Breaking News

မောင်စွမ်းရည် — ဦးအောင်ဆန်းရဲ့ နိမိတ်စကား


ဦးအောင်ဆန်းရဲ့ နိမိတ်စကား

မောင်စွမ်းရည်
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၂


ဦးအောင်ဆန်းရဲ့ နိမိတ်စကား
ကြားဖူးသော်ရှိ၊ မကြားဖူးသော်ရှိ
သိအောင်တော့ ပြောရဦးမယ်။

'နှမတွေ များတော့
ယောက်ဖတွေ များမယ်။
ဒါက သဘာဝတရား
ငါ့စကားပါ။
ယောက်ဖတွေ ကောင်းရင် တော်ရဲ့
မကောင်းလို့ ကျိန်ဆဲ
နှမလည်း ထိဦးမယ်။

သူပုန်တွေ များတော့လည်း
စစ်သားတွေ များမယ်။
ဒါလည်း သဘာဝတရား
ငါ့စကားပါပဲ။
စစ်သားတွေ ပိုတော့၊ စစ်ဗိုလ်တွေ ဖောင်းပွ
မကောင်းလှဘူးပေါ့။
အောင်ဆန်းလို
စစ်ဗိုလ်ဆို တော်လေရဲ့။
နေဝင်းလို ဆိုးရင်
လူမျိုးပါ နာမယ်။

ကျွန်းပင်တွေ များရင်လည်း
ယောက်ဖတွေ များတတ်တယ်။
ကျွန်းကြောင့် ကျွန်ဖြစ်မယ်
ကြုံဖူးတယ် ဟုတ်?
ကျောက်မျက်ရတနာ များတော့လည်း
ယောက်ဖတွေ များတတ်တယ်။
ကျောက်ကြောင့် ကျွန်ဖြစ်ပုံ
ကြုံဖူးတယ် ဟုတ်?

ကျောက်မျက် ဆိုတာမျိုးဟာ
ကံဆိုးတဲ့အခါ ခိုက်တတ်ပါသတဲ့။
ကျောက် ဆိုတာ၊ ကြောက်စရာတမျိုးပဲ
ကျောက်ပေါက်နာ စွဲရင်တော့
သေရင်လည်း သေ
မသေရင် သင့်မျက်နှာ
ကျောက်ပေါက်နာ အမာရွတ်နဲ့
ဝဋ်ခံရမယ်။
ကြောက်တတ်ရင် ဝန်ကင်းသတဲ့။
ကြောက်ရင်လွဲ၊ ရဲ မင်းဖြစ်သတဲ့။
မင်းဖြစ်တာ မရေရာလို့
သေတာလည်း ရှိသဗျ။

တစ်တီတူး၊ တောက်တဲ့နဲ့ တီကောင် ဆိုတာ
ဗမာမှာ ပေါမှပေါ။
စနေနံ သုံးမျိုးကို
ဒို့လူမျိုး မကြိုက်ပေမဲ့
တရုတ်တွေ ကြိုက်သတဲ့။
ကုလားက မဝယ်လည်း
တရုတ်က ဝယ်သတဲ့။

ရေချို ရေငန်၊ နှစ်နိုင်ငံ
မြန်မာတွေ ပိုင်သတဲ့။
ရေချို ရေငန် ပေါရင်လည်း
ယောက်ဖ ပေါသတဲ့။

သဲသောင်၊ မြစ်ချောင်းကလည်း
ကောင်းမှ ကောင်း၊ ပေါမှ ပေါ။
ယောက်ဖပေါမယ့် နိမိတ်သဘော။
သဲနဲ့ ရေကို၊ ရွှေလို ရောင်းရသတဲ့
ယောက်ဖလောင်း ရှာရင်၊ 
စစ်ဗိုလ်သာ ရှာပေရော့။
စစ်ဗိုလ်တွေ ရောင်းလို့၊ 
သဲချောင်းဟာ ရွှေချောင်း ဖြစ်သတဲ့။

မင်းမှာလည်း နှမနဲ့
ငါ့မှာလည်း နှမနဲ့
သူ့မှာလည်း နှမနဲ့။
ယောက်ဖကို ရောင်းလို့ မရပေမဲ့
ယောက်ဖက စစ်ဗိုလ် ဆိုရင်
နှမကို ရောင်းရောင်း၊ အစ်မကို ရောင်းရောင်း
ရောင်းတိုင်းရလို့၊ ရတိုင်း ရောင်းသတဲ့။
ရောင်းရမှာ တွန့်တိုရင်
ငှားလိုက ငှား၊
နိုင်ငံခြားဈေးကွက်မှာ
မြန်မာမတွေ ဈေးရသတဲ့။
ဒို့အစိုးရရဲ့ ဗမာ့ထွက်ကုန်
ဂုဏ်ယူစရာတပါး
စပါးနဲ့ မခြား၊
ပတ္တမြားနဲ့လည်း မခြား၊
နွားနဲ့လည်း မခြားဘူးပေါ့။
ဦးအောင်ဆန်းရဲ့ ရွှေပါးစပ်
နိမိတ်ဖတ်ခဲ့ပါသော်ကော!
"နောင်အခါ...
နှစ်ပေါင်း ၂၀ ကြာရင်
ဗမာနိုင်ငံဟာ၊ ဘာနိုင်ငံ ဖြစ်မတဲ့"လဲ။

ခုအခါ
နှစ်ပေါင်း ၂၀ ကြာတာ
နှစ်ခါမက၊ သုံးခါတောင် ကျပေါ့။

ဒို့ခေါင်းဆောင်ကြီး ပြောခဲ့တာ
ဒီတခါ လွဲပေါ့လို့
ပြောရဲရင် ပြောရစ်ပေါ့။
မင်း မိုးကြိုးပစ်မယ်။
ဘာဖြစ်ကုန်ပြီလဲ
ဖာ ဖြစ်ကုန်ပြီပဲ။

မောင်စွမ်းရည်
၂၄ စက်တင်ဘာ၊ ၂၀၁၄။



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar