Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၃ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၃ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၂

ဒီနေ့ဟာ လွတ်လပ်ရေးနေ့ မတိုင်ခင် တရက်ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့ဆိုတာ အင်္ဂလိပ်ကိုလိုနီအဖြစ်က လွတ်မြောက်တဲ့နေ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့နံနက် ၄နာရီ ၂၀ မိနစ်မှာ လွတ်လပ်ရေးအလံလွှင့်တင်ပြီး လွတ်လပ်ရေးအခမ်းအနားနဲ့ ဆယ်စုနှစ်ပေါင်းများစွာ တောင့်တခဲ့ကြတဲ့ ကိုလိုနီလက်အောက်က လွတ်မြောက်ခြင်းနေ့ထူးနေ့မြတ်အဖြစ်မှတ်ယူပြီး အနာဂတ်မြန်မာနိုင်ငံကိုထူထောင်ဖို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ 

၁၉၄၈ ခုနှစ် လွတ်လပ်ရေးကြေညာစာတမ်းရဲ့ နောက်ဆုံးစာပိုဒ်မှာ ဖေါ်ပြထားတာက “သိကြကုန်လော့၊ ယနေ့ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝလွတ်လပ်ရေးကို ငါတို့ပြန်၍ယူပြီ။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေးအဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်မည်၊ ငါတို့သည် လွတ်လပ်သောနိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သောနိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်မည်၊ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။” လို့ဖေါ်ပြထားပါတယ်။ 

ဒီစာသားတွေကို မြန်မာစာပေနယ်က ထင်ရှားတဲ့ပညာရှင်တွေဖြစ်တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဆရာဇေယျ၊ ဆရာတက်တိုးနဲ့ ဆရာတင့်တယ်တို့ စုပေါင်းရေးသားခဲ့ကြတယ်လို့ မှတ်တမ်းမှတ်ရာများမှာ ဖေါ်ပြထားပါတယ်။ 

အထက်ပါစာပိုဒ်ရဲ့ အစပိုင်းမှာ “တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေးအဆင့်အတန်း တူညီသည့် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ” လို့ပါရှိပါတယ်။ 

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဟာ လွတ်လပ်ရေးကြေညာစာတမ်းမှာပါသလို မျှော်လင့်ထားသကဲ့သို့  အနာဂတ်ခရီးလမ်းက မဖြောင့်ဖြူးခဲ့ဘူးလို့ ဆိုရမယ်ထင်ပါတယ်။ တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေးအဆင့်အတန်း တူညီသည့်ဆိုပြီး ဖေါ်ပြထားပေမယ့် မြန်မာ့လွတ်လပ်ရေးခရီးအစမှာပဲ တိုင်းရင်း သားလူမျိုးစုကြီးတစုဖြစ်တဲ့ ကရင်လူမျိုးတွေနဲ့ နိုင်ငံရေးအရ ပဋိပက္ခဖြစ်ပြီး ပြည်တွင်းစစ်က နောက်တနှစ်အကြာမှာ ဖြစ်ပွားခဲ့ပါတယ်။ ကရင်လူမျိုးတွေနဲ့ နိုင်ငံရေးပဋိပက္ခ စစ်ရေးပဋိပက္ခ မဖြစ်မီ နိုင်ငံရေးအယူဝါဒကွဲပြားတဲ့ လက်ဝဲဝါဒယုံကြည်တဲ့ အင်အားစုတွေဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဖဆပလအကြား ပြဿနာတွေကနေ အဲဒီလွတ်လပ်ရေးရပြီး ၂ လကျော် ၃ လနီးပါးအတွင်း တောခိုခဲ့ကြတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပါတယ်။ 

ဒီနေ့ တည်ရှိနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေထဲက တခုဖြစ်တဲ့ ကေအန်ယူအဖွဲ့ဟာ လွတ်လပ်ရေးရပြီး နောင်နှစ်မှာ ပေါ်ထွက်လာခဲ့ကာ အဲဒီနှစ်မှာပဲ အခြားတိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့လောက် စတင်ထွက်ပေါ်လာခဲ့လို့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဟာ လွတ်လပ်ရေးရဲ့ သက်တမ်းနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ 

၁၉၄၉ ခုနှစ် နဲ့ ၁၉၅၀ ခုနှစ်တွေက မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီး အရှိန်ပြင်းဆုံး တောက်လောင်ခဲ့တဲ့ နှစ်တွေလို့ ဆိုရမယ့် နှစ်တွေ ဖြစ်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ လက်တွဲပါဝင်ခဲ့ကြတဲ့သူတွေ ဘီအိုင်အေ၊ ဘီဒီအေခေတ်မှာ အတူတူပါဝင်ခဲ့ကြသူတွေ နိုင်ငံရေးအယူအဆကွဲပြားမှုကို အကြောင်းပြုပြီး လက်နက်ကိုင် တိုက်ခိုက်ကြ မြို့တွေ သိမ်းယူကြ ရန်ကုန်ကို သိမ်းနိုင်အောင် ကြိုးပမ်းကြတဲ့ကာလ ဖြစ်ပါတယ်။ လွတ် လပ်ရေးရခါစ အဲဒီကာလမှာ ဖွဲ့စည်းခဲ့တဲ့ အစိုးရစစ်တပ်က နိုင်ငံရေးအယူအဆကွဲလွဲသွားတဲ့ အရင်လုပ်ဖေါ်ကိုင်ဖက်ဟောင်းတွေ၊ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တွေကို တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး ပြည်တွင်းစစ်ကို ကျော်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီ သမိုင်းတွေ ဒီအချက်အလက်တွေ ဘာကြောင့် ပြန်ရေးပြနေရသလဲဆိုရင် လက်ရှိမြန်မာနိုင်ငံရောက်နေတဲ့ အခြေအနေဟာ လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်ကရရှိခဲ့တဲ့ လွတ်လပ်ရေး အရသာကို ကောင်းစွာခံစားရတဲ့အခြေ အနေမျိုးမဟုတ်သလို သာတူညီမျှ တန်းတူအခွင့်အရေးရတဲ့ နိုင်ငံတော်လည်းမဟုတ်သေးပဲ ပြည်တွင်းစစ်နွံထဲက နှစ်ပေါင်း ၇၀ ကျော်အတွင်း လွတ်မြောက်အောင်ရုန်းမထွက်နိုင်ခဲ့ကြရုံမျှမက အခုတဖန် ပြည်တွင်းစစ်နွံထဲပိုမိုနက်ရှိုင်းစွာ ပြန်လျောဆင်းနေတဲ့ အခြေအနေဖြစ်လို့ လွတ်လပ်ရေးအခါသမယမှာ အတိတ်သမိုင်းကို ပြန်သုံးသပ်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရပြီးခါစ ပြည်တွင်းစစ်အစပိုင်းကာလမှာ ကိုလိုနီခေတ်လွတ်လပ်ရေးကြိုးပမ်းမှုမှာ ခေါင်းဆောင်ခဲ့ကြတဲ့ ဖဆပလအဖွဲ့ကြီးထဲက  နိုင်ငံရေးခေါင်းဆောင်တွေက နိုင်ငံကို စီမံခန့်ခွဲနိုင်ခဲ့ပေမယ့်လည်း ပြည်တွင်းစစ်က နှစ်နဲ့ချီ သက်တမ်းရှည်ကြာလာသည်နဲ့ အမျှစစ်တပ်ထဲက ခေါင်းဆောင်တွေရဲ့ အမြင်မှာ နိုင်ငံရေးသမားတွေ အတွက်သူတို့က အလုပ်အကျွေးပြုနေရတဲ့ သဘောမျိုး၊ နိုင်ငံရေးအာဏာကို သူတို့ကိုယ်တိုင် စီမံခန့်ခွဲနိုင်တယ်ဆိုတဲ့ အမြင်တွေပိုမိုကြီးစိုးလာပြီး ဖဆပလထဲက နိုင်ငံရေးသမားတွေ အုပ်စုအကွဲ ၁၉၅၈ မှာ စစ်တပ်ကအာဏာသိမ်းပြီး အုပ်ချုပ်မယ့် လမ်းကြောင်း အစပြုခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်ဟာ အိမ့်စောင့်အစိုးရကို ဖဆပလ ခေါင်းဆောင် ဦးနုကလွှတ်တော်မှာ အာဏာလွှဲအပ်ခဲ့တယ်ဆိုပေမယ့် တကယ့်နောက်ကွယ်က ဖြစ်ရပ်က နိုင်ငံရေးခေါင်းဆောင်တွေ အကွဲမှာ တပ်ကအာဏာသိမ်းမယ့် အန္တရာ​ယ်ကို အဆိုပါ အိမ့်စောင့်အစိုးရဆိုတာ ဖွဲ့စည်းပြီးရှောင်လွှဲခဲ့ကြတာ ဖြစ်ပါတယ်။ 

နောက်တဖန် ၁၉၆၀ ရွေးကောက်ပွဲလုပ်ဆောင်အပြီး တက်လာတဲ့ သန့်ရှင်း ပထစအစိုးရကို ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတဲ့ဖြစ်ရပ်အပြီး မြန်မာနိုင်ငံဟာ နှစ် ၂၀၊ ၃၀ အကြားတကြိမ် စစ်အာဏာသိမ်းမှုဖြစ်တဲ့ အဆိုးသံသရာထဲကျဆင်းခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီသမိုင်းကို လေ့လာသင်ခန်းစာယူစရာ အချက်တွေကတော့ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေအကြား သဘောထားကွဲလွဲမှု ရှိကြမှာ အယူဝါဒမတူညီကြမှာ သဘာဝပေမယ့် ဒီမိုကရေစီစနစ်ကို ထိန်း ချုပ်မယ့် နိုင်ငံရေးအာဏာကို ချုပ်ကိုင်အသုံးချမယ့် စစ်တပ်ကို နိုင်ငံရေးနယ်ပယ်ထဲ မပါဝင်လာစေဖို့ရာမှာတော့ နိုင်ငံရေးသမားတွေ အနေနဲ့ စည်းလုံးမှု ညီညွတ်မှုရှိဖို့လိုအပ်တယ်ဆိုတဲ့ အချက်တချက်၊ တိုင်းရင်း သားလူမျိုးစုတွေရဲ့ တန်းတူအခွင့်အရေး ကိုယ်ပိုင်ပြဌါန်းခွင့်ဆိုတာကို နိုင်ငံရေးသမားတွေ၊ ပါတီတွေအနေနဲ့ နှုတ်နဲ့တင်မဟုတ်ပဲ လက်တွေ့မှာပါ လက်ခံနိုင်ဖို့ အရေးကြီးတယ်လို့မြင်ပါတယ်။ 

အဲလိုမဟုတ်ခဲ့ရင် တိုင်းရင်းသားအရေး လူမျိုးစုလွတ်မြောက်ရေးလှုပ်ရှားမှုက လွတ်လပ်ရေးရတဲ့ဆီကနေ ခုအချိန်ထိ ဆယ်စုနှစ် သက်တမ်းရှည်ကြာရှိခဲ့သလိုပဲ နောက်ဆယ်စုနှစ်တွေလည်း ရှိနေဦးမယ်ဆိုတာကို သဘောပေါက်ဖို့ လိုအပ်ပါလိမ့်မယ်။ 

လတ်တလော လက်နက်ကိုင်တိုက်ပွဲတွေ ပဋိပက္ခတွေဟာ အတိတ်ကသမိုင်းကြောင်းတွေမှာ အခြေပြုခဲ့တယ်ဆိုတာ မမေ့ဖို့ အလွန်အရေးကြီးပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar