Breaking News

စောဝေ - မေ့မရရပြီ စိတ်မှာစွဲ (အခန်းဆက် ဝတ္ထုတို)

စောဝေ - မေ့မရရပြီ စိတ်မှာစွဲ (အခန်းဆက် ဝတ္ထုတို) 
(မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၂၂

(၆)
ပြုနေကျဖြစ်သော ကမ္ဘာကြီးနဲ့ဆက်သွယ်မှုလုပ်ဖို့။ လမ်းလျှောက်ဖို့ ရေဒီယိုလေးကိုင်ပြီး အိမ်ပေါ်က ဆိုင်ကိုဖြတ် တံခါးဖွင့်လိုက်တော့ အုတ်ခုံမှာ ထိုင်နေတာ မြေးဟင်းနုနွယ်နဲ့ ကိုငှက် (ထူးအိမ်သင်) ကွမ်းတွေဝါးလို့။ လက်ထဲမှာ မဂ္ဂဇင်းစာအုပ်တွေနဲ့။

“ဟာ ကိုငှက်၊ ဒီကောင့်ကို နှိုးခိုင်းလိုက်ရောပေါ့”
“ငါးနာရီခွဲနဲ့ ခြောက်နာရီကြား လမ်းထလျှောက်နေကျလို့ ကလေးကပြောလို့ သူနဲ့ တော်ကီလွှတ်နေတာ၊ ဧည့်ဝတ်ကျေပါတယ်၊။ ခင်ဗျားကလေးက ဖြူးကွမ်းယာနဲ့ ဧည့်ခံထားတယ်၊ ကြိုက်တယ်ဗျာ”
“ဟေ့ကောင် မြေးဟင်းနုနွယ်၊ မင်းဘေးက ဘယ်သူလဲ သိလား”
“အစ်ကိုလေး ဧည့်သည်လေ”
“သေချာကြည့်ပါဦး”
“မြင်ဖူးသလိုလိုတော့ရှိသား အစ်ကိုလေး”
“အဆိုတော် ထူးအိမ်သင်လေ”
“ဟာ ...ဟာ ...ထူးအိမ်သင်၊ အမေ့ရဲ့ ဒုက္ခအိုးလေး”

အမေ့ရဲ့ဒုက္ခအိုးလေး အမေ့ရဲ့ဒုက္ခအိုးလေးလို့အော်ပြီး ဒီကောင် ထခုန်နေတော့တာပါပဲ။ ကိုငှက် လက်ကို ဖျစ်လိုက်၊ ထခုန်လိုက်နဲ့။
“ဦးထူးအိမ်သင်က အစ်ကိုလေးနဲ့ သိတယ်၊ ဟုတ်လား”
“သူငယ်ချင်းလေ ...”
“ဝိုး ..ဒို့သူဌေးလေးက ထူးအိမ်သင်နဲ့ သူငယ်ချင်းတဲ့”

ဒီကောင်အော်တာနဲ့ ကားထဲမှာအိပ်နေတဲ့လူက နိုးလာတော့တယ်။ မြေးဟင်းနုနွယ် ဆောက်တည်ရာမရတော့ဘဲ ပျာယာခတ်နေတော့တယ်။
“ဘယ်သွားမှာလဲ၊ ဘယ်သူပါလဲ”
“ဒီစာအုပ်နှစ်အုပ်ဖတ်ပြီး ဘာသီချင်းမှ ဆိုမရတော့ဘူး၊ အိုအေစစ်ကနေဘဲ ပြောစရာရှိလို့ ခင်ဗျားဆီလာတာ၊ သန့်ဇော်ပါတယ်။ အိုအေစစ်က အင်ဂျင်နီယာ သိတယ်မဟုတ်လား၊ ကားထဲမှာ အိပ်နေတယ်။ တညလုံး မအိပ်ရသေးဘူး၊ အိပ်မယ်ဗျာ။ ခင်ဗျား လမ်းလျှောက်စရာရှိတာ လျှောက်၊ အိပ်စရာပေးခဲ့”
“ရတယ်၊ ကျွန်တော့်အဖေ (ယောက္ခထီး) တည်းခိုးခန်းရှိတယ်၊ ကပ်ရက်ပဲ။ ခင်ဗျားစိတ်ကြိုက်နား”
“နိုးတဲ့အချိန် ခင်ဗျားမိန်းမ ရှမ်းမလက်ရာစားမယ်၊ ကျွန်တော့်မိန်းမ ကရင်မထက်သာတယ်၊ ဟား...ဟား..ဟား ...”

အဖေ့တည်းခိုခန်းမှာ အခန်းတစ်ခန်းယူပေးပြီး လမ်းဆက်လျှောက်လိုက်သည်။ ဇွန် မိုးလေးက တဖွဲဖွဲမို့ ထီးဆောင်းသွားရသည်။ မစ္စတာဂစတာမှာ ညတိုင်းတွေ့နေကျ မတွေ့တာကြာလို့လား၊ ဘာကိစ္စပါလိမ့်လို့ စိတ်မှာထင့်ရင်း လမ်းလျှောက်ဖြစ်သည်။

နေ့လယ် ၁၂ နှနာရီစွန်းစွန်းမှာ နိုးပြီး ထလာကြသည်။ လက်ထဲမှာလည်း ရွက်နုဝေမဂ္ဂဇင်းနဲ့ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းနှစ်အုပ်နဲ့။ ဆိုင်ထဲကို ဝင်လာတော့ ဆိုင်ထဲက စားနေသော စားသုံးသူပရိသတ်အချို့က နှုတ်ဆက်သဖြင့် ပြန်နှုတ်ဆက်သည်။ စကားကောင်းကောင်းပြောရဖို့ အဲကွန်းခန်းထဲကို ခေါ်လိုက်သည်။

“ကိုငှက် ဒီနေ့ ဇွန် ၁ ရက်နေ့ ခင်ဗျားမွေးနေ့ မဟုတ်လား”
“ဟာ...ပြဿနာပဲ၊ မိသွယ်ကို ဘုန်းကြီးကျောင်း၊ ဆွမ်းချိုင့်ပို့တာ လိုက်မယ်ပြောထားတာ၊ ဒီစာအုပ် ၂ အုပ်ကြောင့် မေ့ပြီး ခင်ဗျားဆီထွက်လာတာ၊ မိသွယ်ကို ဖုန်းခေါ်ပေးဦး”

ကြိုးဖုန်းဖြင့် အိပ်ချိန်းကို ဗီအိုင်ပီကောဟု ဘွတ်ကင်တင်လိုက်တော့ သူက ...
“ဘာလဲ ဗီအိုင်ပီကော”
“အမြန်ရတဲ့ အမြန်ကြေး အိပ်ချိန်းအော်ပရေတာကို ပေးရတဲ့ကောလို့ ပြောတာ” 

ဖုန်းရတော့ မိသွယ်ကို သူ ပြောသည်။
“မိသွယ်… အစ်ကိုလေး ကဗျာကိစ္စရှိလို့၊ ကိုစောဝေတို့ ဖြူးကိုရောက်နေတာ။ မနက်ဖြန် ရှိုးဆက်ဆက်ဆိုမှာနော်၊ သန့်ဇော်လည်း ပါတယ်၊ စိတ်မပူနဲ့။ အစ်ကိုလေး တောင်းပန်ပါတယ်၊ ကဗျာကိစ္စက အရေးကြီးနေလို့”

ဖုန်းပြောလို့ပြီးတော့ ...
“ထမင်းစားမယ့်ဟာ ဘာလို့ ကွမ်းတွေ စားနေရတာလဲ ကိုငှက်”
“ခင်ဗျား တပည့်လေ၊ အခန်းထဲကထွက်တာနဲ့ ကွမ်းထုပ်လေး ကိုင်စောင့်နေတာ၊ ဘာတဲ့ မြေးဟင်းနုနွယ်၊ ဘာနာမည်လဲဗျ”
“ဒီလိုပါဗျာ။ သူ့အဘွားက မနက်စောဆို ဒီဘက်က ဟင်းနုနွယ်ရမယ်ဆိုပြီး အိမ်ရှေ့က အမြဲဈေးအော် ရောင်းနေကျ ဆိုတော့ မိဘတွေလက်ထက်ကတည်းက အဘွားဟင်းနုနွယ်၊ သမီးဟင်းနုနွယ်၊ သူ့ကျတော့ မြေးဟင်းနုနွယ်လို့ ဆက်ခေါ်ကြတာ၊ သူ့နာမည် ဖြူဖွေးတဲ့ ဘယ်သူမှ မခေါ်ဘူး”
“သြော် ဒီလိုလား၊ ဘာဟင်းနဲ့ စားရမလဲ”
“ခင်ဗျား ကြိုက်ရာပြော ဝက်သရက်သီးနှပ် ချက်ပေးမယ်လေ”
“အမေ့လက်ရာ ခင်ဗျာမိန်းမ မမီပါဘူးဗျာ၊ အခြားဘာရှိ ဝက်နဲ့ပတ်သက်တာ”
“ဝက်ပုန်းရည်”
“အိုကေ ဝက်ပုန်းရည်”

ကိုသန့်ဇော်ပါ စားမှာဖြစ်သဖြင့် ဝက်ပုန်းရည် နှစ်ယောက်စာမှာလိုက်သည်။ ဇနီးက သူကိုယ်တိုင်ချက်ပြီး လာချပေးသည်။

“ကလေးတွေ နေကောင်းလား” ဟု နှုတ်ဆက်တော့ ဇနီးက…“ကောင်းတယ် ကိုငှက်” ဟု ပြောပြီး ကောင်တာကို ပြန်သွားသည်။ 

သူ့ထုံးစံအတိုင်း ပဲနှပ်နဲ့သုံးလုတ်၊ ကြက်ဟင်းခါးသီးကြော်နဲ့ သုံးလုတ်၊ မျှစ်ကြော်နဲ့ သုံးလုတ်၊ ငါးပိထောင်းနဲ့ သုံးလုတ် ဟင်းရံတွေ သုံးလုတ်စီ လက်ဖြင့်အားရပါးရ စားပြီးမှ ဝက်ပုန်းရည်၊ ကြက်ကာလသမီးဂွေးတောက်တို့ဖြင့် စားသည်။ သုံးပန်းကန်ကုန်အောင် စားသည်။ ထမင်းကို ကျွေးရသူ ဝမ်းသာကျေနပ်စေသည်။ ထမင်းကို အမြဲစားဖို့ အာရုံမရှိသူ၊ စားဖြစ်ရင်တော့ ကျကျနန အားရစရာဖြစ်အောင် စားတတ်တာ ကိုငှက်အကျင့်။ စာပြီးတော့ ကိုသန့်ဇော်က စက်ဘီးစီးပြီး ဟိုနား ဒီနားသွားဖို့ ထွက်သည်။

“ဆေးလိပ်သောက်လို့ ရလား”
“ရတယ် အိပ်ဇော့ဖန် ဖွင့်လိုက်မယ်”

ဆေးပေါ့လိပ်ကို မီးညှိပြီး စကားစသည်။

“ခင်ဗျားကို ကိုအောင်ဝေး ကဗျာပါကတည်းက တွေ့ချင်နေတာ၊ မစ္စတာဂစ်တာရောက်တော့ နေမျိုးဆေးကို မေးမေးနေတာ ကြာပြီ။ နောက်မှ ဝိတ်တာလေး မောင်သန်းနိုင်ကပြောလို့ သိရတာ၊ ခင်ဗျားကို ဖြူးမှာ စစ်ထောက်လှမ်းရေးက ခြေချုပ်တစ်နှစ် ချထားတယ်ဆိုတာ၊ အခုရော”
“ခြောက်လ ခုနစ်လလောက် ရှိပြီဆိုတော့ လက်မှတ်တော့ မထိုးရတော့ပါဘူး။ ကျွန်တော်ထက် သူတို့က သစ်ကားတွေပဲ စောင့်ကြည့်ချင်ကြတာလေ။ ဖြူးမြို့ကို တစီးဖြတ်ရင် တစ်သိန်းရတာကိုး။ တလ နှစ်လလောက်ဆို ရန်ကုန်လာလို့ ရမှာပါ။ ယောက္ခထီးပါဝါကလည်း ရှိတယ်၊ ကညွှတ်ကွင်းက ဗိုလ်ချုပ်က အဖေ သိုင်းပညာသင် ပေးခဲ့ရတဲ့ တပည့်လေ။ ပြီးတော့ မ.ဝ.တ ဥက္ကဋ္ဌတို့ တပ်ရင်းမှူးတို့ ဆိုတာတွေက အဖေနဲ့ မကင်းကြဘူးဗျ။ စားသောက်ဆိုင်တွေ၊ တည်းခိုခန်း၊ ဆန်စက်ကားကလည်း ရှစ်စီးလောက် ရှိတယ်၊ ရှမ်းသိုင်းဆရာ၊ ဆေးဆရာကြီး၊ မြို့မိမြို့ဖ၊ ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ ဘိုးဘွားရိပ်သာ၊ မီးသတ် သူ့အလှူနဲ့ကင်းတာ တစ်ခုမှ ဒီမြို့နယ်မှ မရှိဘူး။ အဲဒီအာဏာပိုင်တွေ နောက်ဆုံးပေါ်ကား၊ နောက်ဆုံးပေါ်နံပါတ် အလကားစီးချင်ရင် အဖေ့ဆီ လာရတာလေ။ နောက်လလောက်ဆို ရန်ကုန် ဆင်းလာလို့ ရမှာပါ”

“ပြောစမ်းပါဦး၊ ရွက်နုဝေထဲက ကိုအောင်ဝေးရဲ့ ဒိုင်ယာရီကို ဝိုင်းတွယ်နေကြတဲ့ကိစ္စ ဖတ်ပြီးပြီ မဟုတ်လား”
“အားလုံး ဖတ်ပြီးပါပြီ၊ ရုပ်ရှင်တေးကဗျာထဲက ဆောင်းပါးကတော့ လူပုဂ္ဂိုလ်ပါချတဲ့သဘော ဖြစ်နေတယ်”
“အဲဒါ ပြောချင်တာ မအေလိုးတွေကို၊ ဆင်းရဲ ချမ်းသာနဲ့ အနုပညာ မကွဲကြတာလေ။ အောင်ဝေးက ပိုက်ဆံလိုချင်တာနဲ့ ရေးတယ်ဆိုတဲ့အပေါက်မျိုး၊ ခံစားဝေဖန် သုံးသပ်ပိုင်းခြားတဲ့ ဝေဖန်ရေးသမားတွေ မရှိလို့ အနုပညာအမျိုးမျိုး မတိုးတက်တာ”
“ဘယ်အနုပညာမဆို တစ်- ခေတ်ကို ထင်ဟပ်ရတယ်။ နှစ်- ခံစားရမယ် ဖန်တီးသူရော၊ စာဖတ်သူပါပေါ့။ သုံးက အသစ်ဖြစ်ရမယ်၊ ဒါမှ အနုပညာဖြစ်မယ်၊ အနုပညာ စာအဖြစ် အဖတ်တင်ရမယ်လေ”
“သိပ်မှန်တာပေါ့၊ ကျွန်တော်တို့ ဂီတလည်း သီချင်းတစ်ပုဒ်မှာ Vocal အဆိုနဲ့ Music အတီးရယ်လို့ နှစ်ပိုင်းရှိတယ်။ အတီးပိုင်းဖွဲ့စည်းမှုမှာ Harmony ၊ Rhythm ၊ Melody ဖွဲ့စည်းမှုနဲ့ အဆိုသမားရဲ့ Inspiration ဉာဏ်ကွန့်မြူးမှု၊ Mood စိတ်ခံစားမှုအခြေအနေ၊ Style ပုံစံအမူအရာက အနုပညာဖြစ်ရတာ။ ကဗျာလည်း ခင်ဗျား ပြောသလို ခံစားတယ်၊ ခေတ်ကို ထင်ဟပ်တယ်၊ အသစ်ဖြစ်တယ်၊ အတူတူပဲလေ၊ အနုပညာမြောက်ဖို့ ဆိုတာ။ အသစ်ကို အမြဲစမ်းသပ်နေရတယ်၊ တီထွင်နေရတယ်၊ ဒါမှ ပရိသတ်ရဲ့ ခံစားမှုကို လတ်ဆတ်နေမှာလေ။ ကဗျာလည်း ဒီလိုပဲပေါ့။ ကိုအောင်ဝေးက မော်ဒန်ပို့စ်မော်ဒန်ကနေ စကားပြေကဗျာကို စမ်းသပ် အသစ်ထွင်တာလေ။ အဲဒီလို အနုပညာကို နားလည်ဖို့၊ လိုက်မီဖို့ မကြိုးစားကြဘဲနဲ့ ပွဲဆူပြီးရော စာမျက်နှာတွေပေါ် သူများ ချပြီး ထင်ပေါ်ရင်ပြီးရော ဝေဖန်နေကြတာ စိတ်ပျက်လွန်းလို့”
“ဒါဆို ကိုငှက် အနုပညာကို ဝေဖန်ဖို့ဆို ဝေဖန်ရေးသမားတွေအတွက် ဘာလိုမလဲ”
“လူတိုင်း နားလည်အောင် ပြောရရင်တော့ အနု့ပညာသမားရဲ့ (၁) စိတ်လှုပ်ရှားတိုးထွက်မှုကို ခံစားနားလည်နိုင်မှု၊ (၂) ခံစားမှုစိတ်အဟုန်၊ (၃) ဟန်မလုပ်ထားသော ဟန်ပန်နဲ့ ရိုးသားမှုစွမ်းအင် Style ကို သိအောင်လုပ်ပြီးမှ အတတ်ပညာနဲ့ ဝေဖန်ပေါ့၊ ဒါဆို ခေတ်အဆက်ဆက် တိုးတက်တဲ့ အနုပညာတွေ ထွန်းကားမယ်”
“ခင်ဗျားနဲ့ ဦးစောနုနဲ့ အငြင်းအခုံတုန်းကလည်း ခင်ဗျား သဘောထားတွေ ကျွန်တော်နဲ့ ထပ်တူကျပါတယ်။
ဂီတကို ဖန်တီးတဲ့နေရာမှာ ပညာကို အခြေခံထားတာထက် ရင်ဘတ်ကို အခြေခံရမှ ခိုင်မြဲမယ်ဆိုတာ။ ဒီကိစ္စလည်း ခင်ဗျား ကိုအောင်ဝေးဘက်က ပြောခဲ့တာတွေ ဆောင်းပါးရေးလိုက်ပါလား”
“ရေးချင်တာပေါ့၊ ကျွန်တော်က အဆိုတော်ထူးအိမ်သင်လေ၊ ကဗျာဆရာ ထူးအိမ်သင်မဟုတ်ဘူး။ ကဗျာဆရာ ခင်ဗျားကို ဒါတွေ ရေးစေချင်လို့ ခင်ဗျားဆီလာတာ၊ ခင်ဗျားရေးပါ”
“ရေးစေချင်လည်း ရေးတာပေါ့ဗျာ။ ရန်ကုန်ရောက်မှ ကိုအောင်ဝေးနဲ့ စကားပြောလိုက်ဦးမယ်၊ မစ္စတာဂစ်တာ တနေ့ ကျွန်တော်တို့ သုံးယောက် ချိန်းကြမယ်လေ”

ဆရာကြီး ဒဂုန်တာရာ၊ ဆရာမင်းသုဝဏ်၊ ဆရာတင်မိုး၊ ဆရာဇော်ဇော်အောင်၊ ဆရာမောင်သာနိုး၊ ဆရာသုခမိန်လှိုင်၊ ဆရာမောင်ချောနွယ်၊ ဆရာအောင်ခြိမ့်၊ ဆရာမြသန်းတင့်၏ ဇီမာလမ်းဆုံထိ ပြောဆိုဖြစ်ကြတော့ ညနေ ၄ နာရီကျော်လေပြီ။ ခေတ်စမ်း၊ ခေတ်ပေါ်၊ ခေတ်လွန်မှ စကားပြေကဗျာအထိ ကဗျာ အနုပညာအရွေ့နှင့် စာဖတ်သူတို့၏ အထူအပါး ခံစားမှုများထိ မဝတမ်း ပြောနေဖြစ်ကြသည်။ ကိုသန့်ဇော် ပြန်ရောက်လာတော့ ဆေးလိပ်ဖင်စီခံကို ကိုက်လိုက် လက်သည်းကိုက်လိုက် ဖြစ်လာသည်။ ဇက်တွေ ခေါင်းတွေ ဘယ်ညာချိုးလိုက်၊ ခေါင်းကို တဗျင်းဗျင်းကုတ်လိုက် အဆက်မပြတ်လုပ်လာသည်။ ဒါနဲ့ ...
“ကိုငှက် ဘီယာ၊ ဝီစကီ ဘာသောက်မလဲ”
“နိုး… ကဗျာဆရာ ခင်ဗျားဖားသား တည်းခိုခန်းက ဗိုလ်ထိုင်အိမ်သာ မရှိဘူးလား”
“မရှိဘူး၊ လိုင်စင်က အခုမှရခါစဆိုတော့ တောတည်းခိုခန်းလိုပဲ ဘုံအိမ်သာနဲ့ပဲ၊ ရေချိုးခန်းအိမ်သာ တွဲရက် မလုပ်ရသေးဘူး”
“မြို့ထဲရော”
“ရှိ၊ မရှိ မသိဘူး”
“လာဗျာ ကားမောင်းရင်း စကားပြောရင်း သွားမေးရအောင်၊ သန့်ဇော် လာသွားမယ် မင်း မောင်း”

မြို့ထဲရောက်တော့ သူ့ကို ကားပေါ်မှာပဲထားခဲ့ပြီး သွားမေးတော့ မရှိ။ အထက်ဆက်သွားမလား၊ အောက်ဆင်းမလားဆိုတော့ ရန်ကုန်ဘက်ပဲ ဆင်းဗျာဆိုတာနဲ့ ကညွတ်ကွင်းမှာ မေး၊ မရှိ။ ဆက်သွား ပဲနွယ်ကုန်းမှာ မေး၊ မရှိ။ ဆက်သွား၊ ကျောက်တံခါးမှာမေးလည်း ဗိုလ်ထိုင်အိမ်သာနဲ့တွဲရက် အခန်းကမရ ဒီတော့ ....

“ကိုငှက် ဒီပုံဆို ပဲခူးကျမှ ရွှေဝါထွန်းဟိုတယ်ပဲ ရနိုင်တယ်”
“ပဲခူးတော့ ရန်ကုန်ပဲ ပြန်တော့မယ်။ ကဗျာဆရာ ခင်ဗျားကို ပြန်ပို့မယ်”
“မပို့နဲ့ ကိုငှက်။ အိမ်ကကားကို ဖုန်းဆက်ခေါ်လည်း ရတယ်၊ ဆိုင်ကယ် ကယ်ရီငှားလို့လည်း ရတယ်၊ ဒီမြို့တွေက ကျွန်တော် ကုန်သွယ်ဖက်အမျိုးတွေချည်းပဲ၊ ထားခဲ့”
“ခင်ဗျား အပိုင်စားပေါ့”
“ထားပါတော့၊ ခင်ဗျားကို မေးဦးမယ်၊ ခင်ဗျား ယင်းကိုက်နေတာ မဟုတ်လား”
“မလိမ်ပါဘူးဗျာ”
“တခါတလေလေး မလုပ်ဘဲ ကျော်ကြည့်လိုက်ပါလား”
“အနုပညာဖန်တီးနေရင် အဲဒီမုဒ်နဲ့ နေလို့ရတယ်၊ ပစ္စည်းကလည်း ရှိနေ အားနေရင် ဆွဲလိုက်ရမှဗျ”
“ကိုကြွက်ပြောတဲ့ နတ်ပြည်လား”
“ဒီမယ် ကဗျာဆရာ၊ ကျွန်တော်က ငပျင်းဗျ ငပျင်း။ ခင်ဗျားတို့လို နိဗ္ဗာန်ကို ကျင့်ကြံပြီး သွားချင်တာမဟုတ်ဘူး၊ ဖြတ်လမ်းကသွားချင်တာ ဆွဲလိုက်ရင် နိဗ္ဗာန်သေးသေးလေး ရတာဗျ။ သွားပြီဗျာ”

ရန်ကုန်-မန္တလေး ကားလမ်းပေါ် ရပ်ပြောနေရာမှ ကိုငှက် ကားပေါ်တက်သွားတယ်။ ခဏနေတော့ ပြန်ဆင်းလာတယ်။

“ကဗျာဆရာ ခင်ဗျားကို ကဗျာဆရာ အနုပညာသမားလို့ မသိတဲ့နေရာကြီးမှာ အကြာကြီးမနေနဲ့ဗျာ။ ရန်ကုန်မှာ ခင်ဗျားကို အလိုရှိပါတယ်။ အမြန်ပြန်လာဗျာ”
“ပြန်လာမှာပါ၊ ဟေ့ ကိုငှက်၊ မိသွယ်ကို ကျွန်တော့်ဆီရောက်တယ်လို့ ပြောထားပြီးပြီနော်၊ ကျွန်တော် ခေါင်းစဉ်နဲ့ လျှောက်သွားမနေနဲ့ဦး၊ မိသွယ်ဆီ အရင်သွားဗျာ”

OK လို့ လက်မထောင်ပြီး ပဲခူးရိုးမ ဆည်းဆာချိန်လေးမှာ သူ့ကို ထူးအိမ်သင်လို့ သိသူများက ထူးအိမ်သင်လို့ ဝိုင်းခေါ်ကြတော့ လက်လေးပြပြီး ကားပေါ်တက် ရန်ကုန်ဘက်ကို မောင်းသွားခဲ့ပြီ။


အပိုင်း (၃) ဖတ်ရှုလိုပါက 

ဆက်လက်ဖော်ပြပါမည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar