Breaking News

ကြည်နိုင် - တလင်းခေါက်ချိန်


တလင်းခေါက်ချိန်

ကြည်နိုင်
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၂၂

( ၁ )

နှင်းတဖြောက်ဖြောက်နဲ့
တလင်း ခေါက်ကြတဲ့
လသာချိန် လယ်မြေကွင်းမှာ
တို့ သူငယ်ချင်း တစ်သိုက်
ချွေးတပြိုက်ပြိုက်နဲ့
လိုက်တမ်း ပြေးတမ်း
ကစားကြမ်းခဲ့ကြ။
( ၂ )

ဇာတိက ခွာ၊ ရေကြည်ရာ ရှာကြ
ဘဝ အခန်းခန်း၊လမ်းအသွယ်သွယ်
အနယ်နယ်ဖြတ်သန်း ၊ ခရီးကြမ်းထဲ
လဲသူ ကွဲသူ၊ တွဲကူ ထူမတ်
လူနဲ့ လောကဓံ
ဘတစ်ပြန် ကျားတစ်ပြန်
ကိုယ့်ကြမ္မာ ကိုယ်ဖန်ကြရင်း။

( ၃ )

ညများကို ကျော်ဖြတ်
ကာလများကို ကျော်ဖြတ်
ဗာလများကို ကျော်ဖြတ်
ဗိုင်းရပ်စ်တွေကို ကျော်ဖြတ်
ကျပ်ရာက ချောင်
မှောင်ရာက လင်း
တလင်းခေါက်ချိန် ၊ လသာချိန်မှာ
မီးအိမ်မြှင့်စို့ ညီနောင်ရင်း။ ။

ကြည်နိုင်
၁၄၊ ၁၊ ၂၀၂၂

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar