မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၇ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၂
◾️ နေ့ရက်တိုင်းအရပ်သားတွေ သေဆုံးနေရတဲ့ ပြီးခဲ့တဲ့ တနှစ်တာ
ဒီနေ့သတင်းတွေထဲမှာ လွိုင်ကော်မြို့ရဲ့ ရပ်ကွက်တခုထဲက အိမ်သာကျင်းထဲ အရပ်သား ၆ ဦးရဲ့အလောင်းကိုတွေ့ရှိခဲ့ရတယ်ဆိုတဲ့သတင်းတပုဒ်ဖတ်ရှုရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီဒေသပီဒီအက်ဖ်တို့တိုက်ပွဲတွေဖြစ်ပွားစဥ် ရပ်ကွက်တွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေစဥ်က ပစ်သတ်ပြီး အိမ်သာကျင်းထဲပစ်ချခဲ့တယ်လို့ ယူဆစရာရှိပြီး ဘယ်သူဘယ်ဝါဆိုတာတော့ လောလောဆယ်မှာ မသိရှိရသေးပါဘူး။
ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက ကားပေါင်းရာနဲ့ချီကာ လွိုင်ကော်မြို့ကနေ ရှမ်းပြည်ဘက်၊ ကယားပြည်နယ် အခြားမြို့နယ်ဒေသတွေဘက်ကို လူပေါင်း သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး အခုရက်ပိုင်း အနည်းငယ်တိုက်ပွဲ ပစ်ခတ်မှုလျော့ကျလာချိန်မှာ အခုလို အရပ်သား ၆ ဦး သတ်ဖြတ်ခံထားရတဲ့ဖြစ်ရပ်ကို သိရှိကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုက်ပွဲတွေကြောင့်၊ စစ်ကောင်စီတပ်တွေက အရပ်သားတွေကို PDF လက်နက် ကိုင်အဖွဲ့ဝင်လို့ သံသယနဲ့သော်လည်းကောင်း၊ PDF ကိုအားပေးသူ၊ ကူညီသူအဖြစ် စွပ်စွဲသတ်ဖြတ်မှုတွေ ကြောင့်သော်လည်းကောင်း တနေ့ တနေ့ အရပ်သားဘယ်လောက် အသက်ဆုံးရှုံးနေရတယ်ဆိုတာ တိတိကျ ကျ မှတ်တမ်းတင်နိုင်ခြင်း မရှိသေးဘူးလို့ပဲ ဆိုရမယ်ထင်ပါတယ်။
သတင်းတွေထဲပါရှိနေတဲ့ ကိန်းဂဏန်းတွေဟာ အမှန်တကယ် အပြင်မှာဖြစ်ပျက်နေတာရဲ့ အစိတ်အပိုင်းတခု ပမာဏတခုမျှသာရှိလိမ့်မယ်လို့ မှန်းဆနိုင်ပါတယ်။
မြန်မာနိုင်ငံမြောက်ဘက်ဖျားကနေ စလိုက်ရင် အနောက်ဘက်ခြမ်း၊ ကချင်ပြည်နယ် ဖားကန့်လို ဒေသတွေ၊ စစ်ကိုင်းတိုင်းလိုဒေသတွေ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေ၊ မန္တလေးတိုင်းအချို့ဒေသတွေ၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ပေါင်းလိုက်ရင် အနည်းဆုံးတနေ့ကို အနည်းဆုံးအရပ်သား ၅၀ နဲ့ ၁၀၀ ဦးလောက်ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ တရက်ကို ၅၀ ဦးနဲ့ တွက်ချက်ကြည့်ရင်ပဲ တလမှာ အရပ်သား ၁၅၀၀ လောက်သေဆုံးနေရတဲ့သဘောလည်း ဖြစ်ပါတယ်။
ဒီပမာဏဟာ စိုးရိမ်စရာပမာဏဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ၊ စစ်ကောင်စီရဲ့ မြေလှန်တဲ့စနစ်၊ ရွာတရွာမှာ တယောက်က ခုခံတိုက်ခိုက်ရင် တရွာလုံးက အနည်းနဲ့အများ အပြစ်ဒဏ်ခံရမယ်ဆိုတာမျိုး နှိမ်နှင်းမှုတွေ၊ ရမ်းသမ်း ပစ်ခတ်တာတွေဟာ အရပ်သားသေဆုံးမှုတွေကို မြင့်တက်စေတာဖြစ်ပြီး စစ်ပွဲအတွက် ထောင်ထားကြတဲ့ မိုင်းတွေနင်းမိလို့ အသက်ဆုံးရှုံးနေကြရတဲ့အဖြစ်တွေလည်း ဒေသအတော်များများမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒီနေရာမှာ လူ့အခွင့်အရေးရှုထောင့်ကကြည့်ရင် သတင်းပေးလို့ သံသယရှိသူ၊ ကြံ့ခိုင်ရေးပါတီဝင်အချို့၊ ရပ်/ကျေး အုပ်ချုပ်ရေးမှာပါဝင်လုပ်ကိုင်နေသူတွေလည်း လက်နက်ကိုင် တပ်ဖွဲ့ဝင်မဟုတ်လို့ သူတို့ကို အရပ်သားသေဆုံးတဲ့ စာရင်းထဲထည့်သွင်း သတ်မှတ်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လဆန်းတုန်းက အမြို့မြို့အနယ်နယ်မှာ ဆန္ဒပြမှုတွေ အုံးအုံးကြွက်ကြွက်လုပ်ကြတာကို မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်နှိမ်နှင်းနေတဲ့ နေ့ရက်တွေကိုလည်း ပြန်ပြောင်း အမှတ်ရစရာ ဖြစ်ပါတယ်။ တရက်တရက် ဆိုရှယ်မီဒီယာပေါ်မှာတင်ပြကြရာမှာ ဘယ်မြို့မှာ ဘယ်နှယောက် အသက်ဆုံးရှုံးသွားကြပြီဆိုတာတွေကို သတင်းမီဒီယာတွေက နေရာအနှံ့က သတင်းတွေကို Live အဖြစ်နဲ့တင်ပြခဲ့ကြတာမို့ သေဆုံးသူစာရင်းကို တာလီချိုးသလို တတိတတိနဲ့ ရေတွက်ခဲ့ရတဲ့နေ့ရက်တွေ ဖြစ်ခဲ့ပါတယ်။ မတ်လ ပထမပတ်နဲ့ ဒုတိယပတ် အဲဒီကာလက ဆန္ဒပြမှုနဲ့ မြို့တွေလမ်းတွေ ပိတ်ဆို့ထားတာကို ဝင်ရောက်ဖယ်ရှားရာမှာ ပစ်ခတ်မှုကြောင့် တရက်ကို အများအဆုံး တရာကျော်အထိ သေဆုံးရတဲ့ ရက်တွေရှိခဲ့ပါတယ်။ အထူးသဖြင့် လှိုင်သာယာမြို့နယ် မှာဖြစ်ပျက်ခဲ့တဲ့ မတ်လ ၁၄ ရက်၊ ၁၅ ရက်နေ့တွေ ဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ တရက်ကို လူ ၁၀၀ ကျော်သေဆုံးရတဲ့ ကိန်းဂဏန်းဟာ ထိတ်လန့်တုန်လှုပ်စရာ ကိန်းဂဏန်းဖြစ်ပြီး တနှစ်ကျော်အကြာမှာတော့ နေ့စဥ် သေဆုံးမှုကိန်းဂဏန်းက ၅၀ နဲ့ ၁၀၀ အကြားလိုရှိနေတာဖြစ်ပြီး တိုင်းပြည်က ပြည်တွင်းစစ်ထဲ လျောကျနေပြီဖြစ်ပါတယ်။
အာဆီယံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု စတဲ့ နိုင်ငံတကာသံတမန်ရေး ကြားဝင်ဆောင်ရွက်မှုတွေ ကြိုးပမ်းမှုတွေလည်း ပြီးခဲ့တဲ့ ၁ နှစ်တာအတွင်း ထိရောက်မှုမရှိခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ ပဋိပက္ခမှာ အဓိကကျတဲ့ဘက်တွေက လက်နက်နဲ့ ဖြေရှင်းမှုကို နံပါတ် ၁ ဦးစားပေးအဖြစ် မရွေးချယ်မှသာ မြန်မာနိုင်ငံရဲ့ ပြဿနာက ဆွေးနွေးမှု တနည်းအားဖြင့် နိုင်ငံရေးနည်းအရ အဖြေရှာနိုင်မယ့် သဘောလည်း ဖြစ်နေပါတယ်။
လောလောဆယ်မှာတော့ ပြိုင်ဘက်ကို လက်နက်နဲ့ အပြတ်ချေမှုန်းရေးဆိုတဲ့နည်းလမ်းတွေသာ ဘက်တိုင်းမှာ ရေပန်းစားနေဆဲ ဖြစ်တာလည်းတွေ့ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁ နှစ်တာအတွင်း လူ့အသက်တွေ သေဆုံးရမှုမှာ လက်နက်ကိုင် ပဋိပက္ခချည်းသက်သက်တော့ မဟုတ်တာတွေ့ရပါလိမ့်မယ်။ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါကပ်ဘေး ကိုဗစ်ရဲ့ ရိုက်ခတ်မှုကြောင့် ပြီးခဲ့တဲ့နှစ် မေလကနေ စက်တင်ဘာလဝန်းကျင်အတွင်း မြန်မာတနိုင်ငံလုံးအနေနဲ့ လူပေါင်း ၃/၄ သောင်းထက်မနည်း သေဆုံးခဲ့ရတယ်လို့ ယူဆစရာ ကိန်းဂဏန်းတွေရှိပါတယ်။ ရန်ကုန်တမြို့ထဲတင် ၂ လကျော်အတွင်း ၂ သောင်းခွဲနဲ့ ၃ သောင်းအကြား ကိုဗစကူးစက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အချက်အလက်တွေရှိနေပြီး ကိုဗစ်ကာလ ပြိုကျနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဆေးရုံတွေမှာ ကိုဗစ်တင်မကပဲ အခြားသောရောဂါတွေပါ ဆေး ဝါးကုသခွင့်မရလိုက်လို့ သေဆုံးရသူတွေလည်း ရာနဲ့ချီရှိခဲ့မှာမလွဲပါဘူး။ အဲဒီ ကိုဗစ်ကူးစက်မှု အသက်ဆုံးရှုံးမှု အထွတ်အထိပ်ရောက်တဲ့ ကာလတွေတင်မကပဲ ကိုဗစ်ဖြစ်ပွားပြီးနောက်မှ အခြားနောက်ဆက်တွဲ ဝေဒနာခံစားရပြီး အသက်ဆုံးရှုံးရသူတွေ၊ စီးပွားရေးကျဆင်းမှု အလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးမှုအကျိုးဆက်ကြောင့် ကျန်းမာရေးကုသမှုမခံယူနိုင်သူ၊ အဟာရချို့တဲ့မှုနဲ့ အသက်ဆုံးရှုံးရသူတွေ၊ လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုး ဆက် စစ်ဘေးတိမ်းရှောင်ရင်း အသက်ဆုံးရှုံးရသူတွေလည်း မနည်းလှပါဘူး။
ပြီးခဲ့တဲ့ ၁နှစ်တာအတွင်း Failed State “ကျရှုံးနိုင်ငံ” ဆိုတဲ့ စကားလုံးနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကို အကဲဖြတ်ပြောဆိုကြတဲ့သတင်းတွေ တကြိမ်မက ဖတ်ရှုခဲ့ကြရမှာပါ။ ကျရှုံးနိုင်ငံရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်က ဘာလဲ မြန်မာနိုင်ငံက အဲဒီသတ်မှတ်ချက်ထဲရောက်ပြီလား မရောက်သေးဘူးလားဆိုတာလည်း အငြင်းပွားစရာ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် သေချာတာတခုကတော့ နေ့စဥ်သတင်းတွေထဲ ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေအသက်ဆုံးရှုံးမှု၊ သိန်းပေါင်း ထောင်နဲ့ သောင်းနဲ့ချီတန််ဖိုးရှိတဲ့ မူးယစ်ဆေးဝါးသယ်ယူမှုတွေ၊ သစ်တောသယံဇာတတွေ ခိုးထုတ်မှုတွေ၊ ရွှေဆိုင် လူနေအိမ် ဒါးပြတိုက်မှုတွေ၊ ရွှေခိုးတူးလို့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ စိုးရိမ်စရာကောင်းလောက်အောင် များပြားလာတာတွေ အလုပ်အကိုင် အခွင့်အလမ်းအတွက် ထိုင်းနယ်စပ်မှာ ခိုးဝင်လို့ နေ့စဥ်ရာဂဏန်းချီတဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေရတဲ့ သတင်းတွေနဲ့ တရိပ်ရိပ်တက်နေတဲ့ စစ်ဘေးရှောင် ကိန်းဂဏန်းတွေက မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံရောက်နေပြီမရောက်သေးဘူးဆိုတာထက် ပိုအရေးကြီးလိမ့်မယ် ထင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar