မောင်ငြိမ်းသက် - "ငြိမ်သက်ခြင်းဧကစာရီ''
"ငြိမ်သက်ခြင်းဧကစာရီ''
မောင်ငြိမ်းသက်
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၂
တိတ်ဆိတ်ခြင်း။
ငြိမ်သက်ခြင်း
ငြိမ်းချမ်းခြင်း ဆိုတာ
သူတော်ကောင်း တရားပါရှင်
ဓမ္မကို ကာကွယ်ဖို့
ဓမ္မကိုထူထောင်ဖို့
သုစရိတရပ်ဝန်း ကိုထူထောင်ဖို့
အပျိုဘဝက ပန်လာတဲ့
နားက ချယ်နားကပ်
တူမီးဝယ်ဖို့ ဖြုတ်ရောင်းလိုက်တာ
လူသတ် ဓမြတိုက်ဖို့မဟုတ်ဖူးတော့
ဓမ္မကိုကာကွယ်ဖို့ပေါ့ရှင်
နို့မဟုတ်ရင်
ဘီလူးဆိုင်းတီးပြီ ထင်ရာဆိုင်းတဲ့
လူအန္ဓတသိုက် ရွာလယ်လမ်းကို
တံခါးမရှိ ဓားမရှိ ဝင်လာမှာပေါ့
ကျမ အဒေါ်
ဒွေးလေးစကားနဲ့ပြောရရင်
ဒေါ်မရေ.. ရှင်ဟာ
ဘကြီးဘုန်းဘုရား
ပျံတော်မှုလို့
အလှူငွေထဲ့ဖို့
ဖြုတ်ရောင်းတာလည်းမဟုတ်
သားရှင်ပြုဖို့လည်း မဟုတ်
အံ့ပတော်
ကြုံဖူးပေါင်
ဂုဏ်ထူးဆောင်နဲ့ ကဲလို့ပြောရမယ်လို
တူမီးဝယ်ဖို့တဲ့
ဒေါ်မရေ ... ရှင်ဟာ
ကျမတို့ပြည်အတွက် ရွှေအစစ်ပါတော်
ဟုတ်ပရှင်။
ဒေါ်မလိုပြည်သူတွေနေတဲ့
ကျမတို့ပြည် ငြိမ်သက်ခြင်း
တိတ်ဆိတ်ခြင်းနဲ့ သပိတ်မှောက်ဖို့
ဘာမလုပ်ရဲစာရာရှိလည်းတော်။
ကျမတို့ရန်ကုန်ဆိုတာ
နေ့တိုင်းဘုရားပွဲလှည့်သလို
စည်ကားနေတဲ့မြို့
ဘဘုန်းကျောင်းက
ဟင်းလေးအိုးကြီးလို
ယဉ်ကျေးမှုပေါင်းစုံ
စီးမျောနေတဲ့မြို့
ဟောဒီလို ဆောင်းရာသီညချမ်းတွေမှာ
စပျစ်သီးခိုင်တွေလို တွဲလွဲခိုနေ့တဲ့
မာကျူရီမီးရောင်အောက်က
နီဆွေးနှလုံးသားနဲ့
နှုတ်ခမ်းနီမလေးတွေရှိတဲ့မြို့
ဗိုလ်ချုပ်ဈေး ဆူးလေ
ဖရေဇာ လှည်းတန်းမြေနီကုန်းတို့မှာ
ရောင်စုံပန်းခင်းကြီး တရွေရွေ့သွားနေသလို စည်းကားလှတဲ့မြို့။
ပျားပိတုန်းတွေ
ပန်းရည်ဘဏ္ဍာတိုက်
တည်ဆောက်သလို
မိုးလင်းမိုးချုပ်
လူပင်လယ်ကြီး
စီးမျောနေတဲ့မြို့။
ဒါတွင်ပဲလားဆိုတော့
ဘယ်မှာဟုတ်ပ
စံနစ်ရဲ့အနာအစာတွေ
ဒင်းကြမ်းစီးမျောနေတဲ့
မြို့ရန်ကုန်တော့။
အခုရန်ကုန်သားဟာ
တချိန်က အညာသားတော့
ပုရွက်ဆိတ်အုံလို
ရွရွထိုးနေတဲ့ကျမတို့မြို့ကို
ဘယ်သို့သော
တန်ခိုးရှင်က
ရပ်တန့်ခိုင်းလို့ရမှာလည်း လို့
ရှင်တို့စဉ်းစားရင်
လွဲပြီ
ကမ္ဘာကြီးနဲ့ချီပြီ လွဲပြီ။
ကျမတို့ပြည်သူက
ဖက်ဆစ်တပ်ကို
အော့နှလုံးနာချက်က
ချီးထက်ရွံတာတော်။
၂၈.၁.၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar