Breaking News

ကိုကျော် (မြစ်ကြီးနား) — အိမ်ရှေ့မင်းသား အင်ဒရူး ကျရှုံးခန်း

ကိုကျော်(မြစ်ကြီးနား) — အိမ်ရှေ့မင်းသား အင်ဒရူး ကျရှုံးခန်း

(မိုးမခ) ဇန်နဝါရီ ၁၇၊ ၂၀၂၂


သူက ထက်မြက်တဲ့ ရဟတ်ယာဥ်ပိုင်းလော့ နဲ့ စစ်သူရဲကောင်းတစ်ဦး ဖြစ်ခဲ့တယ်၊ Falkland Islands တိုက်ပွဲအတွင်းမှာ ဗြိတိန်လူမျိုး သန်းပေါင်းများစွာကို အားကျဆွဲဆောင်စေနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူရဲ့မိခင် ဗြိတိန်ဘုရင်မ အဲလစ်ဇဘက်ရဲ့ အချစ်ဆုံးတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ အင်ဒရူးမင်းသား (Prince Andrew) ဟာ အဲလစ်ဇဘက်ဘုရင်မရဲ့ တတိယမြောက်ကလေးနဲ့ ဒုတိယမြောက်သား ဖြစ်ပြီး ဘုရင်ရာထူးကိုဆက်ခံမယ့် နံပတ် ကိုး နေရာမှာ ရှိပါတယ်။
ဒါပေမဲ့ ဒီနေ့အချိန်မှာတော့ ၆၁ နှစ်ရှိပြီဖြစ်တဲ့ အိမ်ရှေ့မင်းသား အင်ဒရူးက ၂၀၀၁ ခုနှစ်တုန်းက အမျိုးသမီးငယ်တစ်ယောက်အား လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့မှု စွပ်စွဲချက်နဲ့ နာမည်ဂုဏ်သတင်း ညှိုးမှိန်ခဲ့ရပြီး တကမ္ဘာလုံးက ဝေဖန်ကဲ့ရဲ့ခြင်းကို ခံနေရပါတယ်။ စွပ်စွဲမှုတွေကို အင်ဒရူးမှ တောက်လျှောက်ငြင်းဆိုခဲ့ပေမဲ့ အမေရိကန် မန်ဟက်တန်မှ တရားသူကြီးတစ်ဦးက လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှုတွေရှိတဲ့ အရပ်ဘက်အမှုတစ်ခုကို ရှေ့ဆက်ပြီး ဆောင်ရွက်နိုင်တယ်လို့ ဆုံးဖြတ်ခဲ့တဲ့နောက် သူရဲ့တချိန်က တောက်ပြောင်ခဲ့တဲ့ တော်ဝင်ဘဝဟာ ပြန်ပြင်လို့မရလောက်အောင် ကွဲအက်ကြေမွသွားပါတော့တယ်။
နောက်တစ်ရက်မှာပဲ ဘာကင်ဟမ်နန်းတော်မှ မြန်ဆန်ပြီး ပြစ်ဒဏ်ခတ်မှုနဲ့ တုံ့ပြန်ခဲ့ပါတယ်။ မိခင်ဖြစ်သူ ၉၅ နှစ်အရွယ် အဲလစ်ဇဘက်ဘုရင်မကြီးက အင်ဒရူးမင်းသားရဲ့ စစ်တပ်ဆိုင်ရာ ရာထူးဘွဲ့များကို ရုတ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် တော်ဝင်မိသားစုရဲ့ အကြီးတန်းအဖွဲ့ဝင်တစ်ဦးအဖြစ် အသိအမှတ်ပြုရာထူးဘွဲ့ “His Royal Highness" ကိုလည်း အင်ဒရူးမင်းသားမှ သုံးနိုင်ခွင့်မရှိတော့ပါဘူး။
အင်ဒရူးရဲ့အမှုနောက်မှာ လိုက်ပါနေတဲ့ အရိပ်မည်းကြီးတစ်ခုကတော့ ဂျက်ဖရီအပ်စတိန်း (Jeffrey Epstein) ဆိုသူနဲ့ ရင်းနှီးပေါင်းသင်းခဲ့မှုပဲ ဖြစ်ပါတယ်။ ယခင်က ငွေကြေးရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသူဖြစ်ခဲ့တဲ့ အပ်စတိန်းဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ လိင်ကုန်ကူးမှုများနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အကျဥ်းထောင်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ အင်ဒရူးအား တရားစွဲဆိုထားသူ Virginia Giuffre က သူမအား အပ်စတိန်းမှ လူကုန်ကူးခဲ့ပြီး အင်ဒရူးမင်းသားထံ ရောက်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ အပ်စတိန်းနဲ့အတူ အဓိကပူးပေါင်းကြံစည်ခဲ့သူ Ghislaine Maxwell ကလည်း အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်များအား ရှာဖွေစုဆောင်း လက်သပ်ထိန်းကျောင်း အလွဲသုံးစားပြုခဲ့မှု စွဲချက်များနဲ့ မကြာခင်ကပဲ ပြစ်မှုထင်ရှားခဲ့သူ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ အပ်စတိန်းကို တရားစွဲဆိုမှုတစ်ခုနဲ့ ဖလော်ရီဒါမှာ စစ်ဆေးခဲ့စဥ်က အင်ဒရူးမင်းသားအပေါ် စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ စွပ်စွဲသူတစ်ဦးဖြစ်တဲ့ Virginia Giuffre က သူမအသက် ၁၇ နှစ်အရွယ်မှာ အင်ဒရူးမင်းသားရဲ့ မတရားကျင့်ကြံမှုကို ခံခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ထုတ်လွှင့်ခဲ့တဲ့ ဘီဘီစီ သတင်းအင်တာဗျူးမှာ အင်ဒရူးမင်းသားက Virginia Giuffre နဲ့ ဆုံတွေ့ခဲ့ရမှုကို လုံးဝမမှတ်မိဘူးလို့ ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ လန်ဒန်မှာ ရိုက်ထားတဲ့ဓာတ်ပုံ အဲဒီမှာ အင်ဒရူးမင်းသားက Virginia Giuffre ရဲ့ ခါးကိုဖက်ထားတဲ့ ဓာတ်ပုံကိုတော့ အင်ဒရူးမင်းသားက မရှင်းပြနိုင်ခဲ့ပါဘူး။ အဲဒီဓာတ်ပုံရိုက်ခဲ့တာကို လုံးဝမှတ်မိခြင်းမရှိဘူးလို့ ဘီဘီစီသို့ ပြောခဲ့ပါတယ်။ ထို့အပြင် စွပ်စွဲချက်တွေကို လှည့်စားနိုင်ဖို့ အင်ဒရူးမှ ထူးထူးခြားခြား ကြံဖန်ပြောဆိုခဲ့မှုများရှိခဲ့ပြီး အဲဒီထဲကတစ်ခုကတော့ သူဟာ ဆေးပညာအရ ချွေးထွက်နိုင်စွမ်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦး ဆုံတွေ့ခဲ့တဲ့ တစ်ကြိမ်တုန်းက အင်ဒရူးမင်းသားက ချွေးတပေါက်ပေါက်ကျခဲ့တယ် လို့ Virginia Giuffre မှ ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဩဂုတ်လထဲမှာ Virginia Giuffre မှ အင်ဒရူးမင်းသားအား အမှုစွဲချက်တစ်ခုဖြင့် မန်ဟက်တန်တရားရုံးတစ်ခုမှာ တရားစွဲခဲ့ပါတယ်။ အင်ဒရူးရဲ့ ရှေ့နေများက တရားအမှုကို ပယ်ချပစ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အမှုအားဆက်လက်ပြီး ဆောင်ရွက်သွားနိုင်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အင်ဒရူးရဲ့အမှုက တော်ဝင်မိသားစုအတွက် ဘာအဓိပ္ပာယ် သက်ရောက်စေသလဲ?

ဖေဖေါ်ဝါရီလမှာ အဲလစ်ဇဘက်ဘုရင်မရဲ့ နန်းသက်နှစ် ၇၀ ပြည့် အထိမ်းအမှတ်ဖြစ်ပြီး ကမောက်ကမ အရှုပ်အရှင်းတွေ ၃ နှစ်ကြာ ဖြစ်သန်းခဲ့ရတဲ့နောက် တော်ဝင်မိသားစုရဲ့ ဇာတ်ကြောင်းကို ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေးတစ်ခု ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ မန်ဟက်တန်တရားရုံးမှ အင်ဒရူးမင်းသားရဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုကိစ္စ ပေါ်လာတာကြောင့် ဘုရင်မရဲ့ အထိမ်းအမှတ်ပွဲတော်အတွက် အနှောင့်အယှက်တစ်ခု ဖြစ်သွားနိုင်ပါတယ်။
အဲလစ်ဇဘက်ဘုရင်မကတော့ သူမရဲ့ဝတ္တရားကျင့်ဝတ်တွေ နဲ့ သက်တမ်းရှည်ကြာခဲ့တဲ့ သူမရဲ့စွမ်းဆောင်ချက်တွေကြောင့် ဗြိတိန် ပြည်သူလူထုများရဲ့ ကြည်ညိုချစ်နှစ်သက်မှုကို ရရှိနေဆဲဖြစ်ပါတယ်။ ဗြိတိသျှသမိုင်းမှာ ဝင်စတန်ချာချီမှစပြီး ဝန်ကြီးချုပ် ၁၄ ဦးတို့က ဘုရင်မအတွက် တာဝန်ထမ်းဆောင်ပေးခဲ့ပြီး ဗစ်တိုးရီးယားဘုရင်မထက် သာလွန်ကာ သက်တမ်းအကြာရှည်ဆုံး ဘုရင်မ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အရှုပ်တော်ပုံကိစ္စတွေနဲ့ ဘုရင်စနစ်ကို တုန်လှုပ်သွားစေရတဲ့ ကာလတစ်ခုအတွင်းမှာ တော်ဝင်မိသားစုဝင် လူငယ်မျိုးဆက်သစ်တွေက အရွယ်ရောက် ရင့်ကျက်လာခဲ့ကြပြီး နောက်ပြီးတော့ အင်ဒရူးမင်းသားအပေါ် တရားစွဲဆိုမှုများ စတာတွေက သူတို့ရဲ့ အမြင်အယူအဆကို ပိုပြီးခိုင်မာသွားစေပါတယ်။

မက်ဂန်နဲ့ ဟယ်ရီ (Meghan and Harry) လင်မယားစုံတွဲ တော်ဝင်မိသားစုမှ စွန့်ခွာခဲ့ပြီးတဲ့နောက် လူတချို့က ဘုရင်စနစ်နဲ့ ကင်းဝေးသွားသလို ခံစားမှုမျိုးရှိနေပါတယ်။ Oprah Winfrey နဲ့ အင်တာဗျူးမှာ ယခင် ရုပ်ရှင်မင်းသမီး ဖြစ်ခဲ့တဲ့ မက်ဂန်က တော်ဝင်မိသားစုအတွင်းမှာ လူမျိုးရေးခွဲခြားမှုပြဿနာ ရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အဲလစ်ဇဘက်ဘုရင်မ ကွယ်လွန်ပြီးနောက် ရာထူးကိုဆက်ခံရယူမဲ့ အိမ်ရှေ့မင်းသား ချားလ်ကလည်း ပိုပြီးရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ ဘုရင်စနစ်ပုံစံပြောင်းလဲဖို့ သဘောထား ထုတ်ဖော်ခဲ့ပါတယ်။

အင်ဒရူးမင်းသားအပေါ် တရားစွဲဆိုမှုမှာ နောက်ထပ်အဆင့်တွေကဘာလဲ?

အကယ်၍ နှစ်ဦးနှစ်ဖက်စလုံးမှ အမှုကိစ္စကို သဘောတူကျေအေးခဲ့မယ်ဆိုရင် မည်သည့် အမှားကျူးလွန်ခဲ့မှု သို့မဟုတ် တာဝန်ယူမှုကို အင်ဒရူးမင်းသားမှ ဝန်ခံရန်မလိုအပ်ဘူး ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ကြီးမားတဲ့ ငွေကြေးကုန်ကျစရိတ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အကယ်၍ အမှုကို ဂျူရီအဖွဲ့ဝင်များရှေ့မှောက်မှာ ရုံးတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါက အင်ဒရူးမင်းသားနဲ့ ပတ်သက်ပြီး အရှက်တကွဲ ထိခိုက်နစ်နာစေမယ့် အချက်အလက်များ အများပြည်သူကြား ထုတ်လွှင့်စေနိုင်မှာ ဖြစ်ပြီး ဗြိတိန်ရဲ့ဘုရင်စနစ်ကို ပိုပြီးထိခိုက်တိုက်စားသွားစေနိုင်ပါကြောင်း။ ။
(The New York Times - Jan 15, 2022 - The Downfall of Prince Andrew: Here’s What You Need to Know)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar