Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၉ ရက်မြောက်နေ့မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၁ လ ၂၉ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၂

◾️အာဆီယံအထူးသံတမန် လာဖို့ပြင်ဆင်၊ တနှစ်ပြည့်ချိန် သံတမန်ရေး လုပ်ဆောင်ချက် 
စစ်အာဏာသိမ်း တနှစ်ပြည့်ဖို့  ၂/၃ ရက်ခန့်အလိုမှာ ပြီးခဲ့တဲ့ ၈ လကျော် ၉ လတာလုံးလုံး ရှေ့မရောက်ခဲ့တဲ့ သံတမန်နည်းလမ်းနဲ့ကြိုးစားမှုတွေ အရာထင်လာတော့မလားဆိုတဲ့ မျှော်လင့်ချက်တချို့ ထွက်ပေါ်လာတာ တွေ့ရပါတယ်။ သောကြာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအရေးအတွက် သီးသန့် တံခါးပိတ်အစည်းအဝေးတရပ်ကျင်းပခဲ့ပြီးနောက် အခုလို အခြေအနေပြောင်းလဲမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဧပြီလနှောင်းပိုင်းကတည်းက အင်ဒိုနီးရှားနိုင်ငံအစည်းအဝေးမှာ အတည်ပြုခဲ့တဲ့ “အာဆီယံ သဘောတူညီမှု ၅ ချက်” ဟာ ရှစ်လနီးပါးမျှ အကောင်အထည် ဖေါ်နိုင်ခြင်းမရှိပဲ သံမန်ရေးကြိုးပမ်းမှုတွေ ရှေ့မရောက်နိုင် ဖြစ်ခဲ့တာပါ။ စစ်ကောင်စီဥက္ကဌဖြစ်သူ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့အစည်းအဝေးမှာ အာဆီယံ သဘောတူညီမှု ၅ ချက်ကို အဲဒီအစည်းအဝေးမှာတင် လွယ်လွယ်ကူကူ သဘောတူညီခဲ့ပေမယ့်လည်း မူငါးချက်က အကောင်အထည်ဖေါ်ရမယ့် အချိန်ကန့်သတ်ချက်၊ ကြိုတင်သတ်မှတ်ချက် ရှိခြင်း မရှိခြင်း စတဲ့ အသေးစိတ်တွေ မပါရှိတာကြောင့်လည်း စစ်ကောင်စီအဖို့ အခြေအနေပေါမူတည်ပြီး အာဆီယံ အထူးသံတ မန် လာရောက်ဖို့ကိစ္စတွေကို လနဲ့ချီညှိနှိုင်းရတဲ့အနေအထားမျိုး၊ လာရောက်စဉ်မှာ ဘယ်သူနဲ့ တွေ့ခွင့်ရှိမယ် မရှိဘူးဆိုတဲ့အချက်တွေမှာ သဘောတူညီမှုမရပဲ အဲဒီကာလက အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကို တကြိမ်မျှ လာရောက်နိုင်ခြင်းမရှိပဲ သက်တမ်းကုန်ဆုံးသွားခဲ့ပါတယ်။ 

ခုနှစ်မှာတော့ အလှည့်ကျဥက္ကဌတာဝန်က ကမ္ဘောဒီးယားနိုင်ငံဆီရောက်သွားပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က ဇန်နဝါရီလဆန်းမှာတင် မြန်မာနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနောက် အခုလို အာဆီယံအထူးသံတမန်အဖြစ်တာဝန်ပေးအပ်ထားသူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရာဆော့ခွန်း မြန်မာနိုင်ငံကို မကြာခင်လာရောက်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်ကလည်း အာဆီယံက အသစ်ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း မြန်မာနိုင်ငံလာရောက်တဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲ့ အခြေအနေပေါ်မူတည်၍ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရရှိမယ်လို့ ဒီနေ့နေ့စွဲနဲ့ထုတ်တဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ 

တနှစ်ပြည့်ချိန်မှာ အခုလို သံတမန်ရေးကြိုးပမ်းမှုက ရလဒ်ထွက်ပေါ်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေ စပြီးသန်းလာတယ်လို့ဆိုရမယ် ထင်ပါတယ်။ 

သောကြာနေ့က နယူးယောက် ကုလသမဂ္ဂမှာကျင်းပတဲ့ တံခါးပိတ်အစည်းအဝေးအပြီးမှာတော့ သတင်းမီဒီယာတွေကို တရုတ်နိုင်ငံရဲ့ ကုလသံအမတ်ကပြောရာမှာ မြန်မာနိုင်ငံအရေးမှာ ပြည်တွင်းစစ်မဖြစ်အောင် တားဆီးမယ့်အရေးက အဓိကခေါင်းထဲထည့်ထားရမယ့်အချက်လို့ တရုတ်နိုင်ငံရဲ့ သဘောထားအမြင်ကို ဇောင်းပေးပြောသွားပါတယ်။ 

အနောက်နိုင်ငံတွေနဲ့ အမေရိကန်တို့ ဇောင်းပေးတဲ့အချက်နဲ့ မတူကွဲလွဲတာကို တွေ့ရပြီး တရုတ်နိုင်ငံအနေနဲ့တော့ အိမ်နီးချင်းဖြစ်တာကတကြောင်း၊ တရုတ်နိုင်ငံရဲ့ လောင်စာစွမ်းအင်အတွက် အတိုင်းအတာတခုထိ အရေးပါတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတွေ မြန်မာနိုင်ငံကို ဖြတ်သန်းသွယ်တန်းထားတာ၊ One belt one road လို့ခေါ်ဆိုတဲ့ ကမ္ဘာပတ်တဲ့ ကုန်သွယ်မှုလမ်းကြောင်းမှာ မြန်မာနိုင်ငံလည်း ဒီစီမံကိန်းမှာပါဝင်နေတာကြောင့် အကျိုးစီးပွားတွေပျက်စီးမှာ အိမ်နီးချင်းနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခရဲ့ သက်ရောက်မှု၊ ဒုက္ခသည်တွေဝင်ရောက်လာနိုင်တာ၊ နယ်စပ်မတည်ငြိမ်မှု မလုံခြုံမှုတွေ ဖြစ်လာနိုင်တာကို တွေးဆပြီး ပြည်တွင်းစစ်ကို ရှောင်လွှဲဖို့ အဓိကဇောင်းပေးပြောခဲ့တာလို့ နားလည်ရပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ သူ့နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ပြည်နယ်တွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာ အနည်းနဲ့အများ သြဇာရှိနေပြီး မြန်မာ့ပြည် လက်နက်ကိုင်ပဋိပက္ခမှာ တစိတ်တပိုင်းအားဖြင့် လွှမ်းမိုးနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို နေပြည်တော်သွားရောက်ဖို့ တွန်းအားပေးခဲ့တဲ့သာဓကတွေ ရှိခဲ့တာဖြစ်ပါတယ်။

သံတမန်ရေး ကြိုးပမ်းမှုတွေအကြောင်းအပြီးမှာ ပြီးခဲ့တဲ့ တနှစ်တာအတွင်း ဘာတွေခရီးရောက်ခဲ့လဲ၊ ဘာတွေလိုအပ်ခဲ့လဲ၊ ဘာတွေ ဆုံးရှုံးခဲ့လဲဆိုတာကိုလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးက အဖွဲ့အစည်းအသီးသီးက ပြန်လည်သုံးသပ်ဖို့လိုအပ်မယ် ထင်ပါတယ်။ 

တနှစ်တာအတွင်း စစ်အာဏာရှင်စနစ်ကို ဖြိုချဖို့ ဖယ်ရှားဖို့ရာမှာ မဟာမိတ် အဖွဲ့တွေ ဘယ်လောက်ထိ တည် ဆောက်နိုင်ခဲ့ကြလဲ၊ တူညီတာတွေက ဘယ်အချက်တွေလဲ မတူညီကွဲပြားတာတွေက ဘယ်အချက်တွေလဲ၊ စွန့်လွှတ်အားထုတ်ရမှုတွေနဲ့ ရရှိတဲ့အောင်မြင်မှုက မျှရဲ့လား၊ လူထုကို ကာကွယ်ပေးနိုင်လား၊ ပြည်တွင်းအင်အားစုတွေအနေနဲ့ အခုထက် စုစည်းလုပ်ဆောင်မှုလုပ်နိုင်ဖို့ ဘာတွေလိုအပ်သလဲ စတဲ့အချက်တွေကို အဖွဲ့အစည်းအသီးသီးက ပွင့်လင်းရိုးသားစွာ ပြန်လည်သုံးသပ်ကြဖို့ အရေးတကြီးလိုအပ်တယ်လို့မြင်မိပါတယ်။ 

ဒီတနှစ်တာကာလမှာ အဆုံးအရှုံးတွေအများကြီးရှိနေတာတော့ သီးခြားထုတ်ပြောစရာတောင် လိုအပ်မယ်မထင်ပါဘူး။ အောင်မြင်မှုတွေ အဆုံးအရှုံးတွေကနေ ရှေရှည်အတွက် ကောင်းကျိုးသက်ရောက်မှုတွေ သင်ခန်းစာတွေ ထုတ်ယူနိုင်ကြဖို့လည်း အရေးကြီးတယ်လို့ မြင်မိကြောင်းပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar