Breaking News

ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၄) ဘုရင်ရူးနဲ့ နိုင်ငံတော်


နိုင်ငံသစ်သို့ အတွေးများ (၄) ဘုရင်ရူးနဲ့ နိုင်ငံတော်

ထိန်လင်း 

(မိုးမခ) ဇွန် ၁၀ ၊ ၂၀၂၄

 "ရူးတယ်" ဆိုတဲ့စကားလုံးဟာ သာမန်အားဖြင့် ဆိုးတဲ့ဘက်မှာသုံးပေမယ့် ကောင်းခြင်း ဆိုးခြင်း ၂ မျိုးလုံးနဲ့ ဆက်နွယ်တဲ့စကားလုံးပါ။ ယေဘုယျအဓိပ္ပါယ်မှာ "လွန်လွန်ကဲကဲ မတည်မငြိမ်ဖြစ် သည်" လို့ ဖွင့်ဆိုပေမယ့် အတိအကျ ခွဲခြားလိုက်ရင်တော့ "စိတ်ဖောက်ပြန်သည်" ဆိုတာနဲ့ "တစုံတခု၌ အလွန်အကဲ တမ်းတမ်းစွဲဖြစ်သည်" လို့ မြန်မာအဘိဓာန်မှာ အဓိပ္ပါယ်ဖွင့်ပြထားပါတယ်။ ဒါဟာ ကျနော်ပြောလိုတဲ့ ဆိုးခြင်း နဲ့ ကောင်းခြင်း တို့ဖြစ်ပါတယ်။

ပုထုဇ္ဇနော ဥမ္မတ္တကော လူတိုင်းဟာ အရူး လို့ ပြောကြပေမယ့် စိတ်ဖောက်ပြန်လို့ ရူးသွပ်ခြင်းနဲ့ လိုလားတောင့်တချက်တစုံတရာအပေါ် အရူးအမူးဖြစ်ခြင်းက ကွဲပြားပါတယ်။ အကြောင်းအရာတစ်ရပ်ကိုအရူးအမူးဖြစ်တာ၊ ပညာရပ်တစ်ခုကိုအရူးအမူးဖြစ်တာတွေက အကျိုးရှိတဲ့ရူးသွပ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ကမ္ဘာပေါ်က နည်းပညာတိုးတက်မှု၊ ဆေးပညာအဆင့်မြင့်မှုစတဲ့အရာများဟာ ရူးသွပ်စွာကြိုးပမ်းအားထုတ်မှုတွေကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ကောင်းကျိုးများဖြစ်ပါတယ်။ မင်းသားရူး၊ ဇာတ်ရူး၊ ဥစ္စာရူး စသဖြင့် အမည်တပ်ခေါ်ဝေါ်တဲ့ အရူးပေါင်းများစွာရှိပေမယ့် တပါးသူရဲ့အကျိုးစီးပွားကို မထိခိုက်စေတဲ့ ရူးသွပ်မှုပေါင်းများစွာ ရှိတတ်တာကို သတိပြုမိကြပါလိမ့်မယ်။ ဦးနှောက်ပျက်တဲ့ ဖောက်ပြန်ခြင်းများကတော့ အနည်းနဲ့အများ ပတ်ဝန်းကျင်ကို ဒုက္ခပေးတတ်ပါတယ်။ ခွေးရူးတစ်ကောင်ရှိရင် ကျန်တဲ့ခွေးတွေကို ကူးစက်စေတတ်သလို၊ သခင်အပါ အဝင် လူအပေါင်းအတွက်လည်း စိုးရိမ်ရပါတယ်။ ဒါဟာ တခုခု လုပ်မှဖြစ်မယ့် အရူးကိစ္စဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းမှာလည်း ခွေးရူးလိုအန္တရာယ်ရှိတဲ့ လူတွေ၊ အခြေအနေ အချိန်အခါတွေ ရှိပါတယ်။ အထူးသဖြင့် အာဏာကို အရူးအမူး ဖက်တွယ်ချင်တဲ့ ဘုရင်ရူး၊ သမ္မတရူး ဆိုတဲ့ အာဏာရူးများ ရှိနေပြီဆိုရင်တော့ သူတို့ရဲ့ရူးနှမ်းမှုက တခြားသူတွေနဲ့ လူ့ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ သူတို့ရဲ့ မိုက်မဲမှုအတိမ်အနက်ပေါ် မူတည်ပြီး လူ့သမိုင်းနဲ့ လူတွေရဲ့ဘဝကို နစ်နာအောင် ဖျက်ဆီးတတ်ကြပါတယ်။ သမိုင်းကိုသင်ခန်းစာယူဖို့၊ မျက်မှောက်ကာလကို ဆင်ခြင်ဖို့ဆိုတာတွေက အနာဂတ်သမိုင်းသစ်အတွက် ပြင်ဆင်ဖို့ဖြစ်ပါတယ်။ ဖြစ်သင့်တာတွေဖြစ်ဖို့ လုပ်သင့်တာတွေကို လုပ်ကြရမယ်မဟုတ်လား။

ဘုရင်ရူးဆိုတာနဲ့ပတ်သက်လို့ တွေးကြည့်ဖို့ကောင်းတဲ့ နမူနာလေးတစ်ခု ပြောပြချင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ "ဘုရင်ရူး" ဆိုတဲ့ ပြဇာတ်တစ်ပုဒ်အကြောင်းပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က မန္တလေးဆေးသိပ္ပံမှာ ကပြတဲ့ ဘုရင်ရူးပြဇာတ်က ဒီလိုပါ။ ဘုရင်က ညီလာခံလုပ်နေတုန်း လက်တစ်ဖက်ဒဏ်ရာရထားတဲ့ အဝတ်အစားကောင်းကောင်းနဲ့လူတစ်ယောက်က "ကယ်တော်မူပါဘုရား" လို့အော်ရင်း ဘုရင့်ရှေ့တော်မှောက်ရောက်လာပါတယ်။ ဖြစ်ပျက်ပုံကို မေးမြန်းတော့ "ကျနော်မျိုးမှာ ရိုးရိုးသားသား ခိုးစားနေတဲ့နိုင်ငံသားဖြစ်ပါတယ်။ တနေ့က မြောက်ပြင်သူဌေးဦးသာဘေးအိမ်ကို သွားခိုးတဲ့အခါ တိုက်ကို ကောင်းကောင်းဆောက်မထားလို့ နံရံကွာကျပြီး ရိုးရိုးသားသား ခိုးစားတဲ့ ကျနော်မျိုး အနာတရဖြစ်ရပါတယ်။ သူဌေးဦးသာဘေးကို အပြစ်ပေးတော်မူပါ" လို့လျှောက်တင်တော့ ဘုရင်က စိတ်မကောင်းဖြစ်သွားပြီး မြောက်ပြင်သူဌေးကို ခေါ်စေသတဲ့။

သူခိုးလောက်တောင် အဝတ်အစား ပြောင်ပြောင်ရောင်ရောင် မရှိတဲ့ သူဌေးဦးသာဘေးရောက်လာတဲ့အခါ အမှုစစ်တာပေါ့။ သူဌေးရဲ့တိုက် ခိုင်မာမှုမရှိကြောင်း ထင်ရှားတဲ့အခါ သူခိုး အနာတရဖြစ်စေမှုနဲ့ ဦးသာဘေးကို "သတ်စေ" လို့ အမိန့်ချလိုက်တယ်။ ဒီအခါ ဦးသာဘေးက နောက်ဆုံးအနေနဲ့ စကားပြောခွင့်တောင်းပါတယ်။ ခွင့်ပြုတော့ သူ့အနေနဲ့တိုက်ကို ကောင်းမွန်စွာ ဆောက်ခဲ့ကြောင်း၊ ငွေအလုံအလောက်လည်းပေးခဲ့ကြောင်း၊ အခုလိုဖြစ်ရတာဟာ ပန်းရန်ဆရာက ကောင်းကောင်းမဆောက်လို့ဖြစ်ကြောင်း လျှောက်တင်တာပေါ့။ ဒီအခါ ဘုရင်က "သူဌေးဦးသာဘေးကို လွှတ်စေ၊ ပန်းရန်ဆရာကို ဖမ်းခေါ်စေ" လို့ အမိန့်ချပြန်တယ်။ သေဒဏ်ချမှတ်ခံရတဲ့ ပန်းရန်ဆရာကလည်း သူဟာ ဗိသုကာပညာကို ကျွမ်းကျင်စွာတတ်မြောက်ကြောင်း၊ အိမ်ဆောက်ဖို့အင်္ဂတေ ဖျော်စပ်နေစဥ်မှာ မြင်းရထားတစ်စင်း အမြန်မောင်းလာပြီး ရေအိုးကိုတိုက်ခွဲလိုက်တဲ့အတွက် အင်္ဂတေကျဲပြီး မခိုင်မခံ့ဖြစ်သွားရတာပါလို့ လျှောက်တင်တယ်။

ဒါနဲ့ မြင်းရထားမောင်းတဲ့သူကို ဖမ်းပြန်တယ်။ ရထားမောင်းသူက ဘုရင့်သမီးတော်ရဲ့ ရထားကိုမောင်းသူဖြစ်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရင်က သမီးတော်ရဲ့ရထားမောင်းသူကို သေဒဏ်ချမှတ်လိုက်ပြန်တယ်။ အသတ်ခံရတော့မယ့် ရထားမောင်းသမားက နောက်ဆုံးအနေနဲ့ လျှောက် ထားခွင့်တောင်းပြီး လျှောက်တင်သတဲ့။ "သမီးတော်က မြို့တော်ကို ကြည့်ရှုလိုတယ်ဆိုလို့ ကျနော်မျိုးရထားမောင်းပြီး လိုက်ပြရပါတယ်။ မြောက်ပြင်ကိုရောက်တဲ့အခါ သမီးတော်ရဲ့လက်ဝတ်တန် ဆာတွေဟာ နေရောင်ဟပ်ပြီး တောက်ပြောင်လွန်းတာကြောင့် ရထားမြင်းက လန့်ပြီး ကဆုန်ပစ် ပြေးတာကြောင့် ထိန်းမရဖြစ်သွားပါတယ်။ ဒါကြောင့်ပန်းရန်ဆရာရဲ့ ရေအိုးကိုတိုက်မိပြီး ကွဲသွားခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာ ကျနော်မျိုးရဲ့အပြစ်လုံးဝမဟုတ်ပါ၊ သမီးတော်ရဲ့ လက်ဝတ်တန် ဆာတွေတောက်ပြောင်လွန်းလို့သာဖြစ်ပါတယ်" လို့ သူကလျှောက်တင်တဲ့အခါ ဘုရင်အတွက် အခက်တွေ့ရတာပေါ့။ ဒီအတိုင်းဆိုရင် သမီးတော်ကို သေဒဏ်အမိန့်ချရမယ့်ပုံ ဖြစ်နေတာကိုး။

ရိုးရိုးသားသား ခိုးစားတဲ့သူခိုးအတွက် သမီးတော်လည်းမသေရအောင် ကြံရပြန်တယ်။ ဗေဒင်ယတြာတွေလုပ်ပေးရင်း ဘုရင့်အနားမှာခစားနေတဲ့ အမတ်ကြီးနဲ့ ပုဏ္ဏားတော်ကို သူ့သမီးတော်အစား သေပေးမယ့်သူကို ရှာစေတယ်။ ပုဏ္ဏားတော်လည်း တောထဲမှာတွေ့တဲ့ မုဆိုးညီနောင်ကို ဖမ်းပြီးခေါ်လာသတဲ့။ ဘုရင်က "သမီးတော်ရဲ့အသက်အတွက် တစ်ဦး အသေခံရမည်။ ဘယ်သူအသေခံမလဲ" လို့ မေးတဲ့အခါ အစ်ကိုဖြစ်သူမုဆိုးက "သူ့ညီဟာ ငယ်ရွယ်သေးပါတယ်၊ သူက အသက်ကြီးပြီမို့ သူပဲ အသေခံပါ့မယ်" လို့ လျှောက်တင်တယ်။ ညီတော်ကလည်း "ကျနော်မျိုးကို သတ်ပါ၊ အစ်ကိုကြီးကို မသတ်ပါနဲ့" လို့ တင်လျှောက်ပြန်တယ်။ မုဆိုးညီနောင်က လုပြီး အသတ်ခံဖို့ကြိုးစားနေတယ်ဆိုတော့ ဘုရင်အဖို့ ထူးဆန်းနေတာပေါ့။ ဘယ်သူမဆို သေရမှာကြောက်ကြတာ ဓမ္မတာဖြစ်ပေမယ့် ဒီညီအစ်ကိုက သေဘေးကိုမကြောက်ဘဲ အလုအယက်သေချင်နေကြတာ တယ်ဆန်းပါလား လို့တွေးပြီး သင်တို့ဘာကြောင့် အခုလို အလုအယက် သေချင်နေကြတာလဲ လို့ မေးသတဲ့။

ဒီအခါ အစ်ကိုဖြစ်သူမုဆိုးက "မှန်လှပါ၊ ဖွင့်ဟလျှောက်တင်ရမည်ဆိုလျှင် ယခုအချိန်အခါတွင် ကောင်းကင်၌ နက္ခတ်များကောင်းနေပါသည်။ ဤအချိန်အခါတွင် သေရပါက နတ်ပြည်တွင် တန် ခိုးကြီးသော နတ်မင်းကြီးဖြစ်ပြီး နတ်သမီး တစ်ဖက် ၅၀၀ နှင့် ခံစားရမည်ကိုသိသောကြောင့် သေလိုကြခြင်းဖြစ်ပါသည်ဘုရား" လို့ လျှောက်တင်လိုက်ပါတယ်။ ဒီတော့ ဘုရင်က ပုဏ္ဏားတော်နဲ့ အမတ်ကြီးကိုခေါ်ပြီး "ဒီလိုဆို သူတို့ကို အသေမခိုင်းဘဲ ငါအရှင်ကိုယ်တော်မြတ် သေလိုက်ရ မကောင်းဘူးလား" လို့တိုင်ပင်တော့ ပုဏ္ဏားတော်နဲ့အမတ်ကြီးကလည်း သင့်လျော်ကြောင်းလျှောက် တင်လိုက်တဲ့အတွက် ဘုရင်ဟာ ကြိုးကွင်းကိုပြင်စေပြီး လည်မှာစွပ်လို့ ခုန်ချလိုက်ပါတော့တယ်။

ဒါက ဘုရင်ရူးပြဇာတ်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ အမဲလိုက်မုဆိုးတွေလောက်တောင် အသိဉာဏ်မရှိတဲ့ ရှင်ဘုရင်၊ ဗေဒင်ယတြာလုပ်ပြီး ဘုရင့်အလိုလိုက် ခစားနေတဲ့ အမတ်နဲ့ ပုဏ္ဏား၊ ရိုးရိုးသားသား ခိုးစားပါတယ်ဆိုတဲ့ သူခိုးတို့ကို တွေ့ရမှာဖြစ်ပြီး ယနေ့ခေတ်နဲ့ ဆက်စပ်တွေးတောရမယ့် လူပုဂ္ဂိုလ်၊ အဖြစ်အပျက်များပါဝင်နေတယ်လို့ထင်မြင်မိပါတယ်။ ဒီဇာတ်ကောင်တွေနေရာမှာ ကိုယ်မြင်တွေ့နေရတဲ့ မျက်မှောက်ခေတ်လူတွေနဲ့ အစားထိုးကြည့်လိုက်ပါ။ ဒီအခါ ဘယ်လိုဖြစ်သင့်တယ်၊ ဘာတွေလုပ်သင့်တယ်ဆိုတာတွေလည်း အာရုံထဲဆင်ခြင်မိမယ်လို့ ယူဆပါတယ်။ "ဘုရင်ရူး"နဲ့"နိုင်ငံတော်" ဘယ်အရာကို ရွေးကြမလဲ။ သမိုင်းဆိုတာ လူတွေရဲ့ဆောင်ရွက်ချက်များကိုသာ ကမ္ဗည်းတင်တာဖြစ်ပါတယ်။ အနာဂတ်သမိုင်းစာအုပ်မှာ ပါစေချင်တဲ့အကြောင်း အရာတွေကို ဒီကနေ့ ကျနော်တို့က လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်းပါ။ ။

👉ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ

၂၆၊ ၂၊ ၂၀၂၄

ရည်ညွှန်း - 

သောင်းပြောင်းထွေလာ ရေးချင်ရာရာ ပဉ္စမတွဲ (လူထုဦးလှ) ကြီးပွားရေးစာအုပ်တိုက် ၂၀၂၀

Defiant Homor (Harn Lay) The Irrawaddy 2023

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar