Breaking News

ကိုကျော် (မြစ်ကြီးနား) - သမ္မတဘိုင်ဒန်ရဲ့ အကြီးမားဆုံးနဲ့ အဆိုးဆုံးအရှုပ်တော်ပုံ

ကိုကျော် (မြစ်ကြီးနား) - သမ္မတဘိုင်ဒန်ရဲ့ အကြီးမားဆုံးနဲ့ အဆိုးဆုံးအရှုပ်တော်ပုံ
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၂၂

ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အမေရိကန်သမ္မတ ဘိုင်ဒန် ဝါရှင်တန်ဒီစီမှာ ဟိုဒီနားသွားလာရင်း Splendid Ice Creams ဆိုင်မှာ အိုင်စကရင် ဝယ်စားမိလို့တဲ့။ 

ဒီသတင်းက ရီပတ်ပလီကင်အာဘော် Fox News နဲ့ NewsMax တို့မှာ ပြောမဆုံးအောင် ချဲ့ကားပြီး သတင်းလုပ်တော့တာပဲ။  

"ဘိုင်ဒန်က နေ့လည် ၂ နာရီ ၂၅ မိနစ်မှာ အိုင်စကရင်ဆိုင်ကထွက်လာတော့ ချောကလက်အရသာလို့ထင်ရတဲ့ အိုက်စကရင် ၂ ဇွန်းထည့်ထားတဲ့ဝေဖာခွက်ကို ကိုင်ပြီးထွက်လာတာကို တွေ့ရတယ်"  ဆိုပြီးတောင် သတင်းမှာပြောတယ်။

"ဒီလိုအချိန်မှာ သင့်လျော်သလား? ရုရှားခေါင်းဆောင် ပူတင်က အမေရိကန်သမ္မတ အိုင်စကရင်စားနေတာကိုကြည့်ပြီး . . . "

"အမေရိကန်ပြည်သူတွေဘက်က ရပ်တည်နေရမဲ့အစား ဘိုင်ဒန်က အိုင်စကရင်စားနေတယ်"

"နိုင်ငံရဲ့ငွေကြေး ဒီလောက်ဖောင်းပွနေတဲ့အချိန်မှာ အိမ်ဖြူတော်က အိုင်စကရင်ဝယ်စားနေတယ်" 

"တိုင်းပြည်အတွင်းပြဿနာတွေ ဒီလောက်များနေတဲ့အချိန်မှာ ဘိုင်ဒန်က အိုင်စကရင်ဝယ်စားဖို့ အချိန်ရသေးတယ်"

"ဘိုင်ဒန်က သမ္မတရာထူးအတွက် အရည်အချင်းမမီဘူး၊ အင်္ဂါနေ့မှာ အိုင်စကရင်ဆိုင်ကိုသွားပြီး နေ့လည် ၃ နာရီမှာပဲ တစ်ရက်တာအလုပ်ပြီးသွားပြီဆိုတာက ပုံမှန်မဟုတ်ဘူး"

"ချောကလက်အိုင်စကရင် ၂ ဇွန်းတောင်မှ၊ ဘယ်သူက ဆောင်းတွင်းမှာ အိုင်စကရင် ဝယ်စားမလဲ? ဟုတ်တယ်၊ ဝါရှင်တန်မှာ အပူချိန်က ၂၅ ဒီကရီပဲ ရှိတာ" 
 
◾️ကွန်မင့်တွေမှ တုံ့ပြန်ချက်များ 

"တကယ်ကြီးလား? ဟိုတယောက် (ထရမ့်) ဂေါက်ကစားတုန်းကလို ဘိုင်ဒန်က ငါတို့ကို ပိုက်ဆံ (ပြည်သူ့အခွန်) ပေးခိုင်းခဲ့သလား?"

"အကယ်လို့များ ဘိုင်ဒန်က ဂေါက်သွားကစားပြီး ၄ - ၅ နာရီလောက်သာကြာခဲ့ရင်  . . .  တွေးကြည့်စမ်းပါ"

"နောက်တကြိမ်မှာ ဘိုင်ဒန်က ကြာသပတေးနေ့ နေ့လည် ၁၁ နာရီလောက်မှာ ကော်ဖီတခွက်ဝယ်သောက်မိခဲ့ရင် ဘာဖြစ်သွားမယ်ထင်လဲ? သေချာပေါက် Fox News တီဗီသတင်းမှာ နေ့ရောညရော ကြားနေရမှာ၊ ဘိုင်ဒန် ကော်ဖီဝယ်သောက်လို့ လူသားမျိုးနွယ်ရဲ့ယဉ်ကျေးမှု ပျက်သုဉ်းပြီလို့ ပြောကြမှာ"

"စဥ်းစားကြည့်ရင် ထရမ့်တုန်းက အမြဲတမ်းပဲ ဂေါက်ကွင်းမှာ အချိန်ဖြုန်းနေခဲ့တာ၊ အဲဒါကျတော့ သူ့ကိုထောက်ခံတဲ့သူတွေက ဘာတခွန်းမှ မပြောကြဘူး"

နေ့စဉ်ဖြစ်ပျက်နေတဲ့ အမေရိကန်သတင်းများကို ရီမောစရာအဖြစ် ဝေဖန်သုံးသပ်တင်ပြပေးတဲ့ နာမည်ကြီးလူကြိုက်များတဲ့ Trevor Noah  (The Daily Show) ရဲ့ ဗီဒီယိုဖန်တီးချက် ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar