Breaking News

ဗေဒါညို - တက်ထောင်ဖို့ အဆင်သင့်ပါ

ဗေဒါညို - တက်ထောင်ဖို့ အဆင်သင့်ပါ
(မိုးမခ) ဇန်န၀ါရီ ၄၊ ၂၀၂၂

မနေ့က Negative ဖြစ်သွားလို့ မြို့တော်ဆေးရုံကဆင်းခွင့်ရပါတယ် ။အခုတော့ အိမ်ကိုပြန်ရောက်ပြီး အိုကေသွားပြီဗျ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ဖျားပါတယ်။ ရေချိုးတာ သတိမထားမိလိုက်တော့ အအေးမိသွားဟန်တူပါတယ်။ ဆေးခန်းသွားရတာပေါ့။ ဒါပေတဲ့ လေဒီကစိတ်ပူပြီး ကိုဗစ်စစ်လိုက်တော့ သူရော ကိုယ်ရော P ပြနေလို့ မြို့တော်ဆေးရုံကိုသွားရတော့တယ်။ ဆေးရုံရောက်တာနဲ့ ဆက်လက်စစ်ဆေးလိုက်တဲ့အခါ အဆုပ်ယောင်တာပါ တွေ့လိုက်ရတယ်။

ကိုဗစ်ဖြစ်တယ်ကြားရလို့ ရပ်ဝေးမှာနေတဲ့သမီးတွေကလည်း စိတ်ပူကုန်ကြတယ်။ သတင်းကြားရတဲ့မိတ်ဆွေတွေကလည်း တယ်လီဖုန်းဆက်မေးကြ။ အားပေးကြပါတယ်။ အစားအသောက်လည်း မပျက်ပါ။ အောက်ဆီဂျင်နဲ့ အသက်ရှူနှုန်းကလည်း အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။အခုဖြစ်တဲ့ကိုဗစ်က တတိယလှိုင်းလား စတုတ္ထလှိုင်းလား ဘယ်လှိုင်းကြောင့်မှန်း မ​သိပါဘူး။ အရေးထဲ လေဒီက ကျွန်တော်က နေ့တိုင်းအပြင်ထွက်နေလို့ ကျွန်တော်ကြောင့် သူပါ ကိုဗစ်ဖြစ်ရတယ်ဆိုပြီး​ အပြစ်တင်နေလို့ စိတ်တိုရသေးတယ်ဗျ။ တကယ်တော့ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးဖြစ်ပေမယ့် ကိုဗစ်ဆိုတာ ဘာမှမသေချာ သူကူးချင်ရင်ကူးတာပါပဲဆိုတဲ့အဖြေကို ရလိုက်ပါတယ်။ အဲတော့ ကိုယ်ခံအားကျတဲ့အချိန်မျိုးမှာရောဂါကူးစက်ဖို့ ရာခိုင်နှုန်းများသွားပါပြီ။

ဆေးရုံတက်နေရတဲ့အချိန်မှာ အိပ်ရာပေါ်မှပဲခွေနေရင်း ဟိုတွေး ဒီတွေးပေါ့။ ကိုဗစ်ကြောင့် ဆုံးသွားကြရရှာတဲ့မိတ်ဆွေတွေကိုလည်း သတိရနေမိတယ်။ ပြီးတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်က အဖေဆေးရုံတက်တာကိုတွေးမိလိုက်တော့ ပြုံးမိရပြန်တယ်။ အဲဒီတုန်းက ကျွန်တော့်မှာ စိတ်တွေပူပြီး ပျာတောက်နေပါတယ်။ အဲဒါကို အဖေက မျက်စိနောက်နေဟန်တူရဲ့။ ကုတင်ပေါ်ကနေလှမ်းခေါ်လိုက်ပြီး ဟေ့ကောင် ပျာယာခတ်မနေနဲ့ သေတာကဘာမှမဆန်းဘူးလို့​ ဟောက်ထည့်လိုက်တယ်ဗျ။

အဖေက အသက် ၈၃ နှစ်အထိ နေသွားခဲ့တယ်။ ကျွန်တော်တော့ အဖေ့အသက်အရွယ်အထိ နေခွင့်ရပါ့မလား မပြောတတ်ပါဘူး။ နို့ပြီး အသက်ရှင်သန်ခွင့်နဲ့ မပြီးပြတ်သေးတဲ့အလုပ်တွေအကြောင်းတွေးလိုက်တော့ နည်းနည်းချွေးပျံသွားပါတယ်။ ရေးလက်စ လုံးချင်းဝတ္ထုကြီးကလည်းရှိနေသေးတယ်။ ခေတ်နဲ့အတူဖြတ်သန်းလာခဲ့တဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီးရေးနေတာမို့ ပြည်တော်ဝင်သီချင်းမဆိုနိုင်သေးသ၍ ကိုယ့်ဝတ္ထုက အဆုံးသတ်ဖို့ ခွကျနေသဗျ။

ကိုဗစ်က တော်တော်ဆိုးပါတယ်။ ရောဂါဖြစ်လိုက်လို့တော့ မချောင်ပါ။ ငွေအားနဲ့ လူအားပြည့်စုံမှသာ ပြန်လည်နလံထူနိုင်မှာပါ။ ကျွန်တော်တို့နိုင်ငံခမျာမှာတော့ တစ်ခြားနိုင်ငံတွေလို ကိုဗစ်ဖြစ်ရုံသာမကဘဲ စစ်ဘေးနဲ့ကြုံတွေ့နေရတယ်။ ဖေ့စ်ဘွတ်ဖွင့်လိုက်တာနဲ့ စိတ်ဆင်းရဲစရာတွေချည်းတွေ့နေရတာပါပဲဗျာ။ နို့ပေမယ့် အားလျော့စရာမလိုပါဘူး။ အောက်ဆုံးရောက်ပြီးရင် ပြန်တက်လာရစမြဲပဲမဟုတ်ပါလား။

ကိုဗစ်ဟာ အဆိုးရွားဆုံးရန်သူမို့ သူနဲ့ ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်လို့ မရပါဘူး။ ဒင်းကို အမျိုးပြတ်အောင်ဆော်ဖို့လိုပါတယ်။ ဂျီဇက်တို့ ဂျီဝိုင်တို့လို မျိုးဆက်တွေရဲ့နောက်က ကိုယ်လည်းတတ်နိုင်သလောက် ပါဝင်ကြရမှာပေါ့။ အဲတော့ အိမ်မှာအနားယူ အားမွေးရင်းနဲ့ အရေးတော်ပုံ အောင်ရမည်လို့ ခပ်တင်းတင်းကြွေးကြော်လိုက်ရပါတယ်။ အားပြည့်လာလို့တော့ တက်ထောင်ဖို့အဆင်သင့်ပဲခင်ဗျ။ လူကိုများ ဘာမှတ်နေလဲဟွန်း ...။

ချစ်မိတ်ဆွေများအားလုံး ဘေးရန်ခပ်သိမ်း ရောဂါခပ်သိမ်းမှ ကင်းဝေးကြပါစေ။

ဗေဒါညို

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar