ဆလိုင်းနံရံ - ရှေ့တိုးခြင်း
(မိုးမခ) ဇန်န၀◌ါရီ ၁၅၊ ၂၀၂၂
အသက်ကို တနာရီချင်း၊ တရက်ချင်းအတွက်ပဲ တွေးရင်းရှင်သန်နေကြသလိုမျိုး သူတို့မျက်နှာတွေကြည့်ရင် အဲ့ဒီလိုခံစားရတယ်။ ဒီနေ့ဟာ ဘာမှမဖြစ်ပဲ ပြီးလိုက်ရင်တောင် မနက်ဖြန်လည်း ဒီအတိုင်းဖြစ်မယ်လို့ ကြိုတွေးထားလို့မရဘူး။ တရက် တရက်အတွင်း ပြောင်းလဲမှုကြီးတွေပဲ ဆက်တိုက်ကြုံလာခဲ့တဲ့ပတ်ဝန်းကျင်လို့ပဲ ပြောရမယ်။ လွန်ခဲ့တဲ့ ၆ လက ကျွန်တော်ရောက်လာတုန်းက လူနေအိမ်တွေနဲ့အခု မြင်ရတဲ့လူနေအိမ်တွေဟာ သိပ်ကွာခြားသွားတာမရှိဘူး။ ဒါပေမယ့် လူတွေရဲ့သွားလာလှုပ်ရှားပုံ၊ မျက်လုံးတွေကတော့ တခြားဆီဖြစ်သွားပြီ။ ကြည့်သူရဲ့မျက်လုံးကပဲ မလုံခြုံစိတ်ပိုများသလား မြင်ရတဲ့အရာတွေကပဲ မလုံခြုံကြတာလား။ အားလုံးမလုံခြုံတာလည်းဖြစ်နိုင်တယ်။ သေချာတာကတော့ မလုံခြုံတဲ့ခံစားချက်တွေ ရှိနေတာပါပဲ။
“ဘယ်လဲ” ကြီးတော်ဆိုပြီး ကျွန်တော်မနက်စာ စားနေတဲ့ဆိုင်ရဲ့ဆိုင်ရှင်က ရေးကြီးသုတ်ပြာသွားနေတဲ့အန်တီကြီးကို လှမ်းမေးလိုက်တယ်။ အန်တီကြီးကလည်း ဟိုလူတွေ ဆင်းလာကြတယ်တဲ့။ ရှောင်မှရမယ်။ ညည်းတို့လည်း ရှောင်ဖို့လုပ်ထားကြပါတဲ့။ ခရီးတထောက်နားနေတဲ့နေရာက အခိုက်အတန့်တနေရာအကြောင်းပါ။
မနေ့က ကားစပါယ်ရာသမားကတော့ ပြောထားပြီးသား။ အခြေအနေမကောင်းလောက်ဘူးထင်တယ် ဆိုပြီး မျက်နှာပျက်ပျက်နဲ့ပြောနေတာ။ ဒီနေရာ မရောက်ခင်လေးမှာ စစ်ကိုင်းတိုင်း၊ မြင်းမူ တနေရာမှာညအိပ်တယ်။ မနက်အိပ်ရာနိုးလာပြီး နည်းနည်းဆက်သွားတော့ ပုလဲမြို့မှာ မနက်စာစားတယ်။ ဖုန်းတချက်စစ်လိုက်တော့ အင်တာနက်လိုင်းမရတော့ဘူးဆိုတာ သိလိုက်တယ်။ တောင်ပေါ်ခရီးအတွက် ခရီးက သုံးပုံနှစ်ပုံလောက် လာခဲ့ကြပြီ။ မင်းတိုင်ပင်အရောက်မှာ ကားတွေလမ်းဘေးရပ်လိုက်ပြီး ခရီးဆက်သွားဖို့မသင့်တော်သေးတဲ့အကြောင်းကားဆရာပြောလို့ နားကြတယ်။ စစ်ကြောင်းရှိလို့ဆိုပြီး ပြောတယ်။ ဂန့်ဂေါဖက်က စစ်သားတွေဆင်းလာကြတဲ့သတင်းကြောင့်ပေါ့လေ။ အဲ့ဒီမှာ တရက်တော့ နေဖြစ်သွားကြတယ်။
ကျွန်တော်တို့နဲ့အတူခရီးသည်ထဲမှာတော့ နေမကောင်းသူတွေ၊ မိန်းမကြီးတွေနဲ့လူငယ် သုံးလေးယောက် စုစုပေါင်း ၂၀ လောက် ပါတယ်။ ကျွန်တော်တို့ကားနားထားတဲ့နေရာနားမှာ ကုန်တင်ကားကြီးတွေရပ်ထားတာ တွေ့ရတယ်။ သူတို့ကတော့ အေးဆေးပဲ။ သူတို့က ခေတ်ဘယ်လိုဖြစ်ဖြစ် မရရအောင်သွားနေကြသူတွေဖြစ်တယ်။ ကိုဗစ်ဖြစ်ကတည်းက ခရီးသွားလာရတော်တော်ခက်သွားပေမယ့် ကုန်တင်ကားမောင်းသူတွေကတော့ အဲ့ဒီကတည်းက အမြဲမပြတ်သွားလာနေကြသူတွေဖြစ်တယ်။ အာဏာသိမ်းမှုဖြစ်ပြီးကတည်းကလည်း မရရအောင် သွားနေကြတာပါပဲ။ စားကုန် သောက်ကုန်တွေမပြတ်ခဲ့တာတွေအတွက်တော့ ကျေးဇူးတင်ရတယ်။
မင်းတိုင်ပင်မှာ တရက်အိပ်ပြီးနောက်မနက်တော့ သတင်းဆိုးတခုထပ်ကြားရတယ်။ ဂန့်ဂေါက ဆင်းလာတဲ့စစ်ကြောင်းအပြင် ပုလဲဖက်ကပါ ခြေလျှင်နဲ့စစ်ကြောင်းထွက်လာပြန်တဲ့သတင်း။ ပတ်ဝန်းကျင်ကလူတွေရဲ့လှုပ်ရှားမှုတွေ သူတို့ရဲ့မျက်နှာတွေ မျက်လုံးတွေအကုန် ပြောင်း လဲသွားတာကိုတွေ့လိုက်တော့ ကျွန်တော့်ကိုပါ အဲ့ဒီခံစားချက် ကူးသွားတော့တယ်။ ခံစားချက်က ငယ်ငယ်တုန်းကကြည့်တဲ့ သိုင်းကားတွေထဲက လူတွေနေတဲ့နေရာကို မကောင်းဆိုးဝါးတိမ်မည်းကြီးတွေနဲ့ချဉ်းကပ်လာချိန် ရွာထဲကဖြစ်ပျက်နေပုံစံမျိုးနဲ့ခပ်ဆင်ဆင်ပဲ။ လူတွေဟာအထုပ်ကိုယ်စီသယ်သူသယ်နဲ့တနေရာရာကို ရှောင်ဖို့ပြင်ဆင်နေကြတာပါပဲ။ လူမဆန်တဲ့၊ ရောက်တဲ့နေရာတိုင်းတွေ့ကရာလူတွေ ဖမ်း၊ သတ်တဲ့အပြင် အိုးအိမ်တွေ မီးရှို့ဖျက်ဆီး၊ စားစရာတွေဖျက်ဆီး၊ မွေးထားတဲ့ တိရစ္ဆာန်တွေသတ်စား၊ အဖိုးတန်ပစ္စည်းတွေ ယူလေ့ရှိတဲ့လူတွေမှန်း သူတို့ကသတင်းတွေမဖတ်ရ၊ ဓါတ်ပုံတွေမတွေ့ရပါပဲ သိနေကြပြီထင်တယ် ။
ကမ္ဘာကြီးမှာ ဘာဖြစ်နေတာလဲ၊ ကုလသမဂ္ဂက ဘာရှုတ်ချ၊ ဝမ်းနည်းကြောင်းတွေ ပြောနေသလဲ၊ မြန်မာပြည်ရဲ့မြောက်ပိုင်း၊ အနောက်ပိုင်းတွေမှာဘယ်လိုဖြစ်နေတာလဲဆိုတာတွေ သူတို့ခေါင်းထဲမှာ သိပ်မရှိတော့ဘူးထင်ရတယ်။ မရှိဆို အင်တာနက်အဖြတ်ခံရတာ သုံးလလောက်ရှိနေပြီ။ ဒီ့နောက်ပိုင်း အဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့ပေမယ့် သူတို့ကတော့ ရွာနားမှာ ဘာဖြစ်တော့မယ်၊ ရှောင်ရမယ်ဆိုတာလောက် လူလူချင်းသတင်းပါးရင်း နေထိုင်နေကြတယ်။ မနက်ခင်းရောက်လာပြီဆိုရင် လမ်းပေါ်လူတွေတဖြည်းဖြည်းချင်းထွက်လာပြီး အသက်ရှင်ဖို့သွားလာလှုပ်ရှားနေကြတယ်။ အဲ့ဒီနောက် ညနေချိန်တွေရောက်လာပြီဆို လမ်းပေါ်ကနေ တဖြည်းဖြည်းလူတွေနည်းနည်းလာတယ်။ သိပ်မလုံခြုံတော့တဲ့အငွေ့အသက်က ညနေအလင်းမှိန်လေ ပိုဆိုးလေဖြစ်နေတယ်။ လမ်းဘေးထမင်းဆိုင်လေးတွေကတော့ မဖွင့်တာတော်တော်ကြာနေပုံပေါက်တယ်။ တချို့က ဆိုင်နာမည်လေးတွေရှိသေးတယ်။ ဒါပေမယ့် ဆိုင်က ပုံစံပျက်နေပြီး ဖုန်တွေတက်နေတယ်။
ညနေရောက်လာချိန်မှာတော့ ကျွန်တော်ညအိပ်ဖို့ စီစဉ်ရတော့မယ်။ တခြားခရီးသည်တော်တော်များများကတော့ တခြားလမ်းကြောင်းကနေ ခရီးဆက်ဖို့ရွေးချယ်သွားကြတယ်။ ကျွန်တော်တစ်ယောက်ရယ် တောင်ပေါ်ကကားနဲ့ကုန်ပစ္စည်းလဲဖို့စောင့်တဲ့ ကားဆရာပဲကျန်တယ်။ မင်းတိုင်ပင်ကနေ ပုလဲကိုပြန်လှည့်လာတယ်။ ပုလဲကို အဖေ့မိတ်ဆွေအချိတ်အဆက်နဲ့ အိမ်တအိမ်မှာအိပ်ဖို့ ပထမစီစဉ်ထားတယ်။ ဒါပေမယ့် တကယ့်တကယ်က လူစိမ်းတယောက်၊ လူငယ်တယောက်ကို သူတို့ညအိပ်လက်ခံဖို့ဆိုတာ အန္တရာယ်သိပ်ကြီးတယ်။ အန်တီကြီးက အားနာနာနဲ့ ကျွန်တော့်ဆီလာတယ်။ အကူအညီတောင်းထားတာဆိုတော့ သူ့အနေနဲ့ငြင်းရခက်ပုံရလို့ ကျွန်တော့်ဆီကိုတော့ မရရအောင် လာခဲ့တယ်။
“သားလေးအိပ်ချင်ရင်တော့ အိမ်တအိမ်လွတ်တာရှိတယ်။ အဲ့ဒီမှာ တယောက်တည်းအိပ်ရမယ်။ အမှန်အတိုင်းပြောရရင် အဲ့ဒီအိမ်က စစ်ကြောင်းတွေထွက်လာရင် လမ်းမအတိုင်းမသွားပဲ မြို့နားကပဲသွားသွားကြတော့ အဲ့ဒီအိမ်ဖက်ကပဲ သွားလေ့ရှိတယ်။ သားလေးအန္တရာယ်ဖြစ်မှာ စိုးရိမ်တယ်။ အန်တီတို့အိမ်လည်း ဧည့်စာရင်းလာစစ်ရင် ပြသနာတက်မှာမို့ မခေါ်ရဲဘူးတဲ့။ ပြည်နယ်သားတွေဆို ပြဿနာပိုဖြစ်မှာတဲ့။ ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော့်ကိုပြောပြရှာတယ်။ ကျွန်တော်လည်း တည်းခိုခန်းတခုမှာပဲအိပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ အချိန်က ညနေ ၆ နာရီတောင် မထိုးသေးပေမယ့် လမ်းပေါ်လူတွေမရှိသလောက်ဖြစ်သွားပြီ။ ကားဆရာနဲ့သူ့တပည့်ကတော့ သူ့ဟာသူ အဆင်ပြေသလိုအိပ်မယ်ဆိုလို့ သူတို့ဆီနေဖို့လည်း ခက်ပြန်ရော။ အဲ့လိုနဲ့ ညတော့ တည်းခိုခန်းတခုမှာပဲ အိပ်ဖြစ်သွားတယ်။
မနက်မိုးလင်းလာတော့ လူတွေဟာ တဖြည်းဖြည်း လမ်းပေါ်ပြန်ထွက်လာကြတယ်။ ၇ နာရီကျော်လောက်မနေ့ကအန်တီကြီးက ကျွန်တော့်ကို မနက်စာစားဖို့လာခေါ်တယ်။ သူတို့ကိုယ်တိုင် သုပ်ထားတဲ့ခေါက်ဆွဲသုပ်၊ ကော်ဖီ၊ ရေနွေးကြမ်း တိုက်တယ်။ သူ့အဖေနဲ့အမေ အဘိုးနဲ့အဘွားကြီးရယ် သူ့မောင်နှမတသိုက်ရယ် သူတို့ကလေးတွေရယ်နဲ့ ကျွန်တော့်ကို ဖော်ဖော်ရွေရွေစကားတွေပြောကြ ဧည့်ခံကြတယ်။ မပြန်ဖြစ်သေးရင် နေ့လည်ခင်းကတော့သူတို့နဲ့နေဖို့၊ သူတို့နဲ့အတူထမင်းစားဖို့ခေါ်ကြတယ်။ တကယ်နွေးထွေးတဲ့မိသားစုလေးပါပဲ။ ဒါပေမယ့် ကျွန်တော်ကိစ္စတခုအတွက် ချင်းတောင်အချိန်မှီရောက်ဖို့မသေချာတော့တဲ့အနေအထားမှာ ရန်ကုန်ဖက်ကို ပြန်လှည့်ဖို့ဆုံးဖြတ်လိုက်တယ်။ မပြီးသေးတဲ့အလုပ်တချို့ကို အပြီးသတ်ရမယ်။ ထွက်လာတုန်းက ပြန်ချင်လွန်းတဲ့စိတ်နဲ့ထွက်လာခဲ့ပေမယ့် သွားရလာရတော်တော်ကြီးခက်တာ သဘောပေါက်တော့ လုပ်စရာကိစ္စကိုပဲအမှီလုပ်နိုင်ဖို့ ဆုံးဖြတ်လိုက်ရတော့တယ်။
တဝက်တပျက်နဲ့အားလုံး ဟိုမရောက်ဒီမရောက်အကုန်ဖြစ်မှာ စိုးရိမ်တာကြောင့်သာ သုံးပုံနှစ်ပုံကျော်ခရီးရောက်ပြီးသားကို ပြန်လှည့်ဖို့ ခက်ခက်ခဲခဲဆုံးဖြတ်လိုက်ရတယ်။ ဘယ်အရာဖြစ်ဖြစ် ခရီးမတွင်ပဲအစကပဲပြန်ပြန်စနေကြရတဲ့ ဘဝမဖြစ်ဖို့အရေးကြီးတယ်။ နိုင်ငံတော်ကြီးကိုပဲ ကြည့်လိုက်တော့။ ဒီတခါတော့ ဘာပဲဖြစ်ဖြစ်အစကပြန်ပြန်စရတဲ့ဘဝမဖြစ်စေချင်တော့ဘူး။ ဒီခရီးဟာ နှေးရင်နှေးမယ် မြန်ချိန်ရှိရင်ရှိမယ်။ တိကျတဲ့လမ်းကိုရွေးပြီးပြန်ပြန်စ စရာမလိုတဲ့အရွေ့ဖြစ်ဖို့ကိုပဲ ဆုတောင်းမိတယ်။ အဲ့ဒီလိုနဲ့ကျွန်တော်လည်း ဘဝအသစ်ကပြန်ပြန်စမယ့်အရေးထက် ခရီးကိုလမ်းကြောင်းလှည့်လိုက်မိတယ်။ ရွေးချယ်ထားတဲ့ဘဝလမ်းကြောင်းတခုကို ရှာတွေ့ရင် ခရီးနောက်တကြိမ်ပြန်သွားလို့ရတယ်။ ဘဝတွေကတော့ အသစ်ကပြန်ပြန်စလို့မရဘူးလေ။
လာတုန်းက ညအမှောင်မှာဖြတ်ခဲ့တဲ့လမ်းတွေကို နေ့ခင်းမို့အထင်းသားတွေ့ရတယ်။ လမ်းတလျှောက်မိုင်းပေါက်ရာတွေချည်းပဲ။ စစ်ကိုင်း တိုင်းက မိုင်းထောင်ပြီး စစ်ကြောင်းတွေကို တိုက်ခိုက်ရာမှာ နာမည်ကြီးပဲမလား။ လမ်းတွေထက် လူထုရဲ့လွတ်မြောက်လမ်းက ပိုအရေးကြီးတဲ့အကြောင်း သက်သေတွေပေါ့။တကယ်တော့ နိုင်ငံတော်ကြီးက သူထဖောက်ချင်တိုင်းထထဖောက်လို့ရတဲ့ ဗိုင်းရပ်စ်ပိုးရောဂါရနေတဲ့ရောဂါသည်ပါပဲ။ ပြဿနာအရင်းအမြစ်ကို တခါတည်းခွဲစိတ်ခန်းဝင်ပြီးလည်း ဖြတ်ထုတ်လို့မရခဲ့၊ တဖြည်းဖြည်းကုသပေးရာမှာလည်း ဆေးပညာဘာသာရပ်စကားထဲက ပြောရရင် secondary infection ကို ကုသဖို့ကြိုးစားနေချိန် ရောဂါအရင်းမြစ်စစ်ဗိုင်းရပ်စ်ပိုးက ပြန်ထသွားတာပါပဲ။ အစကနေ ပြန်ကုသမှုကိုခံယူရဦးမယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ရောဂါ ကိုဗစ်တောင် maskကလေး တပ်လိုက်၊ လူတွေစည်းကမ်းတကျနဲ့နေလိုက်နဲ့ရောဂါကူးခံရရင် စနစ်တကျနဲ့ဖြစ်တဲ့ဝေဒနာအလိုက် ကုသပေးရင်းနဲ့ထိန်းရင်း နောက်ကွယ်မှာတော့ ကာကွယ်ဆေးဖော်ထုတ်တာကိုပဲ အင်တိုက်အားတိုက်လုပ်ခဲ့ကြတာပဲမလား။ ဒီလိုလမ်းကြောင်းမှန်မှုက အနာဂါတ်မှာ ကိုဗစ်ရောဂါဟာ ကြောက်စရာမလိုတော့တဲ့ လူသားတွေက အနိုင်ယူသွားမယ့်ရောဂါဖြစ်သွားမှာပဲ။ အသစ်က ပြန်ပြန်စစရာမလိုတဲ့ဘဝကိုရောက်ဖိို့က လိုအပ်ရင်ခဏတာပြန်လှည့်သွားရတဲ့ခရီးအတွက် နည်းနည်းမှဝမ်းနည်းစရာဖြစ်ဖို့မလိုတော့ဘူး။ ကျွန်တော်တို့ သင်ခန်းစာယူစရာတွေယူရင်း ခရီးနောက်ပြန်ပေမယ့် ဘဝအားဖြင့်ရှေ့ဆက်သွားတာပါပဲလေ။လမ်းကြောင်းမှန်မှုကသာ အရေးပါတာပါ။
ကျွန်တော်နဲ့အတူသွားတဲ့လူတွေဟာ ချင်းတောင်ကို ချောချောမွတ်မွတ်ရောက်သွားကြတဲ့သတင်းရပါတယ်။ ကျွန်တော်လည်း အချိန်မှီ ပြန်လှည့်နိုင်ခဲ့တဲ့အတွက် ရွေးထားတဲ့လမ်းကြောင်းပေါ် နောက်တဆင့်ရောက်နိုင်တဲ့အတွက် ဘဝအသစ်ကပြန်စရမယ့်အခြေအနေကနေ လွတ်ပြီး ရှေ့တိုးတဲ့ဘဝကိုရောက်ရှိခဲ့ပါတယ်။ နောက်တခေါက်ဆို ဘဝခရီးရော၊ လမ်းခရီးရောတွင်မယ့် ခရီးကိုလျှောက်ဖို့အဆင်သင့်ဖြစ်သွားခဲ့ပြီ။ ဒီနိုင်ငံအတွက် ကျွန်တော့်ဆုတောင်းကတော့ အစကနေ ပြန်ပြန်မစတော့ဖို့ပါပဲ။ လမ်းကြောင်းအရ နောက်လှည့်ခြင်းက သိပ်မကောင်းပေမယ့် နိုင်ငံရေးအရ ရှေ့တိုးခြင်းဖြစ်ဖို့တော့ မျှော်လင့်မိတယ်။
ရန်ကုန်ဖက်ပြန်လှည့်တဲ့နောက် လိုင်းပြန်ရတာနဲ့ စစ်ကိုင်းတိုင်းရဲ့တိုက်ပွဲသတင်းတွေ ဖတ်ရပါတော့တယ်။ သတင်းအနေနဲ့ဖတ်လိုက်ရချိန်မှာ အဲ့ဒီနေရာက ပြည်သူတွေရဲ့ မလုံခြုံတဲ့ခံစားချက်တွေ ဖုံးထားလို့မရတဲ့မျက်လုံးတွေကို မြင်ယောင်လာတယ်။ သူတို့ဘေးကင်းပါစေကြောင်းလည်း စိတ်ထဲကတီးတိုးရေရွတ်မိခဲ့တယ်။
ဆလိုင်းနံရံ
ဇန်၊ ၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar