Breaking News

ချို - အရှုံး

အရှုံး
ချို- မြန်မာဘာသာသို့ ပြန်ဆိုသည်။
(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၂

သူမနာမည်က ပါလာဗီ။ နီးရတ်အပါအဝင် ပူးနားမြို့၊ စိန့်ဗင်းဆင့်အထက်တန်းကျောင်းက ၉ တန်းကျောင်းသားအားလုံးလိုလို သူမကို သဘောကျနေကြတာပေါ့။ သိပ်တော့ မထူးဆန်းလှပါဘူး။ သူမက ကြည့်ကောင်းတယ်၊ စာလည်း သိပ်တော်တယ်၊ ခန္ဓာကိုယ်လည်း ပျော့ပျောင်းလှပတယ်၊ မကြိုက်နိုင်စရာ နည်းနည်းလေးမှကို မရှိ။ နီးရတ်ကတော့ သူမကို ခပ်ဝေးဝေးကနေ တမြတ်တနိုးကြည့်နေရတာနဲ့ပဲ ကျေနပ်နေခဲ့တာပေါ့၊ သူက ကောင်မလေးတွေကို လွယ်လွယ်နဲ့ စကားသွားပြောနိုင်တဲ့ လူမျိုးမှမဟုတ်ဘဲလေ။
သူဟာ ကျောင်းရဲ့ နှစ်စဥ်သီချင်းဆိုပြိုင်ပွဲအတွက် ၃လကြာ နေ့တိုင်း ပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။“ငါသာ ပြိုင်ပွဲမှာ အနိုင်ရရင် ပါလာဗီဟာ ငါ့ကောင်မလေးဖြစ်လာမှာ” လို့ သူ့ဘာသာ တခါတလေ တွေးရင်းပေါ့။ 

သူမျှော်လင့်ထားသလိုပဲပါလာဗီဟာ ရှေ့ဆုံးတန်းမှာ ထိုင်နေခဲ့ပါတယ်။ မကြာသေးမီက ထွက်ရှိထားတဲ့ ဟင်ဒီရုပ်ရှင်ထဲက နာမည်ကြီးသီချင်း “တန်ဟာဒီ” (အထီးကျန်နှလုံးသား) ကို သူဆိုခဲ့ပြီး လက်ခုပ်သံတွေကြောင့် သူကောင်းကောင်းသီဆိုနိုင်ခဲ့ကြောင်း သိလိုက်ပါတယ်။ ပိုချိုမြိန်လှတာကတော့ ပါလာဗီက သဘောကျ အသိအမှတ်ပြုတဲ့ပုံ ပေါ်နေတာကိုပါပဲ။

တယောက်ပြီး တယောက် သီဆိုခဲ့ကြပေမယ့် အခုအချိန်အထိတော့ နီးရတ်တယောက်ပဲ တောက်ပပေါ်လွင်နေခဲ့တာပေါ့။ ဒီလိုနဲ့ ၁၀ တန်းက ဆူဒီးယား မစ်ရှရာဆိုတဲ့ စာချည်းလုပ်နေတတ်တဲ့တယောက်ရဲ့ အလှည့် ရောက် လာခဲ့ပါတယ်။ ပြောရရင် ဆူဒီးယားနဲ့ သီချင်းဆိုတာကသိပ်ကောင်းလှတာမဟုတ်ပေမယ့် နီးရတ်နဲ့ သူ့ရဲ့ သူ ငယ်ချင်းတွေ အားလုံးက ရပ်တန့်မရနိုင်လောက်အောင် ရယ်မောနေခဲ့ပြီး လှောင်ပြောင်အော်ဟစ်နေခဲ့ကြတာကတော့ ဘယ်သူကြည့်ကြည့် ရက်စက်လွန်းခဲ့ပါတယ်။  ဆူဒီးယားကိုယ်တိုင်လည်း သီချင်းဆိုပြီးတဲ့အခါ စင်ပေါ်ကနေ ပြေးထွက်သွားခဲ့ပါတယ်။ 

မျှော်လင့်ထားတဲ့အတိုင်းပဲ နီးရတ်ဟာ ပထမဆုကို ရရှိခဲ့တယ်။ သူဟာ ဆုကိုပိုက်ပြီး ပရိသတ်တွေထဲမှာ ပါလာဗီကို ရှာခဲ့ပါတယ်။ သူမကတော့ ရှိမနေခဲ့ပါဘူး။ ခန်းမထဲက သူထွက်လာတဲ့အခါမှာတော့ ဆူဒီးယားနားမှာ ထိုင်ပြီး နှစ်သိမ့်ပေးနေတဲ့ ပါလာဗီ့ကို သူတွေ့ခဲ့ရပါတယ်။

“ ဘာလို့ သူ့ကို လှောင်ပြောင်ရမှ ဖြစ်တာလဲ အရူးရဲ့ ” ... သူတိတ်ဆိတ်နေခဲ့ပါတယ်။

“သူက အဆိုတော်ကောင်းမဟုတ်တာဖြစ်နိုင်သလို သီချင်းမဆိုနိုင်တာလည်း ဖြစ်နိုင်တယ်၊ ဒီလိုဆိုတိုင်း နင့်အနေနဲ့ သူ့ကို လှောင်ပြောင်ဖို့ အခွင့်အရေး ရှိနေတာမဟုတ်ဘူး။ အနည်းဆုံးတော့ သူက သူမကျွမ်းကျင်တဲ့ တခုခုကို ကြိုးစားပြီး ပါဝင်ဆောင်ရွက်နေသေးတယ်။ နင်က ဒါမျိုး ကြိုးစားကြည့်ဖူးလို့လား။ သူ ဘယ်လိုခံစားနေရမယ်ဆိုတာရော နင်တွေးကြည့်မိရဲ့လား ”

သူ ဆွံ့အတိတ်ဆိတ်ပြီးထိုင်နေခဲ့ချိန်မှာ သူမက ဆူဒီးယားရဲ့ ပခုံးပေါ်ကို လက်တင်ထားခဲ့ပါတယ်။

“ဆူဒီးယား ငါတို့အပြုအမူတွေအတွက် တကယ်ကို စိတ်မကောင်းပါဘူး။ စိတ်ရင်းမပါသလို ခံစားရနိုင်ပေမယ့် ငါတကယ် လေးလေးနက်နက်ပြောတာပါ”လို့ နီးရတ်က ပြောပါတယ်။

ဆူဒီးယားက ခေါင်းခါပြပြီး ရှိုက်ကြီးတငင် ငိုနေခဲ့ပါတယ်။ 

ခဏနေတော့ “ပါလာဗီ အိမ်မပြန်သေးဘူးလား” လို့ မေးလိုက်ပေမယ့် သူမက အချိန်တခုကြာအထိ ပြန်မဖြေခဲ့ပါဘူး။ “ဆူဒီးယားအိမ်က ငါ့အိမ်နဲ့ သိပ်မဝေးဘူး။ သူ့အဖေလာကြိုရင် သူနဲ့အတူတူ ပြန်လိုက်မယ်” လို့ နောက်ဆုံး ပြန်ဖြေခဲ့ပါတယ်။

သူ အိမ်ကို လေးတွဲ့စွာ လမ်းလျှောက်ပြန်ခဲ့ပါတယ်၊ သူ့ဆုဖလားဟာ အခုတော့ အပေါစားသတ္တုသာသာလို့ ခံစားမိရင်းပေါ့။

ချို

မှတ်ချက်။ ။ ဗီကပ်စ်ဂျိုရှီ ပူးနား၏ “အနိုင်ရရှိမှု (Victory) ဟူသော ဝတ္ထုကိုဖတ်ပြီးနောက်တွင် ဤဝတ္ထုတိုကို ရေးရန် လှုံဆော်မှု ဖြစ်စေခဲ့ပါသည်။”
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar