Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၅ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၅ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၂၀၀

◾️အာဆီယံ သံတမန်ရေးဖိအား၊ ချင်းပြည်နယ် မြောက်ပိုင်းကတိုက်ပွဲ၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းက နေအိမ်မီးရှို့မှုတွေ
ယခုနှစ်မှာအာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌ ဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံကခေါင်းဆောင်ဖြစ်သူ ဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာစစ်ကောင်စီကိုအာဆီယံ အစည်းအဝေးတွေထဲ ပြန်လည်ပါဝင်လာအောင်လုပ်ဖို့ကြိုး စားပေမယ့် မအောင်မြင်သေးတာတွေ့ရပါတယ်။ 

ယခင်နှစ်ဧပြီလ ဂျာကာတာအစည်းအဝေးပြီးနောက်ပိုင်း အာဆီယံသဘောတူညီချက် ၅ ချက်ကို အကောင်အ ထည်မဖေါ်နိုင်သေးတဲ့အခြေအနေမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနက်က သြဇာရှိတဲ့နိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့က စစ်ကောင်စီကို အာဆီယံပုံမှန် အစည်းအဝေးတွေမှာ မပါဝင်အောင် ဆိုင်းငံ့ထားဖို့ သဘောထားပေးကြပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအစည်းအဝေးတွေမှာ စစ်ကောင်စီအစိုးရအဖွဲ့ထဲက တယောက်မှ တက်ရောက်ခွင့်မရခဲ့ကြတာ ဖြစ်ပါတယ်။ 

အခုနှစ် အလှည့်ကျဥက္ကဌတာဝန်ယူတဲ့ ကမ္ဘောဒီးယားနိုင်ငံက အခြားသောနိုင်ငံတွေနဲ့မတူတဲ့အမြင်နဲ့ မြန်မာစစ်ကောင်စီကို အစည်းအဝေးဖိတ်ဖို့ ကြိုးစားခဲ့လာတာ ထင်ရှားစွာတွေ့ရမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလဆန်းမှာ ဟွန်ဆန်နဲ့ ၄င်းရဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီး ၅ ဦးတို့မြန်မာနိုင်ငံကို တရားဝင်လာရောက်ခဲ့ကြပြီး ဆွေးနွေးခဲ့ကြပါတယ်။ ခရီးစဥ်က အာဆီယံအနေနဲ့လို့ အဓိပ္ပါယ်ကောက်ရင်လည်းရသလို ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ လာရောက်တာလို့ ဆင်ခြေပေးမယ်ဆိုလည်းပေးနိုင်ပါတယ်။ 

သို့ပေမယ့် အာဆီယံသဘောတူညီမှု ၅ ချက်ကို အကောင်အထည်မဖေါ်နိုင်မချင်း မြန်မာကို အာဆီယံပုံမှန်အစည်းအဝေးတွေ မဖိတ်ဖို့ အာဆီယံအဖွဲ့ထဲက နိုင်ငံအချို့က သဘောထားရှိနေဆဲဖြစ်လို့ မြန်မာစစ်ခေါင်း ဆောင်တွေအနေနဲ့ အာဆီယံမှာ သံတမန်ရေးအရ အရေးနိမ့်နေဆြ ဖြစ်ပါတယ်။ အာဆီယံသဘောတူညီမှု ၅ ချက်ဆိုရာမှာ ပါဝင်တဲ့အချက်အလက်တွေက ယေဘုယျအားဖြင့် အငြင်းပွားစရာ မရှိပေမယ့်လည်း ဘယ် လောက်ကာလအတွင်း အကောင်အထည်ဖေါ်မလဲဆိုတဲ့ အချိန်ကာလသတ်မှတ်ချက် ပါဝင်တဲ့မူငါးချက်ကို အကောင်အထည်ဖေါ်နေပြီလားဆိုတာကို ဘယ်လို သက်သေပြမလဲ တိုင်းတာမလဲ စတဲ့အထိ အသေးစိတ်မပါရှိတာကြောင့် စစ်ကောင်စီက မူငါးချက်ပါ လုပ်ဆောင်ရမယ့်ဟာတွေကို ပြည်တွင်းမှှာလက်နက်ကိုင် အခြေအနေမတည်ငြိမ်သေးတာကြောင့် အကောင်အထည်မဖေါ်နိုင်သေးတဲ့ သဘောမျိုးလည်း ဆင်ခြေပေးပြောဆိုနေတာဖြစ်ပါတယ်။

အာဆီယံပြင်ပ နိုင်ငံတကာအသိုင်းအဝိုင်း အဖို့လည်း အာဆီယံမူငါးချက် အပြင်အခြားသော အဆိုပြုစရာမူဝါဒ သတ်သတ်မှတ်မှတ် ရှိပုံမရတာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေကို လူပုဂ္ဂိုလ်အရ ပိတ်ဆို့တာ၊ သူတို့နဲ့ စီးပွားရေးတွဲလုပ်တဲ့လုပ်ငန်းရှင်တွေ၊ စစ်ကောင်စီကို အထောက်အကူပေးနေတဲ့ လုပ်ငန်းရှင်တွေကို ပိတ်ဆို့တဲ့ လုပ်ဆောင်မှုမျိုးကိုပဲ အလေးထားလုပ်ဆောင်နေပြီး ပြဿနာဖြေရှင်းရေးနဲ့ပတ်သက်လို့တော့ အာဆီယံမူငါးချက်ကိုပဲ ထောက်ခံတယ်လို့ ပြောဆိုထားကြတာ တွေ့ရပါတယ်။ 

နိုင်ငံတကာအသိုင်းအဝိုင်းက အာဆီယံအဖွဲ့က တဆင့် လုပ်ဆောင်မယ့် လုပ်ဆောင်မှုတွေကို ဖိအားပေးနေချိန် ပြည်တွင်းမှာတော့ လက်နက်ကိုင် တိုက်ပွဲတွေ ၊ သတ်ဖြတ်မှုတွေ၊ လုပ်ကြံမှုတွေ၊ ဖမ်းဆီးမှုနဲ့ ရပ်ရွာတွေက နေအိမ်တွေကို ပစ်မှတ်ထားမီးရှို့တာတွေ ဖြစ်ပွားနေဆဲပဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်တွေကတည်းက ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်း ၂ နေရာစလုံးမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းတွေ တက်လာရာမှာ ကျေးရွာအချို့မှာ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ၊ ကာကွယ်ရေးတပ်တွေက ချောင်းမြောင်းတိုက်ခိုက်တာတွေ ဖြစ်ပွားနေပြီး အရပ်သားတွေကို ကာကွယ်ရေး တပ်ဖွဲ့ဝင်၊ အားပေးကူညီသူတွေအဖြစ် စွပ်စွဲသတ်ဖြတ်တာတွေလည်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ မင်းတပ်နဲ့ မတူပီအကြား တက်သွားတဲ့စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့သလို အရပ်သား တဒါဇင်ကျော်လည်း ပြီးခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာတော့ တီးတိန်မြို့နယ်ထဲမှာပါဝင်တဲ့ ကလေး- သိုင်းငင်း-တီးတိန် အကြားက ကားလမ်းပေါ်မှာရှိတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်တာ စစ်ကောင်စီက သတ်ဖြတ်တာ နေအိမ်မီးရှို့တာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ 
အလားတူ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတဲ့အခြားဒေသကတော့ ကယားပြည်နယ် လွိုင်ကော်မြို့က နေရာအချို့ဖြစ်ပါတယ်။ မြို့ပေါ်မှာ တပ်စွဲအခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေရှိနေဆဲဖြစ်ပြီး လွိုင်ကော်မြို့ကတော့ စစ်ကောင်စီဘက် ထိန်းချုပ်ထားတဲ့အနေအထားမှာရှိနေဆဲပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်မှာတော့ လေးကေကော်အနီးက ဖလူးဒေသမှာ DKBA စခန်းတခုကို စစ်ကောင်စီတပ်တွေက တိုက်ခိုက်သိမ်းယူလိုက်တဲ့ သတင်းတွေယခုရက်မှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ ဒီဇင်ဘာလလယ်ကတည်းကစပြီး လေးကေကော်ဒေသမှာ  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ပြီးဆုံးသွားခြင်းမရှိသေးပဲ စစ်ကောင်စီတပ်တွေက ရှေ့တိုးတိုက်ခိုက်ပြီး နေရာယူထားတာလည်း ဖြစ်ပါတယ်။ အဲဒီဒေသမှာနေထိုင်သူတွေ သောင်းနဲ့ချီ ထိုင်းနိုင်ငံဘက်နဲ့ မြန်မာနိုင်ငံဘက် အခြားဘေးလွတ်ရာတွေမှာ တိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။ 

ချင်း၊ ကယားနဲ့ ကရင်ပြည်နယ်တွေလိုပဲ စစ်ကောင်စီတပ်တွေ ဝင်ရောက် ပစ်ခတ်တာ သတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့တာတွေလည်း မန္တလေးနဲ့ အနီးဆုံးမြို့နယ်ဖြစ်တဲ့ မတ္တရာမြို့နယ်ထဲမှာလည်း ဖြစ်ပွားနေတယ်လို့ သတင်းတွေထဲပါရှိပါတယ်။ စစ်ကောင်စီတပ်တွေက နေအိမ်တွေမီးရှို့ခဲ့သလို ဒေသအလိုက်ပီဒီအက်ဖ်တွေကလည်း သတင်းပေးလို့ သံသယရှိသူ ယူဆသူတွေကို သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ အဲဒီလိုသတ်ဖြတ်ခံရတဲ့နောက် စစ်ကောင်စီတပ်တွေက ထပ်မံဝင်ရောက်လာပြီး နောက်ထပ်နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar