ညိုထွန်းလူ - အိုမင်းချစ်
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၂၂
သူတို့အတန်းက ဆရာကန်တော့ပွဲကျင်းပတဲ့ခန်းမကြီးတခုလုံး စကားပြောသံရယ်မောသံတွေနဲ့ ဆူညံပွက်လောရိုက်နေတယ်။ တယောက်နဲ့ တယောက် နှစ်ပေါင်းလေးဆယ်ကျော်ဝေးပြီးမှ ပြန်ဆုံခဲ့ကြတာမို့ သူတို့အားလုံး ကလေးတွေလိုဖြစ်ကုန်ကြတယ်။ တက္ကသိုလ်မှာ ၆ နှစ်ကြာအောင်အတူစာသင်ကြားခဲ့ကြရတာဆိုတော့ နည်းတဲ့သံယောဇဥ်လား။
အခုလိုပြန်ဆုံကြတဲ့အချိန်မှာ သားသမီးမြေးမြစ်တွေရပြီး အကုန်လုံး ဘိုးတော် ဘွားတော် အရွယ်တွေရောက်ကုန်ကြပြီ။ တချို့ဆိုရင် ဇရာရိပ်တွေဖုံးလွှမ်းနေလို့ မှတ်တောင် မမှတ်တော့ဘူး။ ဒါပေမယ့် သင်းဆွေလဲ့ကိုမြင်လိုက်တာနဲ့ သူရင်ခုန်သွားခဲ့တယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေကို မိတ်ကပ်ပါးပါးလိမ်းပြီး ဖြည်ထားပေမယ့် တချိန်က တိတ်တခိုးကြွေခဲ့ရတဲ့မျက်လုံးတွေကတော့ အခုချိန်အထိ ရွှန်းလက်နေဆဲ။
အံ့သြစရာပါပဲ။ နှစ်တွေအများကြီးဝေးကွာသွားခဲ့ပေမယ့် သင်းဆွေလဲ့ကလည်း သူ့ကိုမြင်မြင်ချင်း မှတ်မိလိုက်တယ်။ နင်က နည်းနည်းဝပြီး ဆံပင်တွေဖြူလာတာကလွဲလို့ အရင်အတိုင်းပဲတဲ့။ သူ့လက်မောင်းကိုဆုပ်ကိုင်ပြီးအားရဝမ်းသာပြောနေတဲ့ သင်းဆွေလဲ့ကိုကြည့်ရင်း မဆွေလဲ့ကလည်း အရင်အတိုင်းပါပဲဗျာ။ ကျွန်တော်က မမှတ်မိဘဲ ဘယ်နေပါ့မလဲလို့ ပြန်ပြောလိုက်မိတယ်။ အမှန်တော့ သူ့ရင်ထဲမှာပြောစရာတွေအပြည့်။ သားသမီးလေးယောက်စလုံး အိမ်ထောင်ခွဲသွားကြတာ။ လွန်ခဲ့တဲ့ငါးနှစ်က သူ့အမျိုးသားဆုံးသွားပြီး အိမ်အကူ ကလေးမကလေးနဲ့အတူနေရင်း အဆင်မပြေဖြစ်နေတာ စတဲ့ သူစုံစမ်းထားသမျှ သင်းဆွေလဲ့ရဲ့သတင်းတွေကိုနား ထောင်ပြီး စိုးရိမ်ပူပန်မှုတွေကို ဖွင့်ပြောချင်ပေမယ့် မျက်နှာချင်းဆိုင်ဆုံတွေ့ကြတဲ့အခါကျတော့လည်း ပြောချင်တဲ့စကားတွေက ဘယ်ရောက်ကုန်မှန်းမသိ။
သင်းဆွေလဲ့ကို ပထမနှစ် နှစ်ဝက်လောက်ကတည်းက တိတ်တခိုးချစ်ခဲ့ရတာပါ။ ဒါပေမယ့် တယောက်နဲ့တယောက် စရိုက်ချင်းမတူကြဘူး။ သူက ရိုးရိုးအေးအေးနေတဲ့သူ။ သူငယ်ချင်းတွေမို့ တယောက်နဲ့ တယောက် နင်တွေငါတွေနဲ့ ရင်းရင်းနှီးနှီးပြောဆိုဆက်ဆန်ကြပေမယ့် သူကတော့ ဘယ်သူနဲ့မဆို ခင်ဗျား ကျွန် တော်အသုံးအနှုံးတွေနဲ့ပဲ စကားပြောလေ့ရှိတယ်။ သင်းဆွေလဲ့ကိုချစ်နေတဲ့အကြောင်း သူ့သူငယ်ချင်းတွေဘယ်သူမှမသိကြပါဘူး။ သင်းဆွေလဲ့ကိုယ်တိုင်လည်း သိချင်မှသိမှာပါ။ ဖွင့်ပြောဖို့ အကြိမ်ကြိမ်အခါခါစိတ်ကူးမိခဲ့ပေမယ့် ဟားတိုက်ခံရမှာလည်း ကြောက်နေမိတယ်။ အတန်းထဲမှာ သင်းဆွေလဲ့တို့အဖွဲ့က တကယ့်လောင်စိန်တွေလေ။ ဒီလိုနဲ့ သင်းဆွေလဲ့ကို တိတ်တခိုးကြည့်ရင်း အုံ့ပုန်းချစ်နဲ့ တက္ကသိုလ်မှာနေခဲ့တဲ့ ၆ နှစ်ဆိုတဲ့အချိန်ကာလဟာ ပြီးဆုံးသွားခဲ့တယ်။ အခုတော့လည်း သူတစ်ယောက်ကလွဲပြီး အတန်းတူသူငယ်ချင်းတွေအားလုံး မိသားစုကိုယ်စီနဲ့ဖြစ်နေကြပါပြီ။
ဆရာကန်တော့ပွဲပြီးတော့ လူစုမကွဲခင် သင်းဆွေလဲ့က သူ့အနားကိုရောက်လာခဲ့တယ်။ နင် ဘယ်မှာတည်းလဲ။ငါက ရန်ကင်းက ညီမဝမ်းကွဲရဲ့အိမ်မှာ။ ညနေသုံးနာရီကျရင် ရွှေတိဂုံဘုရားကိုသွားချင်လို့ လာခေါ်ပေးလို့ ပြောလိုက်တယ်။ သူ့ခမျာ ဆရာ့စကားမပယ်ရှားဝံ့တဲ့တပည့်လို အသာအယာခေါင်းညိတ်ပြလိုက်ရင်း ဟုတ်ကဲ့ပါဗျာပေါ့။
နှစ်ယောက်သား အတူတကွ ဘုရားဖူးကြရင်း စိတ်ကျဥ်းကျပ်နေမိတယ်။ သူ့ဘ၀တသက်တာမှာ သူစိမ်းမိန်းမ သားတယောက်နဲ့ နီးနီးကပ်ကပ်နေပြီး ဘုရားဖူးရတာ ပထမဆုံးဖြစ်နေတာကိုး။ သင်းဆွေလဲ့နဲ့ ပုဝါတကမ်းအကွာလောက်မှာပဲ နေလိုက်တယ်။ လင်မယားလည်းမဟုတ် သမီးရည်းစားတောင်မဖြစ်ခဲ့တာမို့ အများအမြင်မှာ မသင့်တော်ဘူးလေ။ ဒါပေမယ့် စိတ်ထဲမှ ာဒီလိုလေးအတူသွားလိုက်ရတော့ ကြည်နူးနေမိပြန်ရော။
ဘုရားဖူးပြီးတော့ သင်းဆွေလဲ့က မပြန်ချင်သေးဘူး။ အေးအေးဆေးဆေး အနားယူရင်း စကားပြောရအောင်တဲ့။ ခက်ဖူးလား။ ဒီတော့လည်း ပန်းခြံထဲကိုရောက်သွားခဲ့ကြပြီး သစ်ပင်တပင်အောက်က ခုံတန်းတခုပေါ်မှာ ထိုင်လိုက်ကြတယ်။ အတူထိုင်တယ်ဆိုပေမယ့် သူက သင်းဆွေလဲ့ထိုင်တဲ့နေရာရဲ့ ခုံအစွန်းတဖက်နေရာမှာထိုင်လိုက်တာပါ။ သူတို့နှစ်ယောက်ကြားမှာ လူသုံးယောက်ထိုင်စရာနေရာတွေ လွတ်နေခဲ့တယ်။
'နင် ဘာလုပ်နေတာလဲ။ ငါ့အနားမှာ ကပ်ထိုင်လေ။'
"ဟာ မဆွေလဲ့ မသင့်တော်ဘူးထင်တယ်။ အများက တမျိုးတမည်မြင်မှာစိုး ... စကားဆုံးအောင် မပြောလိုက်ရဘူး။
"ဘာမသင့်တော်တာလဲ။ ငါတို့နှစ်ယောက်စလုံး အဘိုးကြီး အဘွားကြီးတွေဖြစ်နေကြပြီ။ ဘယ်သူမှ ငါတို့ကိုအရေးလုပ်ပြီး ကြည့်နေမှာမဟုတ်ဘူး"
သင်းဆွေလဲ့ကပြောလိုက်တော့ မနေသာတော့ဘဲ နေရာရွှေ့လိုက်ရပြီး တစ်ပေလောက်အကွာမှာ ထိုင်လိုက်ရပြန်တယ်။ အများကမြင်လို့ကောင်းမယ့်အနေအထားပေါ့။ ပတ်ဝန်းကျင်ကိုဂရုမစိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။ ခက်တာက သင်းဆွေလဲ့က သိပ်ကျေနပ်ပုံမရဘူး။ သူ့အနားကို ဇွပ်ခနဲတိုးလာပြီး နှစ်ယောက်သားကြားမှာ လေတိုးလို့မရအောင် ပူးကပ်ထိုင်လိုက်လို့ ရင်တွေ တဒိန်းဒိန်းခုန်သွားတယ်။
ညနေစောင်းလေပြေကလေးတချက်သုတ်လိုက်ပေမယ့် နဖူးပေါ်မှာ ချွေးတွေစို့တက်လာခဲ့တယ်။ သင်းဆွေလဲ့ကို လှည့်မကြည့်ရဲဘဲ ရှေ့ကိုပဲငေးစိုက်ကြည့်နေမိတယ်။ ပန်းခြံထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သွားလာနေတဲ့သူတွေကိုကြည့်နေပေမယ့် မမြင်မိသလိုဖြစ်နေပြီး တခြားကမ္ဘာတခုကိုရောက်နေရသလို ခံစားနေမိတယ်။ တခဏအကြာ သင်းဆွေလဲ့က သူ့ကို အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။
"ကျော်ကျော် နင် ငါ့ကိုချစ်လားဟင်" တဲ့။
မမျှော်လင့်တဲ့စကားကြားလိုက်ရလို့ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့တယ်။ ဘယ်လိုပြောရမလဲ။ လေတဟူး ဟူးပင့်တိုက်နေတဲ့ ချောက်နက်ကြီးထဲခုန်ချလိုက်ရသလို အသည်းထဲမှာအေးခနဲ။
"နင် မညာနဲ့နော်။ အတန်းထဲမှာ ငါ့ကိုခိုးကြည့်နေတဲ့ နင့်မျက်လုံးတွေကို ငါမြင်တယ်။ အခု ဆရာကန်တော့ပွဲမှာလည်း နင်ငါ့ကို ခဏခဏခိုးကြည့်နေတာလေ"
ကဲဗျာ ခွကျလိုက်တာ။ လက်ပူးလက်ကြပ်မိနေမှ ဝန်ခံရုံပဲရှိတော့တာပေါ့။
"မဆွေလဲ့ရယ်။ ခင်ဗျားကို ကျွန်တော်ချစ်ခဲ့ပါတယ်။ကျွန်တော့်ရဲ့တသက်မှာ ခင်ဗျားကိုပဲ ချစ်ခဲ့မိသူပါ"
စိတ်လှုပ်ရှားလွန်းလို့ စကားသံတွေကတုန်ယင်နေပြီး တာဝေးအပြေးသမားလို မောဟိုက်နေမိတယ်။ နှစ်ပေါင်းငါးဆယ်နီးပါးကြာမှ ဖွင့်အံခဲ့ရတဲ့ ရင်ထဲကစကားတွေ။ ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်သွားတယ်လို့ ထင်လိုက်မိတယ်။ သင်းဆွေလဲ့ဆီက သက်ပြင်းတချက်ရှိုက်သံကိုကြားလိုက်ရတယ်။ ပြီးတော့ ....
"ကျော်ကျော် ငါ့ကို နမ်းပါလားဟင်" ပါးကလေးထိုးပေးလိုက်တဲ့ သင်းဆွေလဲ့ကို ကြောင်အအနဲ့ ကြည့်နေမိပြန်တယ်။
"မဆွေလဲ့ရယ် ပန်းခြံကြီးထဲမှာဗျာ။ အများပြောစရာဖြစ်ကုန်ပါလိမ့်မယ်"
သူ့စကားကြောင့် သင်းဆွေလဲ့တယောက် စိတ်တိုသွားဟန်တူရဲ့။
"နင်ဟာလေ အများကမြင်မှာစိုးရတာနဲ့ အများကပြောမှာကို စိုးရိမ်ရတာနဲ့။ နင့်ကို အဲဒါတွေကြောင့် စိတ်ပျက်ခဲ့တာသိလား။ နင် ငါ့ကို မနမ်းရင် ... နင့်ကိုယ်ပေါ်ကို ငါလှဲချလိုက်မှာနော်"
ပြုံးစေ့စေ့နဲ့ပြောလိုက်တဲ့သင်းဆွေလဲ့ကိုကြည့်ရင်း မျက်လုံးပြူးသွားတယ်။ ဒုက္ခပါပဲ လူမြင် သူမြင် ပန်းခြံကြီးထဲမှာ အမြင်မတော်တာကို တယောက်ယောက်ကတွေ့လိုက်လို့ လက်ကိုင်ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ပေါ်တင်လိုက်ရင် ကိုယ်ကျိုးနည်တော့မှာ။ အခုခေတ်မှာ လက်ကိုင်ဖုန်းတွေနဲ့ လက်ကမြင်းချင်သူတွေကလည်းပေါပါဘိသနဲ့။
"အဲလိုတော့မလုပ်ပါနဲ့ဗျာ ... ကျွန်တော်နမ်းပါ့မယ်'
ကမန်းကတန်းပြောလိုက်ရင်း ပတ်ဝန်းကျင်ကို ကြောက်အားလန့်အားနဲ့ အကဲခတ်လိုက်မိတယ်။ သင်းဆွေလဲ့ပြောသလိုပဲ သူတို့ကိုစောင်းငဲ့ကြည့်တဲ့သူ တယောက်မှမရှိဘူး။ အဲဒီနောက်တော့ ... ရွှတ်ခနဲ နမ်းလိုက်မိတာက မျက်တောင်တခတ်လောက်ပဲကြာခဲ့ပေမယ့် သူ့အတွက်တော့ စကြဝဠာခရီးတခုသွားခဲ့ရသလောက်အထိထင်လိုက်မိတယ်။
စိတ်အာရုံဟာ လွန်ခဲ့တဲ့နှစ်ငါးဆယ်ဆီကို ပြန်ရောက်သွားတယ်။ ကျောင်းဝန်းထဲ ခရေပင်အောက်က ခုံတန်း လျားပေါ်မှာ သင်းဆွေလဲ့နဲ့အတူထိုင်ခဲ့ကြမယ်လို့ အကြိမ်ကြိမ်အခါခါ စိတ်ကူးယဥ်ခဲ့မိတာကို ပြန်သတိရလိုက်မိတယ်။ သင်းဆွေလဲ့က ဒီဖက်ပါးကိုလည်း နမ်းပေးဦးတဲ့။ ပြီးတော့ နဖူးကိုရောတဲ့။ အတိတ်ကအကြောင်းတွေကိုပြန်တွေးရင်းနဲ့ အနှစ်နှစ်အလလ ချုပ်တီးထားသမျှတွေဟာ ပေါက်ကွဲထွက်ကုန်ပါတယ်။
သူတို့ရဲ့လောကဝန်းကျင်ဟာ ရုတ်တရက်ချက်ချင်းပြောင်းလဲသွားတယ်။ ပန်းခြံကြီးတခုလုံး ပန်းတွေဖူးပွင့်လာကြတယ်။ တချို့က အဝါ။ တချို့က အပြာ။ တချို့က ခရမ်း။ တချို့ကျတော့ ပန်းနုရောင်။ ရောင်စုံပန်းခင်းကြီးထဲမှာ ပန်းရနံ့တွေက သင်းပျံ့နေတယ်။ နွေးထွေးတဲ့နေရောင်ခြည်က သူတို့နှစ်ယောက်ကို ပွေ့ဖက်ထားတယ်။ ညှင်းသွဲ့လေပြေဟာ ပန်းရနံ့ကလေးတွေကို သယ်ဆောင်လာပြီး သူတို့နှစ်ယောက်ကြားကို တိုးဝှေ့သွားခဲ့တယ်။ ချစ်ခြင်းရဲ့ရနံ့တွေ သင်းပျံ့နေတဲ့ သူတို့ကမ္ဘာ။
တချို့ကတော့ အံ့အံ့သြသြနဲ့ ရယ်ချင်လည်းရယ်ကြမှာပေါ့။ သူတို့အတွက်တော့ အဘိုးကြီး အဘွားကြီးရဲ့ ချစ်ဇာတ်လမ်းဖြစ်နေတာ မဟုတ်လား။ ဒါပေမယ့် သူတို့မသိကြတာက အချိန်ကာလတွေက ရုပ်ခန္ဓာကို တိုက်စားသွားခဲ့ပေမယ့် ဘယ်တော့မှ လွင့်ပျယ်မသွားတဲ့ အဘိုးအိုနဲ့ အဘွားအိုတို့ရဲ့ ရင်ထဲကမွန်မြတ်သန့်စင်တဲ့ ချစ်ခြင်းရဲ့အလှတွေပါ။
"ငါ့မှာဖြင့် အတန်းထဲမှာ ဘယ်နေ့ဘယ်အချိန်များ ငါ့ကိုရီးစားစကားပြောမှာပါလိမ့်လို့ ရင်တထိတ်ထိတ်နဲ့မျှော်နေမိခဲ့တယ်။ နင့်ကိုပဲ ငါချစ်ခဲ့တယ်။ အိမ်ထောင်ကျသွားတော့ နင့်ဆီကိုထားခဲ့တဲ့မျှော်လင့်ချက်တွေကို စွန့်လွှတ်လိုက်ရတယ်။ ကလေးတို့အဖေဆုံးသွားပြီးနောက်ပိုင်း နင့်ကို အရမ်းသတိရနေတယ်။ တရားဘာဝနာပွားရမယ့်အရွယ်မှာ ငါ့အဖြစ်က ရယ်စရာကောင်းနေတာပေါ့ဟာ။ နင်က ငါ့ရင်ထဲကမြိုသိပ်ခံစားရတာတွေကို ဘာမှမသိဘူး။ နင်ဟာလေ အရိပ်သုံးပါး ဘာမှနားမလည်လောက်အောင်ကို တုံးအနေတဲ့သူ။ တကယ့်ကို ငတုံးရယ်။
သင်းလဲ့ဆွေက ပြောရင်းနဲ့ ဆယ်ကျော်သက်လေးလို တခစ်ခစ်ရယ်လိုက်တယ်။ သူက သင်းလဲ့ဆွေရဲ့ပခုံးကိုညင်ညင်သာသာ ပွေ့ဖက်လိုက်တယ်။ အများအမြင်မသင့်တော်မှာဆိုတဲ့အတွေးတွေကလည်း ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တယ်။ စကားဆက်မပြောဖြစ်တော့ဘဲ အလင်းရောင်တွေရုပ်သိမ်းစ ညနေခင်းကို ငေးကြည့်နေကြတယ်။
ဆည်းဆာနေအိုချိန်ရောက်နေတဲ့သူတို့ရဲ့ဘဝတွေကလည်း နေခွင့်ရမယ့်အချိန်တွေနည်းပါးလာတာကို သိနေကြတယ်။ ဒါပေမယ့် အဘိုးအို အဘွားအိုတို့ရဲ့ သံယောဇဥ်တွေ နှောင်ဖွဲ့ထားတဲ့ချစ်ခြင်းမေတ္တာ၊ တနည်းပြောရရင်သံသရာကို အခိုက်အတန့်မေ့ဖျောက်ပြီး အသက်အရွယ်အိုမင်းလာကြသူတို့ရဲ့ ဘဝတွေကို လန်းဆန်းကြည်နူးသွားစေခဲ့တဲ့ အိုမင်းချစ်ဟာ အမြဲတန်းရှင်သန်နေမှာပါ။
နင့်ဆီက အနမ်းတွေကိုမျှော်လင့်နေမိတာ အခု ငါကျေနပ်သွားပါပြီဟယ်လို့ သင်းဆွေလဲ့က ငိုသံပါကြီးနဲ့ပြောလိုက်တော့ ဖြေသိမ့်မပေးနိုင်ဘဲ သူငိုင်ကျသွားတယ်။ ပြောစရာစကားတွေလည်းမရှိတော့။ ပြောစရာလည်း မလိုတော့ပါဘူးလေ။
နောက်နှစ်လလောက်အကြာ ကင်ဆာရောဂါနဲ့ သင်းဆွေလဲ့ဆုံးသွားခဲ့တဲ့သတင်း ကြားလိုက်ရတယ်။ မဆုံးခင်သုံးရက်လောက်အထိ နေ့တိုင်း တယ်လီဖုန်းပြောဖြစ်ကြသေးတယ်။ သင်းဆွေလဲ့က နေ့တိုင်း နင့်ကိုသတိရနေတာဟယ်တဲ့။ အခုတော့လည်း ပျော်ရွှင်ကြည်နူးမှုတွေက အိပ်မက်တွေလို ပြန်လည်ပျောက်ကွယ်သွားခဲ့ရပြန်ပေါ့။ ညဥ့်နက်လို့ အိပ်ရာဝင်ချိန်ရောက်လာခဲ့ပါပြီ။ နားကျပ်တပ်လိုက်ပြီး လက်ကိုင်ဖုန်းထဲက အသံသွင်းခလုပ်ကို ဖွင့်နားထောင်လိုက်တယ်။ အတူနေကြတဲ့ တူတွေ တူမတွေကတော့ ဦးကြီးတော့ မအိပ်ခင်ဆရာတော်တွေရဲ့ တရားတွေနာနေတယ်လို့ ထင်နေမှာပါ။ မဟုတ်ပါဘူး။ သင်းဆွေလဲ့နဲ့ တယ်လီဖုန်းပြောတိုင်းအသံသွင်းထားတာတွေကို ပြန်ဖွင့်ပြီး နားထောင်နေတာလေ။
.....
အိပ်ရာပေါ်မှာ ပက်လက်လှန်အိပ်ရင်း မျက်လုံးတွေမှိတ်ထားတဲ့အဘိုးအိုရဲ့မျက်နှာပေါ်မှာ နူးညံ့သိမ်မွေ့တဲ့အပြုံးရိပ်ကလေးကို တွေ့လိုက်ရတယ်။ သူ့စိတ်အာရုံတွေဟာ သူလိုလားတောင့်တခဲ့တဲ့ သင်းဆွေလဲ့ရှိတဲ့ ကမ္ဘာတခုဆီကိုများ ရောက်သွားခဲ့တာလား။
ညိုထွန်းလူ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar