Breaking News

ဆိုင်းဗျူ - သစ်ရွက်တွေကိုကိုင်ကြည့်ချင်တယ်၊ အသက်ရှူခက်နေတဲ့ အသက်ရှူသံများ

ဆိုင်းဗျူ - သစ်ရွက်တွေကိုကိုင်ကြည့်ချင်တယ်၊ အသက်ရှူခက်နေတဲ့ အသက်ရှူသံများ
(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၂၂

"ထောင်ထဲမှာသစ်ပင်မရှိတော့ သစ်ရွက်တောင် ကိုင်ကြည့်ချင်လာတယ်။ အုတ်နံရံတွေပဲတွေ့ မြင်နေရတာဆိုတော့ စိမ်းလန်းတဲ့သစ်ပင်တွေကို စိတ်ထဲက မြင်ဖူးချင်လာတယ်။ အစားအသောက်ကတော့ အဆင်မပြေဘူ။း အိမ်သာအနံ့ကတော့ အဝရှူခဲ့ရတယ်။ အိပ်ဆောင်နဲ့အရမ်းနီးလို့လေ။ ထောင်ထဲကသူငယ်ချင်းတွေကတော့ အပြာကား မနက်မိုးလင်းကနေ တနေကုန်ကြည့်ကြတယ်” ဟု ထောင်မှလွတ်လာတဲ့သူငယ်ချင်းက ရင်ဖွင့်ပါတယ်။

ထောင်ထဲမှာ ဆေးလိပ်က အရမ်းဈေးကြီးပါတယ်။ အများပိုင်းသောက်ကြတာကတော့ ရေသူမ ဆေးမှုန့်ကို သတင်းစာရွက်တွေ စက္ကူရွက်တွေနဲ့လိပ်ပြီး သောက်ကြပါတယ်။ အပြင်မှာတော့ ရေသူမဆေးမှုန့်တထုပ်ကို ၂၀၀ ကျပ်နဲ့ဝယ်ရပေမဲ့ အထဲမှာတော့ ၁၀၀၀၀ ကျပ်နဲ့ ဝယ်ရပါတယ်။

ထောင်ထဲမှာတော့ ဂျပိုးတွေနဲ့သာ ညအိပ်ယာဝင်ကြပါတယ်။ တနေ့ တနေ့ ဘာမှလုပ်စရာမရှိတော့ တခုခုကိုလိုက်တွေးပြီး စိတ်ကူးတွေယဉ်ပြီး မိုးချုပ်အောင် နေနေရတယ်။ တခါတလေဆို ရူးတောင် ရူးချင်တယ်။

ဖေဖော်ဝါရီ ဆယ်ရက်နေ့ကစပြီး ကျနော်တို့ သူငယ်ချင်းတွေ စုပြီးစစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ သပိတ်မှောက်အတူသွားကြတယ်။ တခါတလေမနက်စာမစားဘဲ သွားကြတယ်။ နေရာတကာ စစ်တပ်က ဖမ်းဆီးတာတွေ ပစ်ခတ်တာတွေ ပြုလုပ်လာတဲ့သတင်းတွေ ကြားလာရတဲ့အချိန် အမေလဲ စိုးရိမ်လာတယ်နဲ့တူတယ်။ သပိတ်သွားဖို့ ပိတ်ပင်လာပါတယ်။ မတတ်နိုင်တဲ့အဆုံး သွားဖြစ်ရင်တောင် အမည်းရောင်အဝတ်အစားတွေ မဝတ်စေဘဲ သွားခိုင်းပါတယ်။ ကျနော်တို့ တခုခုဖြစ်သွားမှာ စိုးရိမ်လို့ထင်ပါတယ်။ ကျနော်တို့မြို့မှာတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီကို သပိတ်မှောက်တဲ့ ပြည်သူလူထုကို စစ်တပ်ကအကြမ်းဖက် ဖမ်းဆီးပြီး သေနတ်နဲ့လိုက်ပစ်တာတွေ လုပ်လာပါတယ်။

မျက်ရည်ယိုဗုံးတွေ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်လာကြပါတယ်။ မတ်လဆန်းကနေစပြီး ကျည်အစစ်တွေနဲ့ သပိတ်မှောက်နေတဲ့ ရှေ့ တည့်တည့်ကနေသပိတ်လူကြားထဲကို ပစ်ခတ်ပြီး ဖမ်းဆီး ဖြိုခွဲခဲ့ပါတယ်။

စစ်တပ်ကနေ သေနတ်တွေသုံးပြီး ကျည်အစစ်တွေနဲ့ပစ်လာတဲ့အတွက် လူထုသပိတ်မှာ ငြိမ်လာပါတယ်။
အရင်လို အင်အားမရှိတော့ပါဘူး။ ဒါပေမဲ့ ဇွဲမလျှော့ဘဲ ဆက်ပြီးတောင့်ခံပြီး တိုက်ပွဲဝင်နေပါတယ်။ ကျနော့်စိတ်ထဲမှာ မှတ်မိနေပါသေးတယ်။ မျက်ရည်ယိုဗုံးတွေသုံးပြီး စစ်တပ်ကလာပြီးတော့ ကျနော်တို့ကို တိုက်ခိုက်တဲ့နေ့ တော်တော်လေးပြေးလိုက်ရတယ်။ 

စစ်တပ်ကမပြေးနိုင်ဘဲ ကျန်ခဲ့သူတွေကို သနတ်ထောက်ဖမ်းဆီးပြီး စစ်တပ်ထဲကို ဖမ်းသွားပါတယ်။ ဒီဟာတွေဖြစ်လာမှာကြောက်လို့ လွတ်အောင်ပြေးခဲ့ရတယ်။ ပြေးနေတဲ့အချိန်ဆိုခံစားချက်က စိတ်ထဲမှာမိသွားရင် ဘယ် လိုဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ် ကြောက်တဲ့စိတ်နဲ့ ပြေးခဲ့ရတယ်။

ကျန်ခဲ့တဲ့ရဲဘော်တွေအတွက်တော့ စိတ်မကောင်းဖြစ်ရတယ်။ ခက်ခဲမှုတွေ ကြုံခဲ့ရတယ်။ တချို့ဆို ဒီတိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့သူတွေရှိတယ်။ ဒါပေမဲ့ ကျနော်တို့ နောက်ဆုတ်မသွားဖို့ စိတ်ဓာတ်ကိုပြင်ဆင်ထားရပါမယ်။သူငယ်ချင်းတွေနဲ့အတူ သပိတ်မှောက်တဲ့အချိန် ကျနော့်ဝမ်းနည်စရာကောင်းတဲ့နေ့ကို ကြုံတွေ့လိုက်ရတယ်။
ကျနော့်ရင်ထဲမှာ အရမ်းခံစားရတယ်။ မျော်လင့်ထားပြီးသားပါ ဖြစ်လာမယ်ဆိုတာ။ အဲ့ဒီနေ့က လမ်းမကြီးပေါ် ထွက်ခဲ့ပါတယ်။ တနေရာရောက်တော့ ကျနော်တို့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်တွေ လာရောက်တိုက်ခိုက် တားဆီးလာပါတော့တယ်။ သေနတ်တွေ ရာဘာကျည်တွေနဲ့ ကျနော်တို့ သပိတ်စစ်ကြောင်းထဲကို ပစ်ထည့်ပြီး ပြေးမလွတ်တဲ့ရဲဘော်တချို့ကို သနတ်ထောက်ပြီး ဖမ်းဆီးပါတယ်။

အဲ့နေရာမှာ ရဲဘော်တချို့ ဖမ်းဆီးခံလိုက်ရပါတယ် သူတို့ပြေးပုန်းတဲ့ အိမ်ကိုတွေ့သွားပြီးရဲတွေ ဝိုင်းပြီးသေနတ်ထောက်ပြီး ဖမ်းခံထိသွားပါတယ်။

စစ်ကောင်စီတပ်တွေ သူတို့ကိုဖမ်းဆီးပြီး ထွက်သွားလိုက်ပါတယ်။ ကျနော်တို့လဲ အိမ်ထဲက ပြန်ထွက်လာပြီး လမ်းမပေါ် ဆန္ဒပြန်ဖော်ထုတ်ပါတယ်။ နောက်တနေရာပြန်ရောက်တော့ ကျနော်တို့ စစ်ကောင်စီတပ်တွေနဲ့ထိပ်တိုက်ပြန်ပြီး ရင်ဆိုင်လိုက်ရပါတယ်။ တိုက်နားတွေမှာ လမ်းကြားတွေထဲ ပုန်းနေတဲ့ ကာဗာယူထားတဲ့ စစ်သားတွေကို မတွေ့ လိုက်ဘူး။ အော်သံတွေနဲ့အတူ သနတ်ပစ်ဖောက်သံတွေ ထွက်ပေါ်လာပါတယ်။

စစ်သားတွေပစ်တာ ငါ့ဘေးနားမှာ လဲကျသွားတာ ငါတောင်မသိလိုက်ဘူး။ နောက်ကကောင်တွေပြောမှ သတိထားမိလိုက်တယ်။ နောက်ပြန်လှည့်တော့မှ ဒီကောင်အသက်ရှူတာတောင် ခက်ခဲစွ ရှူနေတာကွာ။ ငါ
ခံစားရခက်လိုက်တာ နောက်ဆုံးချိန်ထိ အသက်ကယ်နိုင်အောင် သေနတ်တွေ ပစ်နေတဲ့ကြားက ရအောင်ဆွဲထုတ်သွားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဆေးခန်းရောက်တော့ သူ့ဝိညာဉ်က ထွက်သွားခဲ့ပြီလေ။ 

ဆေးခန်းကုတင်ပေါ် မှာ ကျနော်တို့ မြန်မာတနိုင်ငံလုံးက စစ်အာဏာရှင်ဆန့်ကျင်တဲ့ ရဲဘော်တွေကိုနှုတ်ဆက်ထွက်ခွာသွားပြီလေ။ ဆေးခန်းတခုလုံးလဲ သွေးတွေပေကျံသွားတယ်။ ဆုတောင်းသံတွေ ပြည့်နှက်ခဲ့ပေမဲ့ ဝိညာဉ်ကို မကယ်နိုင်ခဲ့တော့ အားလုံးစိတ်ပျက်ဝမ်းနည်းငိုယိုသံတွေသာကြား ရပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar