Breaking News

ကိုကျော် (မြစ်ကြီးနား) — ဂျာမဏီတရားရုံးမှ ဆီးရီးယား ဗိုလ်မှူးကြီးဟောင်းအား ထောင်ဒဏ်တသက်ချမှတ်





ကိုကျော် (မြစ်ကြီးနား) - ဂျာမဏီတရားရုံးမှ ဆီးရီးယား ဗိုလ်မှူးကြီးဟောင်းအား ထောင်ဒဏ်တသက်ချမှတ်
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၂
(Breaking News!!)

လွန်နဲ့တဲ့ ၁၀ နှစ်လောက်က ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့ အကျဥ်းထောင်တစ်ခုမှာ လူသားမျိုးနွယ်ပေါ် ကျူးလွန်ခဲ့မှုဖြင့် ဂျာမဏီတရားရုံးတခုမှ ၅၈ နှစ်အရွယ် ဆီးရီးယားဗိုလ်မှူးကြီးဟောင်း Anwar Raslan အား ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။
ကြာသပတေးနေ့ ဂျာမဏီ Koblenz မြို့ တရားရုံးရဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ဟာ ဆီးရီးယားရဲ့ နှစ်ရှည်ကြာ ပြည်တွင်းစစ်ကာလအတွင်း သမ္မတအာဆတ် (Bashar al-Assad) လက်အောက်မှာ ဒုက္ခတွေခံစားခဲ့ရတဲ့ ဆီးရီးယားပြည်သူများရဲ့ တရားမျှတမှုအတွက် ပထမခြေလှမ်းတစ်ခု ဖြစ်ပါတယ်။  
ဒါဟာ ဆီးရီးယားမှာ အစိုးရဦးဆောင်တဲ့ ညှဉ်းပန်းနှိပ်စက်မှုအပေါ် ရာဇဝတ်မှုအဖြစ် ကမ္ဘာပေါ်မှာ ပထမဆုံး တရားစွဲဆိုမှု ဖြစ်ပြီး ဆီးရီးယားအရာရှိဟောင်း Anwar Raslan အား လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် တရားစွဲခဲ့တာ ဖြစ်ပါတယ်။ 
၂၀၁၁ ခုနှစ် ဧပြီလ မှ ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ဒမတ်စကပ်မြို့ Al-Khatib အကျဥ်းထောင်ထဲမှာ ဖမ်းဆီးထားတဲ့ ဆန္ဒပြသူ ၄၀၀၀ ကျော်တို့အား Anwar Raslan ရဲ့ ဦးဆောင်စီမံမှုနဲ့ စနစ်တကျအစီစဥ်ချပြီး ကြမ်းတမ်းစွာ နှိပ်စက်ညှဉ်းပန်းမှုများ လုပ်ဆောင်ခဲ့တာကြောင့် ဆန္ဒပြသူအနည်းဆုံး ၅၈ ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
သမ္မတအာဆတ် လက်အောက်မှာ Anwar Raslan က အဆင့်မြင့်ထောက်လှမ်းရေး အရာရှိတစ်ဦး ဖြစ်ခဲ့ပြီး အာဆတ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုများမှာ ပါဝင်သူများအား ကြမ်းတမ်းစွာ နှိပ်ကွပ်ခဲ့ပါတယ်။ Anwar Raslan က ၂၀၁၂ ခုနှစ်မှာ ရာထူးစွန့်လွတ်ကာ ဆီးရီးယားမှ ထွက်ပြေးပြီး ဂျာမဏီမှာ ခိုလှုံခဲ့တယ်လို့ သိရပါတယ်။
(Breaking News ဖြစ်တာကြောင့် နောက်ထပ် သတင်းအချက်အလက် ထပ်ပြီးဖော်ပြဦးမယ် လို့ AL JAZEERA သတင်းမှာ ဖော်ပြထားပါတယ်။)

(Al Jazeera - Jan 13, 2022 - German court sentences former Syrian colonel to life in prison)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar