Breaking News

ညိုထွန်းလူ - မိုးပေါ်မှာ

ညိုထွန်းလူ - မိုးပေါ်မှာ
(မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၂၂

ပန်းကန်ပြားထဲက ထမင်းတွေကို သွန်ပစ်လိုက်သယ်။ ပြန့်ကျဲနေတဲ့ထမင်းစေ့တွေကို ခွေးတွေ ကြွက်တွေ စားချင်လည်း စားကြပေါ့။ ကျုပ်လည်း ဗိုက်ဆာရင် ပြန်ကောက်စားလိုက်သာရယ်။ ကြည်လှက ဒွေးလေးကလည်း သမျောစရာကြီးတဲ့။

အဲ့ကောင်မက ကျုပ်ခြေရင်းဘက်မှာနေသာ၊ အိမ်တစ်ဝိုင်းထဲဆိုမင့် ကျုပ်ကတော့ ကျုပ်ရဲ့တဲထဲမှာတစ်ယောက်တည်း သပ်သပ်နေသယ်။ အပြင်ကို ခြေတစ်ဖဝါးမရွေ့ဘူး။ ကျုပ်အနားမှာ အမေရှိနေမင့်ဥစ္စာ ဘာမှမပူပေါင်တော်ရယ်။ ကြည်လှကတော့ ကျုပ်ဆီကိုနေ့တိုင်းလာပြီး အဝတ်တွေလျှော်ပေး။ ထမင်းခွံ့ကျွေးပေးရဲ့။ တခါတလေ ကျုပ်စိတ်ကောင်းဝင်ရင်တော့ သူခိုင်းသမျှတွေ ကြည်ကြည်ဖြူဖြူ လုပ်ပေးရသာပ။ ထမင်းဟင်းတွေ ခွံ့ကျွေးရင်လည်း စားလိုက်ရသယ်။ အဝတ်တွေနံစော်နေပြီ အင်္ကျီရော ထမိန်ရော လဲရအောင်ပြောရင်လည်း ခေါင်းငြိမ့်ရသယ်။ သူနဲ့တော့စကားပြောရမှာတော့ ပျင်းလွန်းလို့။ ကျုပ်အနားမှာ အမေရှိနေသယ်လေ။ အမေနဲ့စကား​ပြောလို့ကို မကုန်ဘူးရယ်။

တမြန်မနှစ်က ကျုပ်အပြင်းဖျားသယ်။ သတိလစ်သွားပြီး မြို့ကဆေးရုံကိုခေါ်သွားရသာတဲ့။ နည်းနည်းနောက် ကျသွားရင် သေပတဲ့။ ကျုပ်ဖြင့် မသိပေါင်။ ကျုပ်ဖျားနေတဲ့အချိန် အမေရောက်လာသယ်။ ဖြစ်မှဖြစ်ရပလေ တာမရယ် ရော့ ဒီဆေးလေးသောက်လိုက်နော်ဆိုပြီး အမေက ဆေးတိုက်လိုက်လို့ ကျုပ်နေပြန်ကောင်းသာရယ်။ အမေ့ကို တွေ့လိုက်တော့ ပျော်သာပ။ အမေ ဘယ်မှာနေလဲလို့မေးတော့ မိုးပေါ်ကိုလက်ညှိုးထိုးပြသယ်။ကျုပ်ဆီကို နေ့တိုင်းလာပါအမေရယ်ပြောတော့ ခေါင်းငြိမ့်ပြသယ်။

ကျုပ်ဖြင့် အဲဒီကတည်းက အမေနဲ့နေ့တိုင်းတွေ့ပြီး စကားပြောရသာ ဝသယ်လို့ကိုမရှိဘူး။ အမေက ကျုပ်ပြောသမျှတွေကို ပြုံးရယ်ပြီး နားထောင်ပေးသာကိုး။ ကျုပ်တို့သားအမိနှစ်ယောက် စကားပြောနေတာကို ကြည်လှက မမြင်ချင်ယောင်ဆောင်နေသယ်။ စကားပြောပျက်သွားမှာစိုးလို့ သူ့ကိုလည်း ကျုပ်က အရေးလုပ်မနေအားပေါင်။

အမေရောက်လာမလားလို့တွေးနေတုန်း တစ်ရွာလုံး ဆူဆူညံညံနဲ့ လမ်းပေါ်မှာပြေးလွှားနေကြလို့ မျက်စိနောက်လိုက်သာ။ ရှုပ်ရှုပ်ယှက်ယှက်နဲ့ ဘာတွေမှန်းလဲမသိ။ ကြည်လှရယ် ပျာယီးပျာယာရောက်လာသယ်။

လေမျန်တွေလာနေပြီတဲ့ဒွေးလေးရေ ... အမြန်ပြေးမှဖြစ်တော့မယ် ... မိုးပေါ်ကိုမော့ကြည့်ရင်း ကြောက်အားလန့်အားနဲ့ ပြောသယ်။ ကျုပ်က ကြည်လှလက်တွေကို ပုတ်ထုတ်လိုက်ပြီး ငါမလိုက်ဘူး မိုးပေါ်မှာ ငါ့အမေပဲရှိသာရယ်လို့ ပြန်ပြောလိုက်သယ်။

ဟောတော် ဒုက္ခပါပဲဒွေးလေးက ဖေါက်သွားပြန်ပြီ။ ကိုကြီးသိန်းဆောင်ရေ ဒီကိုလာပြီး ဒွေးလေးကိုပွေ့ခေါ်ပေးပါဦးလို့ ငိုသံပါကြီးနဲ့​ လှမ်းအော်ခေါ်သယ်။ သူတို့ ဘာလို့ကြောက်နေကြမှန်းမသိဘူး။ မိုးပေါ်မှာ အမေပဲရှိသာပါ။ ကျုပ်ပြောသာယုံကြပါ။ ကျုပ်အသက်ရှစ်ဆယ်ကျော်ပါပြီ။ လိမ်ပြောရင် မိုးကြိုးပစ်ပါစေတော်လို့​ ကျိန်လိုက်မိသယ်။
× × × ×

တိတ်ဆိတ်အေးချမ်းတဲ့ရွာကလေးဟာ တခဏချင်းမှာပဲ မြန်မြန်ပြေးကြဟေ့ဆိုတဲ့ သတိပေးသံ။ အမေရေလို့ စိုးရိမ်တကြီးနဲ့ အော်ခေါ်တဲ့အသံတွေနဲ့ ထိတ်လန့်ခြောက်ချားသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မိုးကောင်းကင်ဆီက ဆူညံနေတဲ့အသံတွေဟာ ရွာကလေးနဲ့ တဖြေးဖြေးနီးလာခဲ့ပါပကော။

ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar