Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၄ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၁၄ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၂၂

မြန်မာနိုင်ငံရဲ့ သတင်းတွေကို ဖတ်ရှုလိုက်ရင် တိုက်ပွဲတွေ ပစ်ခတ်မှုတွေ၊ မိုင်းထောင်မှုတွေ၊ စစ်ဘေးရှောင်တွေ၊ အရပ်သားတွေကို လက်နက်ကိုင်အဖွဲ့တွေလို့ စွပ်စွဲချက်၊ သံသယနဲ့ ပစ်သတ်တာ ညှင်းပန်းနှိပ်စက်ပြီးသေဆုံးရတဲ့ သတင်းတွေ၊ နေအိမ်တွေမီးရှို့ခံရတဲ့ သတင်း၊ ဖမ်းဆီးတရားစွဲခံရတဲ့သတင်း၊ သတင်းပေး ဒလန်လို့ယူဆတဲ့သူ သံသယဖြစ်ခံရသူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ သတင်းတွေက နေ့စဥ် သတင်းတွေသဖွယ် ဖြစ်နေတာပါ။ 

လူတယောက်အသက်သေဆုံးတဲ့ သတင်းက စိတ်ဝင်စားစရာသတင်းမဟုတ်တော့ပါဘူး၊။ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်လို့ ၃/၄ ယောက်သေတယ်ဆိုတဲ့ သတင်းတွေကလည်း သတင်းမဟုတ်တော့ပါဘူး။ တိုက်ပွဲတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ အယောက် ၂၀ သေတယ်တယ် အယောက် ၃၀ သေတယ်ဆိုတာလည်း သတင်းကြီးမဟုတ်တော့သလို ဖြစ်လာပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေမှာ ဘယ်လောက်သေတယ်ဆိုတာ ဘယ်သူမှ စိစစ်ဖို့ မဖြစ်နိုင်တာမို့ တိုက်ပွဲသတင်းတွေကို ထုတ်ပြန်ချက်တွေပေါ်မှာသာ အမှီပြုရေးသားဖေါ်ပြကြတာမို့ အလေးမထားတာလည်း ဖြစ်နိုင်ပါတယ်။ အရပ်သားတွေ ဆယ်ဂဏန်းနဲ့ချီ သေဆုံးတဲ့သတင်းတွေက အာရုံစိုက်စရာ သတင်းတွေဖြစ်ပါတယ်။ ခုသီတင်းပတ်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ ဖရူဆိုမှာ အရပ်သား၃၀ ကျော် ၄၀ နီးပါး သတ်ဖြတ်ခံရပြီး မီးရှို့ခံရတဲ့သတင်း၊ မတူပီမှာ အရပ်သား ၁၁ ဦးထက်မနည်း သတ်ဖြတ်ခံရတဲ့ သတင်းလိုမျိုးကတော့ရက်အတန်ကြာ သတင်းခေါင်းစဥ်တွေမှာ ရှိနေပြီး အာရုံစိုက်ခံရတဲ့ သတင်းတွေဖြစ်ပါတယ်။ 

ဒီလိုအဖြစ်အပျက်တွေအပေါ်မူတည်ပြီး UNOCHA ကဒီနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ တိုက်တွန်းလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။ အထူးသဖြင့် စစ်ကောင်စီလက်နက်ကိုင်တပ်တွေကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ သို့သော်လည်း လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဘယ်အဖွဲ့မဆို မိမိတို့ကို ထောက်ခံခြင်း မထောက်ခံခြင်းကြောင့် အရပ်သားတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေ မလုပ်ဖို့ အရပ်သားတွေနေထိုင်နေကြတဲ့ ဧရိယာတွေမှာ တိုက်ခိုက်တာမျိုးမလုပ်ဖို့ ရည်ညွှန်းပြောဆိုတာလို့ နားလည်ရပါတယ်။ 

ခုသီတင်းပတ်တွေမှာ တိုက်ပွဲတွေ ပိုကျယ်ပြန့်လာ ဆက်တိုက်ဆိုသလို ဖြစ်လာနေတာက ကယားပြည်နယ်၊ ကရင်ပြည်နယ် ဖြစ်ပါတယ်။ ဒီဒေသတွေကို အထူးသဖြင့် ရည်ညွှန်းပြောဆိုထားတာလည်း ဖြစ်ပါတယ်။ 

တိုင်းရင်းသားဒေသတွေ မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းထဲကဒေသတွေမှာ တိုက်ပွဲတွေ သတ်ဖြတ်ခံရမှုတွေ တိမ်းရှောင်ရမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသော်လည်း ရန်ကုန် မန္တလေး နေပြည်တော်လိုမြို့တွေမှာတော့ အသွားအလာပုံမှန်သဖွယ် သွားလာနေကြတာတွေ့ရမှာ ဖြစ်ပါတယ်။ စီးပွားရေးလည်ပတ်မှု အရ အသက်မွေးမှုအရ လုပ်ငန်းတွေကို လည်ပတ်အောင် ဒီလို စစ်ပွဲတွေဟိုနားသည်နား ဖြစ်နေတဲ့အောက်မှာပဲ လုပ်ဆောင်နေကြတာမျိုးလည်း ဖြစ်ပါတယ်။ 

ရန်ကုန်မြို့ရဲ့ နေ့စဥ်မြင်ကွင်းကိုကြည့်ရင် မိုးလင်း ၄နာရီနောက်ပိုင်း ခရီးသွားမယ့်သူတွေ၊ ကုန်စိမ်းစျေး သားငါးစျေးသွားကြမယ့် စျေးကားတွေရဲ့ အသံစကြားရပြီး နံနက် ၇နာရီနောက်ပိုင်းမှာ အလုပ်သွားတဲ့ သူတွေစတင်သွားလာကြပြီဖြစ်ပါတယ်။ ညဘက်မှာ ညမထွက်ရအမိန့်ကြောင့်နဲ့ ညပိုင်းသွားလာရတာက အန္တရာယ်များတာကြောင့် ရုံးအလုပ်ဆင်းချိန်တွေက ညနေ ၄ နာရီလောက်ကို သတ်မှတ်ထားကြပြီး နံနက် ၈နာရီလောက်စတင်ကြတာကြောင့် အလုပ်စောစောသွားပြီး စောစောပြန်ကြတဲ့သဘောဖြစ်ပါတယ်။ 

စစ်အာဏာမသိမ်းမီ၊ ကိုဗစ်ကန့်သတ်ချက်တွေ မထုတ်မီ ခါတိုင်း ကားကြပ်ချိန် နံနက် ၈နာရီခွဲ ၁၀နာရီခွဲဖြစ်ခဲ့ပေမယ့် အခုတော့ နံနက် ၈နာရီမထိုးခင်ကတည်းက ကားစတင်ကြပ်နေပြီး နေ့ခင်းတနေ့လုံးလည်း ယာဥ်ကြောကြပ်တာက သိပ်မလျော့သွားပဲ ညနေ၄နာရီနောက်ပိုင်းမှာ မြို့လယ်ကနေ မြို့ဆင်ခြေဖုံးတွေကို ထွက်တဲ့လမ်းတွေမှာ ပြန်ပြီးယာဥ်ကြော ကြပ်လေ့ရှိတာတွေ့ရပါတယ်။ 

နယ်မြို့အချို့မှာ နေထိုင်ကြသူတွေအနေနဲ့ အသက်ဘေးလွတ်ဖို့ ပိုင်ဆိုင်မှုတွေကိုထားရစ်ပြီးမြို့ကိုစွန့်ခွာ တိမ်းရှောင်နေရချိန်မှာ ရန်ကုန်မြို့၊ မန္တလေးမြို့တို့မှာနေသူတွေကတော့ ပုံမှန်အတိုင်းလှုပ်ရှားသွားလာနေကြတာလို့ ယူဆစရာလည်းရှိပါတယ်။ စစ်မီးက ရန်ကုန်၊ မန္တလေးမြို့တွေအထိ ပြန့်နှံ့မလာသေးတာကြောင့်လည်း ရန်ကုန်၊ မန္တလေးမြို့မှာ နေထိုင်သူတွေအနေနဲ့ စီးပွားရေး အသက်မွေးဝမ်းကြောင်း ကိစ္စတွေမှာလည်ပတ်နေကြတဲ့ သဘောလည်း ဖြစ်ပါတယ်၊ အရင်နှစ် ယခုလိုကာလမှာ အေးချမ်းစွာလုပ်ကိုင် စားသောက်နေထိုင်နိုင်ခဲ့ကြပေမယ့် တနှစ်အကြာမှာ ဘဝတွေက အရင်အခြေအနေနဲ့ ပြောင်းပြန်ဖြစ်ပြီး စစ်ရှောင်စခန်းမှာ နေထိုင်နေကြရတဲ့ အနေအထားဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ အခုအခြေအနေမှာ ရန်ကုန်၊ မန္တလေးမြို့တွေက ပုံမှန်အနေအထားလို့ အပြင်ပန်းမြင်ရတဲ့ သဘောလည်ပတ်လှုပ်ရှားနေကြပေမယ့် နောင်တနှစ်အကြာမှာ ဘယ်လိုအခြေအနေမျိုး ဖြစ်မလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်သေးဘူးလို့ပဲ ဆိုရမယ်ထင်ပါတယ်။ 

ဒီနေ့သတင်းတွေထဲမှာ စိတ်ဝင်စားစရာသတင်းခေါင်းစဥ်အချို့ကတော့ ICJ လို့ခေါ်တဲ့ နိင်ငံတကာတရားရုံးမှာ ၂၀၁၇ခုနှစ် ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ်လျောက်ထားတဲ့အမှုမှာ မြန်မာနိုင်ငံအစိုးရဘက်က အရင်ဦးဆောင်ခုခံခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို အမည်ကနေဖယ်ထုတ်ခဲ့ပြီး လက်ရှိအစိုးရနေရာကို ဝင်ယူထားသူ စစ်ကောင်စီက ခုခံချေပလိမ့်မယ်ဆိုတဲ့ သတင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ မြန်မာနိုင်ငံထဲက စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးတွေမှာ အဂတိလိုက်စားမှုပုဒ်မနဲ့ အမှုတွေထပ်တိုးဖွင့်လိုက်တဲ့သတင်း၊ ဒီလုပ်ရပ်ဟာ ဒေါ်ေအာင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးကနေ အပြီးတိုင်ဖယ်ရှားဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုအဖြစ် နိုင်ငံတကာအစိုးရအချို့က ရှုမြင်ကြတဲ့ သတင်းတွေ ဖြစ်ပါတယ်။ ဒီနေ့လုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ နိုဝင်ဘာလလယ်က ဖမ်းဆီးခံလိုက်ရတဲ့ ဖြိုးဇေယျာသော်ရဲ့ မှတ်စုစာအုပ်ပါ အချက်အလက်တွေ၊ သူ့ရဲ့ ကိုယ်တိုင်ထွက်ဆိုချက် ဗီဒီယိုတွေကိုဖွင့်ပြခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် နောင်နှစ် သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့လည်း ထပ်မံပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေက ဒီနေ့သတင်းတွေထဲ စိတ်ဝင်စားစရာ သတင်းတွေ ဖြစ်ပါလိမ့်မယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar