မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၆ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၂
◾️နောက်တနှစ်အကြာကို မှန်းမျှော်ကြည့်တဲ့အခါ
လွန်ခဲ့တဲ့ ၁နှစ်က အခုလိုအချိန်အခါမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအသတ်ခံနေရတဲ့ ဖြစ်ရပ်တွေကို သတင်းတွေထဲဖတ်နေရမယ်လို့ လုံးဝမျှော်လင့်မထားခဲ့သလို ဒါဇင်နဲ့ချီတဲ့ လက်နက်ကိုင်မဟုတ်တဲ့ အရပ် သားတွေကို စွပ်စွဲမှု သံသယနဲ့ ပစ်သတ်ပြီး မီးရှို့တဲ့ အဖြစ်အပျက်တွေ၊ ရက်အနည်းငယ်အတွင်း မြို့ပေါ်က လူသောင်းနဲ့ ချီစစ်ဘေးရှောင်ကြရတဲ့ သတင်းတွေ လေယာဥ်နဲ့ လူနေကျေးရွာတွေကိုပစ်ခတ်တာ ဗုံးကြဲတဲ့ သတင်းတွေ ဖတ်ရှုကြရလိမ့်မယ်လို့ ထင်မှတ်ခဲ့မှာ မဟုတ်ပါဘူး။
အလားတူပဲ ပြီးခဲ့တဲ တနှစ်ဝန်းကျင် စစ်အာဏာသိမ်းပြီးစမှာလည်း ပြည်တွင်းစစ်တွေဖြစ်တော့မယ်၊ မြို့တွေမှာ တိုက်ပွဲတွေ ဖြစ်မယ်၊ ရန်ကုန် မန္တလေးလိုမြို့တွေမှာ သေနတ်သံတွေ၊ ဗုံးပေါက်ကွဲသံတွေ၊ သတ်ဖြတ်မှုတွေ ဖြစ်ပွားလာလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်ထားကြမှာမဟုတ်ပါဘူး။ အချို့က ပြည်တွင်းစစ်ဖြစ်တော့မှာလား ဆိုတဲ့ စိုးရိမ်မှုနဲ့ ပြောဆိုကြတာကို ကြားသိရတဲ့အခါ ဖြစ်နိုင်ချေမရှိပါဘူးဆိုတဲ့ စဥ်းစားမှုနဲ့ ပယ်ချခဲ့ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။
အမှန်တော့ ရွေးကောက်ပွဲပြီး တလခန့်အကြာထိတောင် စစ်အာဏာသိမ်းနိုင်တယ်ဆိုတဲ့ အယူအဆ အမြင်တွေက အများက မဖြစ်နိုင်တဲ့ ယူဆချက်အဖြစ် မှတ်ထင်ခဲ့ကြရာက ဇန်နဝါရီလလယ် နောက်ပိုင်းမှသာ ဖြစ်နိုင်ချေရှိတယ်လို့ ယူဆလာကြတာ ဖြစ်ပါတယ်။
ခုနေအခါမှာတော့ ပြည်တွင်းစစ် ဆိုရင် ဖြစ်နေပြီးဆိုတဲ့ သဘောနားလည်ကြတာ၊ ဒိထက်လည်း ပိုကျယ်ပြန့်လာနိုင်တယ်ဆိုတာ အားလုံးလောက်က လက်ခံထားကြပြီး လက်ရှိမှာလည်း နိုင်ငံရဲ့ ၅၀ ရာနှုန်းသော ဧရိယာတွေဟာ လက်နက်ကိုင် တိုက်ပွဲနေ့စဥ် ဖြစ်နေတဲ့ ဒေသတွေ ဖြစ်နေပြီဖြစ်ပါတယ်။ အများဆုံးက အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒေသအလိုက်ထွက်ပေါ်လာတဲ့ PDF တွေနဲ့ဖြစ်ပြီး အချို့ဒေသတွေမှာတော့ နကိုရှိပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား၊ အနည်းငယ်မျှသော ဒေသတွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်က ရှောင်လွှဲမရတဲ့ အရာလား၊ စစ်ကောင်စီဘက်က ဒီလမ်းကြောင်းကို ရွေးချယ်စေတာလား ဆိုတာကတော့ ဒီနေ့ကာလမှာ အကဲဖြတ်ဖို့ ခက်ခဲနေသေးပြီး မကြာသော ကာလတခုရောက်တဲ့အခါ သမိုင်းမှတ်တမ်းတွေတင်တဲ့အခါမှာ ရေးသားမှတ်တမ်းတင်ကြလိမ့်မယ် ထင်ပါတယ်။ ခုနေ နိုင်ငံရေး အဖြစ်အပျက်တွေဟာ အချိန်ကာလတခု အကွာအဝေးတခုရောက်တဲ့အခါမှသာ သမိုင်းအဖြစ်နဲ့ မှတ်တမ်းမှတ်ရာ သက်သေခံချက် ပြောဆိုချက်တွေ အထောက်အထားတွေနဲ့ သမိုင်းအဖြစ် မှတ်တမ်းတင်ကြမှာလည်း ဖြစ်ပါတယ်။
ကျနော်တို့ဒီနေ့ဖြတ်သန်းနေတာဟာ ခေတ်သစ်မြန်မာနိုင်ငံရဲ့ ဒုတိယ ပြည်တွင်းစစ်ကာလကို ဖြတ်သန်းနေတာလို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ၁၉၄၂ ကနေ ၁၉၄၅ ကုန်တဲ့အထိ ဖြစ်ပွားတဲ့အဖြစ်အပျက်ကိုတော့ ဒုတိယကမ္ဘာစစ်ထဲက မြန်မာနိုင်ငံလို့ ခေါ်ဆိုမှတ်တမ်းတင်ကြမှာဖြစ်ပြီး ၁၉၄၉-၅၀ ခုနှစ်ကိုတော့ ပထမပြည်တွင်းစစ်လို့ ခေါ်ဆိုမှတ်တမ်းတင်ကြလိမ့်မယ် ထင်ပါတယ်။
နောင်တနှစ်ကြာတဲ့အခါမှာ မြန်မာနိုင်ငံမှာ ဘာဖြစ်မလဲလို့ မေးခဲ့ရင် တိတိကျကျတော့ ဘယ်သူမှ မှန်းဆနိုင်မယ်လို့မထင်ပါဘူး။ ရန်ကုန်မြို့မှာ နေထိုင်သူတွေ မြို့ကိုစွန့်ခွာတိမ်းရှောင်ကြရတဲ့ အခြေအနေမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ နေပြည်တော်ကို ဝိုင်းပြီးတိုက်ခိုက်ဖို့ လက်နက်ကိုင်အဖွဲ့တွေ ဦးတည်ချီတက်နေတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ မန္တလေးမြို့လည်း ပျောက်ကျားပစ်ခတ်တာမျိုးမဟုတ်ပဲ လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားတာ လက်နက်ကြီးတွေ ပစ်ခတ်ခံရတာ လေကြောင်းဗုံးကြဲတာမျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပထမပြည်တွင်းစစ်ကာလတုန်းကတော့ မန္တလေးမြို့ဟာ သူပုန်တပ်ဖွဲ့တွေလက်ထဲ ကျရောက်ခဲ့ဖူးတာဖြစ်ပါတယ်။ အခုတကြိမ်မှာ ဘာတွေဖြစ်လာနိုင်မလဲတော့ ဘယ်သူမှအပ်ချမတ်ချ မပြောနိုင်သေးပေမယ့် ဘာမဆိုလည်း ဖြစ်နိုင်တယ်လို့ဆိုရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က သီးခြားသူ့ဟာသူ ကွန်ဖက်ဒရိတ်ပြည်နယ်အဖြစ်ကြေညာပြီး အုပ်ချုပ်နေတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီရဲ့ အစိုးရက ရုပ်သေးအစိုးရသဖွယ် ဖြစ်လာပြီး အောက်ခြေမှာ အေအေရဲ့ အုပ်ချုပ်ရေးက အစားထိုးနေရာဝင်ယူကာ အေအေက လက်တွေ့အုပ်ချုပ်နေတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ရှမ်းပြည်နယ်က ရှမ်းလူမျိုးစုလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့က သူ့တို့ ထိန်းချုပ်နိုင်တဲ့ဒေသကို ခွဲယူထိန်းချုပ်ထားပြီး ရှမ်းမြောက်ပိုင်းနဲ့ ရှမ်းတောင်ပိုင်း သီးခြားထိန်းချုပ် ထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကရင်ပြည်နယ်က တိုက်ပွဲတွေပိုအရှိန်မြင့်လာပြီး ဖားအံကို ကေအန်ယူက ထိန်းချုပ်လိုက်ပြီး ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက ကေအန်ယူထိန်းချုပ်မှု အောက် လုံးဝရောက်သွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
အဲဒီအချိန်မှာ ချင်းပြည်နယ်ကိုလည်း ချင်းလူမျိုးလက်နက်ကိုင်တပ်ဖွဲ့တွေက အများစုက ထိန်းချုပ်ထားပြီး စစ်ကောင်စီက နာမည်ခံသာ ရှိပြီးလက်တွေ့မှာ အာဏာမရှိတော့တဲ့ အနေအထားမျိုးလည်း ရောက်ကောင်းရောက်နေပါလိမ့်မယ်။
မွန်ပြည်နယ်ကတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် မဖြစ်ပဲ ကရင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေ မွန်ပြည်နယ်ထဲက ကေအန်ယူထိန်းချုပ်ဒေသတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့သူတွေ နဲ့ ပြည့်နေတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ မွန်ပြည်သစ်ပါတီရဲ့ လက်နက်ကိုင် တပ်ဖွဲ့က လက်ရှိထိန်းချုပ်ထားတဲ့ ဧရိယာနဲ့ ဆက်စပ်တဲ့ဒေသတွေကို အနီးကပ်စောင့်ကြည့်တာ သို့မဟုတ် ကေအန်ယူမရှိတဲ့ ဒေသအချို့တွေကို ထိန်းချုပ်ထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ကယားပြည်နယ်ကိုလည်း ကရင်နီတိုင်းရင်းသား တပ်တွေ စိုးမိုးထားနိုင်တဲ့ အခြေအနေမျိုးနဲ့ စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကိုတောင် စိုးမိုးဖို့ မလွယ်ကူတော့တဲ့ အနေအထားမျိုးဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ဗမာလူမျိုးအများစု နေထိုင်ကြတဲ့ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်းတို့လိုမှာတော့ လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေ မရှိပဲ ဒေသအလိုက်ပေါ်ထွက်လာတဲ့ ပီဒီအက်ဖ်တွေက နယ်မြေအချို့ကို စိုးမိုးထားတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ဖြစ်နိုင်ချေတခုကလည်း လက်နက်ကိုင်တပ်ဖွဲ့တွေ အုပ်စုကွဲတွေ အများအပြားရှိနေတာကြောင့် တခုထဲသော အမိန့်ပေးမှုအောက်မရှိခြင်း ဒေသအလိုက်ထုတ်ထားတဲ့ အမိန့်တွေ ညွှန်ကြားချက်တွေ အမျိုးမျိုးဖြစ်နေခြင်း စတာတွေနဲ့ နိုင်ငံရေးအရ စုစည်းမှု တခုထဲအောက် ဖြစ်မနေပဲ စီးပွားရေး ကူးသန်းရောင်းဝယ်ရေး စတာတွေကို ထိခိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ဒီအခြေအနေတွေ ဒီလိုကွဲပြားမှုတွေကို စုစည်းနိုင်မယ့်အရာက နိုင်ငံရေး အယူအဆညှိနှိုင်းသဘောတူမှုနဲ့ လက်နက်ကိုင် အဖွဲ့တွေမှာ နိုင်ငံရေးကို ပထမဦးစားပေးအဖြစ် သဘောထားမှုက အရေးပါလိမ့်မှာဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေကို ဦးဆောင်သူတွေက နိုင်ငံရေးအမြင်၊ နိုင်ငံရေး အယူဝါဒ၊ ရည်မှန်းချက် ခိုင်ခိုင်မာမာ ရှိဖို့လည်း လိုအပ်မှာအမှန်ပဲ ဖြစ်ပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar