Breaking News

ကိုသန်းလွင် - လူတို့၏သမိုင်းကြောင်း

ကိုသန်းလွင် - လူတို့၏သမိုင်းကြောင်း
(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၂၂

(၁)
လူ့သမိုင်း၏ အဖြစ်အပျက်များမှာ ကျွန်တော်တို့အဖို့ မေ့လျော့ကုန်ပါဘီ။ လူ (Homo Sepien) တို့ ဖြစ်ပေါ်တည်ရှိခဲ့ကြသည်မှာ နှစ်ပေါင်း ၂၀၀,၀၀၀ ခန့်ရှိပါပြီ။ သို့သော်ထိုနှစ်များ၏များစွာသော အစိတ်အပိုင်းများတွင်လူတို့ မည်သို့နေထိုင်ခဲ့ကြသည်ကို မမှတ်မိနိုင်တော့ပါ။ စပိန်နိုင်ငံ အယ်တာမီယာ (Altamira) ဂူတွင်လွန်ခဲ့ သော နှစ်ပေါင်း ၁၀,၀၀၀ ကျော် (၂၅၀၀၀ - ၁၅၀၀၀ ဘီစီ) အတွင်းတွင်ရေးဆွဲခဲ့သောပန်းချီကားများကိုတွေ့ရှိခဲ့ ကြပါသည်။ ထိုအချိန်က စိတ်ဝင်စားဖွယ်အဖြစ်အပျက်များဖြစ်ခဲ့မည်မှာသေချာသော်လည်း ဘာတွေဖြစ်ခဲ့သည်ဟု အတိအကျ မသိရပါ။ လူတို့အဖို့ကြီးစွာသောအဖြစ်အပျက်များဖြစ်ပျက်ခဲ့မှာ အမှန်ပင်ဖြစ်သော် လည်း ရိုးရိုးလူတို့အဖို့ စိတ်ဝင်စားဖွယ်မရှိပါ။ ကမ္ဘာကြီးတွင်ယနေ့ဖြစ်ရပ်များမှာ အလွန်ရှုတ်ထွေးနေခြင်း၊ လူအချင်းချင်းဆက်ဆံရာတွင် ဆိုးရွားလွန်းခြင်း၊ စစ်ပွဲများမကြာခဏဖြစ်ရခြင်း၊ လူ့လောဘနှင့်အခွင့် အရေး ယူလွန်းခြင်းများမှာ များပြားလွန်းနေပါသည်။ ဤကဲ့သို့သောအပြုအမှုမှာ တလျှောက်လုံး လူ့အပြုအမှုများပေလော (သို့မဟုတ်) ကာလတခုတွင် အပြောင်းအလဲဖြစ်ခဲ့ကြလေသလော။

(၂)
ပထမဦးဆုံးခေတ်သစ်တွင်ဤမေးခွန်းကိုမေးခဲ့သူမှာ ဆွစ် - ပြင်သစ်လူမျိုး မစ္စတာရူးဆိုး (Jean Jacque Rousseau) ဖြစ်ပါသည်။ ၁၇၅၄ ခုနှစ် အက်ဆေးပြိုင်ပွဲတခုတွင်ပါဝင်ယှဉ်ပြိုင်ရေးသားခဲ့ရာတွင်လူသည်အမဲလိုက် ၍ အသက်မွေးဝမ်းကြောင်းပြုခဲ့စဉ်က ကလေးငယ်တစ်ယောက်၏ အပြစ်ကင်းစင်ခြင်းမျိုးသာရှိခဲ့ပါသည်။ အား လုံးတန်းတူမျှတူ ဖြစ်ရမည်ဟု သဘောပေါက်ခဲ့ကြခြင်းမှာ လူအုပ်စုတစ်ခုစီသာနေကြပြီး တကွဲတပြားစီဖြစ်နေသောကာလမှာ ဖြစ်ပါသည်။ စိုက်ပျိုးရေးကိုတွေ့ရှိပြီး လူ့ယဉ်ကျေးမှုများကို တည် ဆောက်၍ မြို့ကြီးများပေါ်လာပြီးသည့်နောက်တွင်မှ ထိုသို့ လူတို့အချင်းချင်းရိုင်းပင်းကူညီမှုများ ပျောက်ဆုံးသွားခြင်းဖြစ်ပါသည်။ မြို့ကြီးများတွင် နေထိုင်သည်ဆိုရာဝယ် စာအရေးအသားများပေါ်ပေါက်ပြီး ဖီလိုဆိုဖီနှင့် သိပ္ပံပညာရပ်များ ထွန်းကားနေပါ ပြီ။ ထို့နောက် စစ်တပ်ကြီးများပေါ်ပေါက်လာပါသည်။ လူအချင်းချင်းသတ်ဖြတ်မှုများရှိလာကြပြီးလူ့ဘဝအတွက် မကောင်းသောအရာများပေါ်ပေါက်ခဲ့ ကြပါသည်။ 

ရူးဆိုး၏ အက်ဆေးမှာပြိုင်ပွဲတွင်အရွေးမခံခဲ့ရပါ။ သို့သော် သူပြုစုခဲ့သောကျမ်းစာသည် အသက်ရှင်နေခဲ့ပြီး ဒိုင်းမွန်း (Jared Diamond) ဖူကူရားမား (Francis Fukuyama) ဟာရာရီ (Harari) ကဲ့သို့သော လူ့သမိုင်းရေးသူတို့အတွက် လိုက်နာရန် ဘလူးပရင့် ဖြစ်လာခဲ့သည်။ ထိုစာရေးဆရာများက လူတို့၏မညီမျှမှုများကို အပို ပစ္စည်းအများကြီးရှိသည့်လူ့လောကတွင်နေရခြင်း၏အကျိုးတရားအဖြစ်ရေးလာကြသည်။ ဟာရာရီ၏ (Sapien) စာအုပ်တွင် စိုက်ပျိုးရေးပေါ်လာပြီးသည့်နောက် စိုက်ပျိုးသူတို့က ထုတ်လုပ်လိုက်ကြသည့် အပို ပစ္စည်းကိုသုံးစွဲ ရန်ဘုရင်များ၊ အုပ်ချုပ်သူများနှင့် လောဘဖြစ်နေသူများအရှိုရှိုပေါ်လာကြသည်ဟု ရေးခဲ့သည်။

အီဂျစ်၊ မက်ဆိုပိုတေးမီးယား၊ တရုတ်ပြည် စသည်တို့မှ ရှေးဟောင်းပစ္စည်းတူးဖော်လာရာမှထိုအဆိုကို အတည်ပြုသောအချက်များ တွေ့ရှိလာရသည်။ တစ်နေရာထဲတွင် လူအများကိုစုဝေးထားလိုက်ပါက လူတို့သည် အချင်းချင်းခွဲခြမ်းစိတ်ဖြာကြပြီးမတူညီသောလူ့အလွှာများပေါ်ပေါက်လာပါသည်။ မတူညီမှုများမှာဘုရားကျောင်း များ၊ နန်းတော်ကြီးများ တူးဖော်ရာတွင် အထင်အရှားတွေ့ရပါသည်။ လူ့ယဉ်ကျေးမှုသည် (Package) သဖွယ် အထုပ်လိုက်လာပြီးအုပ်ချုပ်သူလူတန်းစား၊ ကျွန်၊ ငွေတိုးချေးစားသူတို့ပေါ်ပေါက်လာသလိုအနုပညာ နှင့်တက် ခနိုလိုဂျီ သိပ္ပံအတတ်ပညာများကိုပေါက်ဖွားလာပါသည်။

ထိုကဲ့သို့ မကောင်းမြင်သောဘက်ကကြည့်လျှင်လည်း လူ့သမိုင်းသည် ယုတ္တိရှိသယောင်ထင်ရပါသည်။ တကယ်စင်စစ် စိုက်ပျိုးရေးလုပ်ပြီးလုပ်ကိုင်စားသောက်၍ကျေနပ်နေမည်ဆိုလျှင် ပစ်ဂမီတို့လို၊ Kalahari Bush man လိုအဆင့်နှင့်နေလျင်လည်းရပါသည်။ သို့သော်နယူးရော့၊ လန်ဒန်၊ ရှန်ဟိုင်းတို့လိုမြို့ကြီးများတွင်နေမည်ဆိုလျင်တော့ လူ့ယဉ်ကျေးမှု၏အကောင်းဆုံးအသီးအပွင့်များနှင့် ကောင်းသောအရာများကိုတစုတဝေးကြီးတွေ့ ရပါလိမ့်မည်။ သို့သော် ထိုကောင်းသောအရာများနှင့်အတူ မကောင်းသောအရာများကိုလည်း သင်လက်ခံရပါ လိမ့်မည်။ တချို့က မိမိတို့ချမ်းသာသမျှကို အာဏာပါဝါအဖြစ်ပြောင်းလဲနိုင်စွမ်းရှိသဖြင့် သင်သည် မြို့ကြီးများတွင် နေထိုင်ရသည်မှာ မညီမျှမှုများကို ကြုံတွေ့ရမည်ဖြစ်ပါသည်။ သင့်ဆန္ဒတွေသည် ဘာမှအရေး မကြီးသလို၊ သင့်ဘဝသည် ဘာမှအရေးမပါသလိုခံစားရပါလိမ့်မည်။

ကျွန်တော်တို့က ဤနည်းဖြင့်မဟုတ်သော၊ မတူကွဲပြားသည့်နည်းဖြင့် လူ့သမိုင်းတိုးတတ်လာပုံကိုဖော်ပြချင်ပါသည်။ လွန်ခဲ့သောဆယ်စုနှစ်များက မနုဿဗေဒပညာရှင်များ တူးဖော်ရရှိသောအချက်အလက်များကို ကြည့်ပါက အထက်ပါလူ့သမိုင်းရေးသူတို့နှင့်ကွဲလွဲသောအဖြေကိုရရှိခဲ့ပါသည်။ အများသောအားဖြင့် လူတို့ သည် သာတူညီမျှအေးချမ်းစွာနေခဲ့ကြသည်ကများပါသည်။ တချို့နေရာများတွင်လူတို့သည်ရာစုပေါင်းများစွာကြာကြာ ဘုရားကျောင်းများ၊ နန်းတော်ကြီးများကိုဆောက်စရာမလိုဘဲ နောက်ပိုင်း မှသာတည်ဆောက်ခဲ့ကြ ကြောင်းသိ လာရပါသည်။ လူတစ်ဦးကိုတစ်ဦး လွှမ်းမိုးအုပ်ချုပ်ခဲ့ကြသည်ဟူသောအရိပ်အရောင်ကိုမတွေ့ခဲ့ရပါ။ အုပ်ချုပ်သောနိုင်ငံရေးရာ အဖွဲ့အစည်းဟူလည်းမရှိခဲ့။ ထို့ကြောင့် ယခင်ကကျွန်တော်တို့မမြင်ခဲ့ရသော အတိတ် ကာလ က ဘဝများတွင်သာ တူညီမျှနေခဲ့ရခြင်းဆိုခြင်းက ကျွန်တော်တို့ကိုမျက်စိပွင့်စေပါသည်။

မြို့ကြီးများပေါ်ပေါက်လာခြင်းမှာလူ့သမိုင်းတွင် တဆင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၀၀၀ ကျော်ကစ၍ လူအများအစုလိုက်အပြုံလိုက် နေခြင်းကိုတွေ့ခဲ့ရပါသည်။ သိပ္ပံလက်မှုအတတ်ပညာတိုး တက်လာခြင်း၏ပြယုဂ်ဖြစ်ပါသည်။ စိုက်ပျိုးရေးတွင်လွန်စွာ အောင်မြင်လာခြင်း၏ သက်သေလည်းဖြစ်ပါသည်။ ထိုတိုးတက်မှုများက လူများစွာကို တနေရာထဲတွင် စုဝေး နေထိုင်ရန်အခွင့်အရေးကို ဖြစ်စေခဲ့ပါသည်။

ထိုမြို့ကြီးများတွင် ဘီးတပ်သောယာဉ်မရှိပါ။ ရေထဲ၌ သွားခဲ့သောလှေမရှိခဲ့။ သတ္ထုကိုနိုင်နင်းပုံလည်း     မပေါ်ဘဲ ဗျူရိုကရေစီဆိုသည်မှာအဝေးကြီးဖြစ်ပါသည်။ အဆောက်အဦးများမှာ မြူနီစပါယ်အရည်အသွေးကို ပြသကြပါသည်။ လူအများစုပေါင်းနေထိုင်ပြီး စနစ်ကျသောအဆောက်အဦးများကိုသာတွေ့ရပါသည်။ သူတို့ အဓိ က အလေးထားကြသည်မှာသူတို့၏ လူမျိုးနွယ်ကိုစခဲ့သည့် ရှေးဦးလူများ၊ ဘုရားသခင်နှင့် ဟီးရိုးများ သာဖြစ်ပါသည်။ တရုတ်ပြည် ရှန်ဒေါင်းဒေသတွင် လူတို့နေထိုင်ခဲ့ကြသည်မှာနှစ်ပေါင်း ထောင်ချီ၍ကြာမြင့်ခဲ့ပါသည်။ ၎င်းတို့မှာတော်ဝင်မိသားစုများ မပေါ်လာမီ အကြာကြီးရှည်ကြာမြင့်သည့်ကာလကဖြစ်ပါသည်။

ထိုလူနေမှုစနစ်ကို တခုတည်းဖြစ်အောင် မည်သို့စုစည်းထားခဲ့ပါသနည်း။ ဘုရင်များ၊ စစ်သားများဗျူရို  ကရက်များမဟုတ်လျင်ဘယ်သူတွေဖြစ်မည်နည်း။ တူးဖော်သူများကပင်လယ်နက်၏မြောက်ပိုင်း အရှေ့ဥရောပ တွင်မက်ဆိုပိုတေးမီးယားကဲ့သို့သော မြို့တော်ကြီးကို တွေ့ရှိခဲ့ကြပါသည်။ အချိန်မှာ ၄၁၀၀ ဘီစီခန့်ကဖြစ်ပါ၏။ ယခု ဆီးရီးယားနှင့် အီရတ်တို့ရှိရာနေရာများတွင် ယူကရိန်းနှင့် မိုနီးဗား (Mondova) မြို့တော်ကြီးများတည်ရှိ ခဲ့ကြပါသည်။ သူတို့မြို့တည်ပုံမှာ မြို့တော်၏အဆုံးဟူ၍မရှိ အစဟူ၍မရှိ စက်ဝိုင်းပုံများဖြစ်ပြီး တစ်ဝိုင်းနှင့်တစ် ဝိုင်း ပို၍ပို၍ကြီးသွားကြပါသည်။ အဆုံးအိမ်၊ အစအိမ်ဟူ၍မရှိသော်လည်း လူအများ တွေ့ဆုံရန်နေရာတွင်တော့ အဆောက်အဦများ ရှိကြပါသည်။ 

ထို ယူကရိန်း မြို့တော်များမှ သစ်တော၏အစပ်၌ ရှိပြီးစိုက်ပျိုးပင်များ အကောင်အလှောင်မွေးသူများနှင့် သမင်လိုက်သူများ၊ ဝက်ဝံအရိုင်းများကိုဖမ်းသူများ နေကြပါသည်။ ဆား၊ မီးခတ်ကျောက် နှင့် ကော့ပါးကိုတ ခြားနေရာများမှဝယ်ယူကြပါသည်။ ဥယျာဉ်ခြံများစိုက်ကြပြီးစပါး၊ ဂျုံ၊ အက်ပဲ၊ ဘယ်ရီသီးစသည်တို့ကိုစိုက်ပျိုးကြ ပါသည်။ သူတို့သုံးသောပုဂံပြားများမှာရှေးလူတို့သုံးသောကြွေထည်များဖြစ်ပြီး ဒီဇိုင်း အလွန်လှပါသည်။

သူတို့တွင် မိမိတို့၏အပိုပစ္စည်းများကိုသိမ်းဆည်းကြသော်လည်းနှစ်ပေါင်း ၈၀၀ ကျော်ကြာသည့်တိုင်  စစ်ရေးစစ်ရာများ၊ တိုက်ခိုက်သိမ်းပိုက်ခြင်းများကို မတွေ့ရပါ။ မြို့ကြီးတည်ထောင်ရန်ကျိုးစားခြင်းများလည်း မရှိခဲ့ကြပါ။ 

ထိုယူကရိန်းမြို့တွင်ဘီစီ ၄၁၀၀ မှ ၃၃၀၀ ဘီစီအထိလူအများနေထိုင်ခဲ့ကြပါသည်။ ထိုသူတိ့ုသည်မြို့ ကြီးများတွေ့ရသည့်အထဲတွင်လူနေအကြာဆုံးမြို့များဖြစ်ပါသည်။ ထိုမြိ့များတွင်လူတို့သည်မနေထိုင်ကြတော့ ဘဲစွန့်လွှတ်သွားခဲ့ကြပါသည်။ အဘယ့်ကြောင့်ဆိုသည်ကိုတော့ မသိနိုင်ပါ။ သူတို့ဥပမာကကျွန်တော်တို့ကိုသင်ခန်းစာပေးနေသည်မှာ ထိုကဲ့သို့သာတူညီမျှအေးချမ်းစွာနေထိုင်နိုင်ဘို့ ဖြစ်နိုင်သည်ဟူသော အယူအဆဖြစ်ပါ၏ 

ထိုကဲ့သို့ အတိတ်ကာလကအေးချမ်းစွာနေထိုင်ခဲ့ကြသောလူအဖွဲ့အစည်းရှိခဲ့သည်ဆိုခြင်းသည်ယနေ့ ကျွန်တော်တို့ကိုဘယ်လိုအကျိုးပြုပါသနည်း။ အထူးသဖြင့် ၂၀၀၈ ခုနှစ်၊ စီးပွားရေးပျက်ကပ်၏ နောက်ပိုင်းတွင် လူလူချင်းမညီမျှမှုသည်ဆိုးဝါးခဲ့ပါသည်။ ဤသို့လူတန်းစားမညီမျှခြင်းသည်ရေရှည်စိတ်ဝမ်းကွဲစရာဖြစ်ခဲ့ပါသည်။ ပစ္စည်းဥစ္စာရှိသူနှင့် မရှိသူတို့၏ကွာဟမှုသည် ကမ္ဘာတဝှမ်းလုံး၌နိုင်ငံရေးအားဖြင့်ကွဲလွဲကြရသည့် အဓိကအရင်း ခံအကြောင်းဖြစ်လာခဲ့ပါသည်။

(၃)
ယနေ့ဖြစ်ပေါ်နေသောမြို့ကြီးများကိုကြည့်လျင်ရှေးခေတ်ကိုလွမ်းစရာဖြစ်တော့သည်။ ဂါးဒင်း စီတီးများ၊ စားစရာသောက်စရာအလျံပယ်ဖြစ်နေသောအိမ်များ၊ စူပါဘလော့ခေါ်ကားမဝင်ရသောရပ်ကွက်များကိုပြန်လည် တည်ဆောက်ရန်ဖြစ်နိုင်ပါသေးသည်။ မညီမျှမှုများနှင့် ရာသီဥတုဖေါက်ပြန်မှုကြောင့် ဤမြို့ပုံစံများမှာ ဖြစ်နိုင်ဘွယ်ရှိလာပါသည်။ လူတို့တွင်နိုင်ငံရေးအရဖြစ်လိုသော (Political will) သာလိုပါသည်။ ပုံစံသစ် ကမ္ဘာကို ထူထောင်ကြမည်ဆိုလျင် ရှေးကပုံစံအဟောင်းသည် ရှိနေပြီးဖြစ်ပါသည်။

ကိုသန်းလွင်

Ref: Ancient History Shows how we can create a more equal world, David Graeber, David Wengrow, New York Times Nov 13 2021.


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar