတွင်း “ကွန်ရက်ဖွံ့ဖြိုးရေးတည်ဆောက်ရန်” ဖြစ်ပြီး၊ ထိုအချိန်က ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစစ်ဆင်ရေးတစ်ရပ်၊ စစ်ရာဇဝတ်မှုများနှင့် အခြားသောလူမျိုးစုဒေသများတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို လုပ်ဆောင်နေသည့် မြန်မာစစ်တပ်အတွက် တိုက်ရိုက်အကျိုးအမြတ်ရရှိစေခဲ့သည်။

ထို့အပြင် Justice For Myanmar သို့ လျှို့ဝှက်ပေါက်ကြားလာသည့် Telecom International Myanmar ၏ ၂၀၁၉ ခုနှစ် ဘဏ္ဍာငွေရှင်းတမ်းက ကုမ္ပဏီအနေဖြင့် Mizuho Bank, MUFG Bank နှင့် Sumitomo Mitsui Banking Corporation တို့တွင် အပ်နှံထားရှိသည့် ငွေသားနှင့် ညီမျှသောအပ်နှံငွေ ပိုင်ဆိုင်မှုများရှိကြောင်း ဖော်ပြသည်။ ယင်းဘဏ်များသည် မိုင်တဲလ်အတွက် ငွေပေးချေမှုများကို ဆောင်ရွက်ပေးကာ မြန်မာစစ်တပ်၏ အရေးပါသည့် မဟာဗျူဟာစီးပွားရေး လုပ်ငန်းများတစ်ခုကို ပံ့ပိုးကူညီ ပေးလျက်ရှိသည်။

အဆိုပါဘဏ်(၃)ခုအား ၎င်းတို့အနေဖြင့် Telecom International Myanmar အတွက် ဘဏ်စာရင်းများ ဆက်လက်ရှိမရှိ ကျွန်ုပ်တို့ မေးမြန်းခဲ့သည်။ Mizuho Financial Group က “စိတ်မကောင်းစွာဖြင့်ပဲ ကျွန်ုပ်တို့အနေနဲ့ လျှို့ဝှက်ချက်ထိမ်းသိမ်းရေးရှုထောင့်အရ သီးခြားငွေလွှဲ ပြောင်းမှုတစ်ခုချင်းစီအတွက် ရည်ညွှန်းပြောဆိုလို့မရပါဘူး၊ ဒါပေမယ့် ကျွန်ုပ်တို့အနေနဲ့ မြန်မာနိုင်ငံ ရှိအခြေအနေများအပေါ်အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ကျွန်ုပ်တို့ရဲ့ “လူ့အခွင့်အရေးမူဝါဒ”အပေါ် အခြေပြုပြီး သင့်လျော်မယ့်ဆောင်ရွက်ချက်တွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

MUFG နှင့် Sumitomo Mitsui Banking Corporation တို့က ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ ဂျပန်အစိုးရနှင့် အဓိကပူးပေါင်းဆောင်ရွက်မှုများက စစ်ကောင်စီကို အကျိုးအမြတ်ရရှိစေ အရေးပါသည့်စီမံကိန်းများက ဂျပန်ဘဏ်များနှင့် ဂျပန်အစိုးရတို့အား မြန်မာစစ်ကောင်စီနှင့် ချိတ်ဆက် ပေးထားသည်။

Mizuho Bank နှင့် Sumitomo Mitsui Banking Corporation တို့သည် မြန်မာစစ်တပ်၏ စစ်ထောက်ချုပ်ရုံး (ကကထောက်) ထံမှ ငှားရမ်းထားသည့် မြေနေရာပေါ်ရှိ ဒေါ်လာ ၃၂၀ သန်း တန်ဖိုးရှိသည့် ပေါင်းစပ်အဆောက်အဦးဖွံ့ဖြိုးရေးစီမံကိန်း Y Complex အတွက် ပူးတွဲငွေကြေး ထောက်ပံ့လျက်ရှိသည်။ 

Daiwa House Industry subsidiary Fujita Corporation, Tokyo Tatemono တို့အပါအဝင် ဂျပန် ကုမ္ပဏီများနှင့် ဂျပန်အစိုးရ-ပုဂ္ဂလိကမတည်ရံပုံငွေဖြစ်သည့် Japan Overseas Infrastructure Investment Corporation for Transport & Urban Development (JOIN) တို့သည် စစ်ထောက် ချုပ်ရုံးသို့ ငှားရမ်းခပေးချေငွေ အမေရိကန်ဒေါ်လာ ၁.၈ မီလီယံကို အမေရိကန်ဒေါ်လာဖြင့် နှစ်စဉ် ပေးချေပြီး ၎င်းတို့အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ထားသည့်အဖွဲ့အစည်းတစ်ရပ်အား ရုပ်ဝတ္တုပစ္စည်း ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီနေကြောင်း တွေ့ရှိရပါက အဆိုပါငွေပေးချေမှုများသည် အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုများအား ချိုးဖောက်ရာရောက်နိုင်သည်။

မူဝါဒအခြေပြုဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် Japan Bank for International Cooperation (JBIC) နှင့် ဘဏ်များဖြစ်ကြသည့် Mitsui Banking Corporation နှင့် Mizuho Bank တို့သည် အမေရိကန်ဒေါ်လာ ၁၄၄ သန်း ချေးငွေဖြင့် အဆိုပါ စီမံကိန်းကို ပူးတွဲငွေကြေး ထောက်ပံ့ထားသည်။

MUFG, Mizuho Bank နှင့် Sumitomo Mitsui Banking Corporation တို့သည် စစ်ကောင်စီအား အခွန်ဝင်ငွေ ရှာဖွေပေးနေကာ မြေယာသိမ်းဆည်းမှုများနှင့် ဆက်နွယ်နေသည့် စီမံကိန်းတစ်ခုဖြစ် သည့် သီလဝါအထူးစီးပွားရေးဇုန်တွင် ငွေကြေးထောက်ပံ့လျက်ရှိပြီး ရှယ်ယာတန်ဖိုးများလည်း ပိုင်ဆိုင်ထားသည်။ အဆိုပါဘဏ်သုံးဘဏ်တို့သည် MMS Thilawa Development Co. Ltd တွင် ၁.၁၃ ရာခိုင်နှုန်း ရှယ်ယာတန်ဖိုးကို ပိုင်ဆိုင်ထားသည်။ ယင်းကုမ္ပဏီသည် Japan International Cooperation Agency (JICA) နှင့် လက်ရှိတွင် စစ်ကောင်စီထိန်းချုပ်ထားသော Thilawa SEZ Management Committee တို့ ပါဝင်သည့် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် Myanmar Japan Thilawa Development (MJTD) ကုမ္ပဏီ၏ ၃၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ ပုဂ္ဂလိကကဏ္ဍငွေကြေးထောက်ပံ့မှုကို Japan International Cooperation Agency (JICA) က ပေးအပ်ထားသည်။

၂၀၁၆ ခုနှစ်တွင် Sumitomo Mitsui Banking Corporation သည် အာမခံကြေးများနှင့် ချေးငွေများ ပေးအပ်ကာ သီလဝါအထူးစီးပွားရေးဇုန်းတွင် ၎င်း၏ ပါဝင်မှုကို ထပ်လောင်း တောင်းဆိုခဲ့သည်။

၂၀၂၀ ခုနှစ်တွင် JICA နှင့် ထိုစဉ်က အရပ်သားအစိုးရအကြား ယန်း သန်းပေါင်း ၄၇,၉၄၀ ချေးငွေ သဘောတူစာချုပ်တစ်ရပ်ဖြင့် နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခဲ့သည်။ ယင်းချေးငွေသည် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြင့်တင်မှုစီမံကိန်းနှင့် သီလဝါအထူးစီးပွားရေးဇုံ တတိယ ကာလ အခြေခံအဆောက်အဦးဖွံ့ဖြိုးရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့မည်ဖြစ်သည်။ 

ဂျပန်ဘဏ်များသည် JICA သို့ အကြိမ်ပေါင်းများစွာ ချေးငွေများပေးအပ်ခဲ့သည်။ JICA သည် မြန်မာ စစ်ကောင်စီနှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းစုကြီးများအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေခဲ့ပြီး ရလဒ် အဖြစ် စစ်တပ်စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ကဲ့သို့သော ကုမ္ပဏီများနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

◾️ စစ်ကောင်စီဆက်နွယ်စီးပွားရေးလုပ်ငန်းများသို့ ကော်ပိုရိတ်ချေးငွေများ
၂၀၁၉ ခုနှစ်တွင် ဘက်စုံအင်ဂျင်နီးယားရင်းကုမ္ပဏီတစ်ခုဖြစ်သည့် Chiyoda Corporation သည် ၎င်းတို့၏ ခက်ခဲနေသည့် ဘဏ္ဍာရေးအခြေအနေအရ ဂျပန်ဘဏ်များထံမှ ချေးငွေများကို ရယူကာ အကျိုးခံစားခဲ့သည်။ ကုမ္ပဏီ၏ “ပြန်လည်ရှင်သန်ရပ်တည်ရေးအစီအစဉ်” ချမှတ်ပြီးနောက် MUFG ဘဏ်မှ subordinated ယန်း သန်းပေါင်း ၂၀,၀၀၀ ချေးငွေ အပါအဝင် ပမာဏများပြားသည့် ယန်း သန်းပေါင်း ၁၈၀,၀၀၀ ချေးငွေတစ်ရပ်ကို ရရှိခဲ့သည်။ Chiyoda Corporation သည် မြန်မာ စစ်ကောင်စီထိန်းချုပ်ထားသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ငန်းတစ်ရပ် ဖြစ်သည့် Chiyoda and Public Works Co. Ltd ကို လုပ်ကိုင်ဆောင်ရွက်သည်။

Chiyoda Corporation သည် မြန်မာနိုင်ငံတွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းကို ယခင်စစ်အာဏာရှင် လက်ထက် ၁၉၉၇ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သည်။ ထိုအချိန်ကတည်းက CPW သည် လက်ပံတောင်း ကြေးနီတူးဖော်ရေး၊ ကလေးဝကျောက်မီးသွေးတူးဖော်ရေး၊ အထူးစီးပွားရေးဇုန်များ နှင့် စစ်တပ်စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (ဦးပိုင်)ပိုင် အဖျော်ယမကာ လုပ်ငန်းအား ချဲ့ထွင်ခြင်း အပါအဝင် ဒေသခံလူထူနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေပြီး၊ မြန်မာစစ်တပ်အတွက် အကျိုးအမြတ်များ ရရှိစေခဲ့သည့်စီမံကိန်းများကို လုပ်ဆောင်ခဲ့သည်။

CPW သည် လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန နေရာအဖြစ် အသုံးပြုခဲ့သည့် ရုံးအဆောက် အဦးတစ်ခုဖြစ်သည့် Prime Hill Business Square ကို လုပ်ကိုင်လည်ပတ်လျက်ရှိသည်။ 

Mizuho Bank သည် Hong Kong and Shanghai Hotels Limited က အပြည့်အဝပိုင်ဆိုင်သည့် ကုမ္ပဏီခွဲ HSH Financial Services Limited အား ပေါင်သန်းပေါင်း ၆၅၀ (ဟောင်ကောင်ဒေါ်လာ သန်းပေါင်း ၇,၀၂၀) ချေးငွေအထောက်အပံ့တစ်ရပ်ကို အခြားဘဏ္ဍာရေးအဖွဲ့အစည်း ၅ ဖွဲ့နှင့်အတူ ပေးအပ်ခဲ့သည်။ ယင်းချေးငွေအထောက်အပံ့၏ အစိတ်အပိုင်းအဖြစ် Mizuho Bank သည် အဆိုပါကုမ္ပဏီအား ပေါင် သန်း ၁၃၀ (ဟောင်ကောင်ဒေါ်လာ သန်းပေါင်း ၁,၄၀၀) ငါးနှစ်သက်တမ်း ချေးငွေတစ်ရပ်ကို ပေးအပ်ခဲ့သည်။ 

Hong Kong and Shanghai Hotels Limited သည် စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့မီးရထားလုပ်ငန်းမှ ငှားရမ်းထားသည့် ရန်ကုန်မြို့လယ်ရှိ မြေနေရာပေါ်တွင် ဖော်ဆောင်သည့် တန်ဖိုးကြီး ဇိမ်ခံဟိုတယ် Peninsula Yangon တွင် အများစုရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ ဖက်စပ်လုပ်ငန်းတွင် FMI နှင့် Yoma Strategic တို့ ပါဝင်သည်။

Hong Kong and Shanghai Hotels Limited  က “စစ်အာဏာသိမ်းမှုနောက်ပိုင်းနှင့် တိုင်းပြည် အား ဝရုန်းသုန်းကားအခြေအနေအတွင်းသို့ ဆွဲချသွားသည့် သွေးထွက်သံယိုသတ်ဖြတ်မှုများ ဆက် လက်လုပ်ဆောင်နေပြီးနောက်ပိုင်း မြန်မာ့အကြီးဆုံးမြို့တော်ရှိ ၎င်းတို့၏ စီမံကိန်းအပေါ် ပြန်လည် ဆန်းစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း” မကြာသေးခင်က ထုတ်ဖော်ပြောဆိုခဲ့ပြီး စီမံကိန်းကို တစ်နှစ်ရပ်ဆိုင်းခဲ့ပြီး ဖြစ်သည်။ အကယ်၍ စစ်ကောင်စီထိန်းချုပ်အဖွဲ့အစည်းထံမှ မြေနေရာငှားရမ်း မှုနှင့်မြေငှားရမ်းခအခွန်ငွေပေးချေမှုများ ဆက်လက်ပြုလုပ်ပါက အဆိုပါစီမံကိန်းသည်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုအန္တရာယ် ဖြစ်ပေါ်စေမည်ဖြစ်သည်။

Wilmar International သည် သီလဝါတွင် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် ၂၀၁၄ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် မြန်မာစစ်ကောင်စီနှင့် ဆက်နွယ်ခဲ့သည်။ အဆိုပါဆိပ်ကမ်းတည်ဆောက် မှုသည် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာအစိုးရအဖွဲ့အစည်း တစ်ရပ်ဖြစ်သည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် ဘီအိုတီ (တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း) သဘောတူညီချက်တစ်ရပ်ဖြစ်သည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့သည် စစ်တပ်စီးပွားရေးလုပ် ငန်းစု မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နှင့် နီးကပ်စွာဆက်နွယ်နေပြီး ၎င်းအဖွဲ့အစည်းနှစ်ရပ်တွင် ဒါရိုက်တာများအဖြစ် နှစ်ဖက်ခွ၍ လုပ်ဆောင်သူများရှိကြသည်။ Wilmar International သည် Mizuho Bank, MUFG Bank နှင့် Sumitomo Mitsui Banking Corporation တို့ အပါအဝင် ဘဏ် ၇ ခုတို့မှ အမေရိကန်ဒေါ်လာ သန်း ၈၄၀ Syndicated ချေးငွေအထောက်အပံ့တစ်ရပ်ကို ရရှိခဲ့သည်။ ယင်း Syndicated ကြွေးမြီသည် အမေရိကန်ဒေါ်လာ သန်း ၅၄၀ ပထမငါးနှစ် ကြွေးမြီဆိုင်းငံ့ခွင့်နှင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဒုတိယငါးနှစ် ကြွေးမြီဆိုင်းငံ့ခွင့်၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် Mizuho Bank နှင့် Sumitomo Mitsui Banking Corporation တို့သည် Royal Dutch Shell PLC နှင့် သဘောတူခဲ့သည့် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကြွေးမြီ အထောက်အပံ့သဘောတူညီမှုတွင် အဓိကမြှီရှင်များ ဖြစ်ကြသည်။ ယင်းနိုင်ငံတကာရေနံကုမ္ပဏီ သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအောက်တွင် Woodside နှင့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်းတို့နှင့် ပူးပေါင်းဆောင်ရွက်ကာ A-7 ကမ်းလွန်လုပ်ကွက်တွင် အစုရှယ်ယာ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ ထုပ်လုပ်ရေးလုပ်ငန်းကို လက်ရှိတွင် ရပ်ဆိုင်းထားသော်လည်း အဆိုပါလုပ်ငန်း ပြန်လည်လုပ်ဆောင်ပါက စစ်ကောင်စီအတွက် အလွန်အကျိုးများမည့် အနာဂတ်အခွန်ဝင်ငွေ ရင်းမြစ်တစ်ရပ် ဖြစ်လာနိုင်ပေသည်။ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းသည် မြန်မာစစ် ကောင်စီအတွက် အကြီးဆုံးနိုင်ငံခြားအခွန်ဝင်ငွေရင်းမြစ် ဖြစ်သည်။
ဘဏ္ဍာငွေအဖွဲ့အစည်းများ၏ တာဝန်များ

စစ်ကောင်စီနှင့် ဆက်နွယ်မှုများရှိသည့် ကုမ္ပဏီများအား ငွေကြေးထောက်ပံ့မှု ဆက်လက်လုပ် ဆောင်ခြင်းဖြင့် ဂျပန်ဘဏ်များအနေဖြင့် မြန်မာစစ်တပ်က ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ် သည့် ရာဇဝတ်မှုများကို ထောက်ပံ့ကူညီလျက်ရှိသည်။ မြန်မာစစ်ကောင်စီသည် ကျယ်ပြန့်သည့် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုအရိပ်အောက်တွင် ရောက်ရှိနေပြီး ယင်းသည် လက်ရှိအခြေအနေ၏ လေးနက်မှုကို ထင်ဟပ်ပြသနေသည်။
OECD လမ်းညွှန်ချက်များနှင့် ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများ ကဲသို့သော နိုင်ငံတကာ မူဘောင်များအရ ဘဏ္ဍာငွေအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ အစုအဖွဲ့နှစ်ရပ်လုံးအနေဖြင့် အလွန်ဆိုးရွားသည့် လူ့အခွင့်အရေးအကျိုးဆက်များရှိသည့် လုပ်ငန်းများမှ တာဝန်သိစွာနှင့် ချက်ချင်းလက်ငင်း ထွက်ခွာရေး စဉ်းစားရန် မျှော်လင့်ပါသည်။ ဘဏ်များအနေဖြင့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများတွင် ထောက်ပံ့ကူညီနေမှုကို ရပ်တန့်ရန် အဆောတလျင် အရေးယူဆောင်ရွက်ချက်များကို လုပ်ဆောင်ရမည်ဖြစ်သည်။

BankTrack နှင့် ပူးပေါင်းထုတ်ဝေသည်။

Justice For Myanmar မှ ပြန်လည်ကူးယူသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar