Breaking News

ဒဏ်ခတ်ပိတ်ဆို့မှုများကိုရှောင်ကွင်းကာ အမေရိကန်ကုမ္ပဏီများက မြန်မာ့ကျွန်းသစ် တန် ၁၆၀၀ နီးပါး တင်သွင်းထား

ဒဏ်ခတ်ပိတ်ဆို့မှုများကိုရှောင်ကွင်းကာ အမေရိကန်ကုမ္ပဏီများက မြန်မာ့ကျွန်းသစ် တန် ၁၆၀၀ နီးပါး တင်သွင်းထား
(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၂၂

ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဆောင်ရွက်ထားသည့်ကြားကပင် မြန်မာ့ကျွန်းသစ် ကုန်သွယ်မှု ဆက် လက်ရှိနေဆဲဖြစ်ရာ မြန်မာ့သစ်တင်ပို့မှုအားလုံးအပေါ် ပိတ်ပင်မှုတစ်ရပ်ချမှတ်ရန် မဖြစ်မနေ လိုအပ်နေပြီ ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တရားမဝင်စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မရှေးမနှောင်း တွင်ပင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံမှ ကျွန်းသစ်တန်ပေါင်း ၁,၅၆၅ တန်ကို တင်ပို့ခဲ့ပြီး ဖြစ်သည်။

စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်က အရပ်သားပြည်သူ (၁,၄၀၀) ကျော်အား သတ်ဖြတ်ခြင်း နှင့် (၁၁,၀၀၀)ကျော်အား ဖမ်းဆီးထောင်ချခြင်း၊ အရပ်ဘက်ပြည်သူ့နေရာများအပေါ် အဆင်ခြင်မဲ့ ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် အမြောက်လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းများ အပါအဝင် မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ ကျူးလွန်ခဲ့သည်။



ထိုသို့ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များအပေါ် တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပြည်ထောင်စုက နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်း (MTE) အပါအဝင် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု အများအပြားကို ချမှတ်ခဲ့သည်။

မြန်မာ့သစ်လုပ်ငန်းက သစ်တင်ပို့မှုများအတွက် သစ်လေလံရောင်းချပေးခြင်းကို ဆောင်ရွက်ပေးပြီး သစ်ရောင်းချမှုများအတွက် အဓိကတာဝန်ရှိသည်။ မြန်မာနိုင်ငံ၏ သစ်တောလုပ်ငန်းနယ်ပယ်ကို မြန်မာ့သစ်လုပ်ငန်းက ကြပ်ကြပ်မတ်မတ် ထိန်းချုပ်ထားခဲ့သည်။

မြန်မာ့သစ်လုပ်ငန်း၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားချက်အရ ၎င်းတို့၏ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနက သစ်သိုလှောင်နေရာများသို့ သစ်တင်ကုန်ကားများ၊ သစ်ဆွဲဖောင်များ၊ ရထားများ ဖြင့် ရောက်ရှိလာသည့်အချိန်မှ တင်ပို့သစ်များကို ဆိပ်ကမ်းများနှင့်ဘူတာဂိတ်များတွင် ဝယ်ယူသူထံ ပိုင်ဆိုင်မှုလွှဲပြောင်းပေးအပ်သည်အထိ သစ်လုပ်ငန်းထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တစ်ခုလုံးကို ဆောင် ရွက်ပေးနိုင်စွမ်းရှိသည်။ မြန်မာ့သစ်လုပ်ငန်းမှ တင်ပို့ရောင်းချရန်အတွက် သစ်ဖြတ်စများ ထုတ်လုပ်သည့် သစ်စက်များကိုလည်း လုပ်ကိုင်လည်ပတ်ပြီး ယင်းအဖွဲ့အစည်းက ပုဂ္ဂလိကကဏ္ဍ သစ်ကုန်သွယ်မှုကိုလည်း ကြီးကြပ်သည်။
စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာ့သစ်လုပ်ငန်းက မြန်မာစစ်ကောင်စီ၏ ထိန်း ချုပ်မှုအောက်သို့ ရောက်ရှိသွားသည်။ မြန်မာ့သစ်လုပ်ငန်းမှတဆင့် စစ်ကောင်စီက သစ်တင်ပို့မှု အခွန်ဝင်ငွေ၏ ရာခိုင်နှုန်းတစ်ခုကို ရယူနေပြီး ယင်းငွေများက ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခြင်းအတွက် ငွေကြေးထောက်ပံ့ရာမှာ အကူအညီဖြစ်နေသည်။


အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပပိုင်ဆိုင်မှုပစ္စည်းထိန်းချုပ်ရေးရုံး(OFAC)က သစ်လုပ်ငန်း ကဏ္ဍသည် မြန်မာစစ်ကောင်စီအတွက် အဓိကစီးပွားရေးရင်းမြစ်တစ်ခုဖြစ်သည့် အကြောင်းပြ ချက်ဖြင့် မြန်မာ့သစ်လုပ်ငန်း အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအချက်အလက်စုစည်းမှုတစ်ခုဖြစ်သည့် Panjiva မှ အချက်အလက် များအရ  အမေရိကန်စီးပွားရေးလုပ်ငန်းများအနေဖြင့် ဖေဖော်ဝါရီလမှ နိုဝင်ဘာလကုန်အထိ မြန်မာ နိုင်ငံမှ ကျွန်းသစ်တင်သွင်းမှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါသည်။

သင်္ဘောတည်ဆောက်ရေး၊ အဆောက်အဦးပြင်ပအလှဆင်ရေးနှင့် ပရိဘောဂလုပ်ငန်းများအတွက် အသုံးပြုသည့် ကျွန်းသားပျဉ်ချပ်များနှင့် ဖြတ်စများ အများစုပါဝင်သည့် သစ်တင်သွင်းမှု ၈၂ ကြိမ် တင်သွင်းခဲ့ပြီး ဖြစ်သည်။

စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ပထမဆုံး ကျွန်းသစ်ကုန်သင်္ဘောမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ တွင် ဆိုက်ရောက်ခဲ့ပြီး လက်တလောအနီးကပ်ဆုံးကုန်သင်္ဘောမှာ ဒီဇင်ဘာလထဲတွင် ဆိုက်ရောက် ခဲ့သည်။
အချက်အလက်များအရ အမေရိကန်ပြည်ထောင်စုသို့ ကျွန်းသစ်တင်ပို့မှုများသည် ဒဏ်ခတ်ပိတ်ဆို့ မှုများချမှတ်ပြီးနောက် လအနည်းငယ်အတွင်း သိသိသာသာမြင့်တက်ခဲ့ပြီး ယင်းသို့မြင့်တက်မှုသည် MTE က ကျွန်းသစ်များလေလံတင်ရောင်းချခဲ့သည့် အချိန်ကာလနှင့်တိုက်ဆိုင်သည်ဟု ဆိုနိုင်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ နိုဝင်ဘာလအတွင်း စုစုပေါင်းကုန်ပစ္စည်းတင်ပို့မှုအကြိမ်အရေအတွက် ကို ယခင်နှစ်များ၏ကာလတူအတွင်း အရေအတွက်နှင့် နှိုင်းယှဉ်ကြည့်သည့်အခါ မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင် စုသို့ ကျွန်းသစ်ပို့ဆောင်မှုတွင် များစွာကွာဟမှုမရှိခြင်းက သက်သေပြနေ ပါသည်။

သို့ရာတွင် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် ကာလအတွင်း အဆိုပါတင်ပို့မှုများကို မည်သို့ လုပ်ဆောင်ခဲ့သနည်း။

◾️ကြားခံပွဲစားများမှတဆင့် ကုန်သွယ်ခြင်းဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ကွင်းခြင်း
အထက်ပါမေးခွန်းအတွက် အဖြေမှာ အမေရိကန်ပြည်ထောင်စုမှ တင်သွင်းသူများအနေဖြင့် မြန်မာနိုင်ငံတွင် ကြားခံပွဲစားများအဖြစ် ဆောင်ရွက်နေကြသည့် ပုဂ္ဂလိကကုမ္ပဏီများထံမှ သစ်များ ကို ဝယ်ယူခြင်း၊ MTE မှ တိုက်ရိုက်ဝယ်ယူမှုမပြုခြင်းဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှား နေခြင်းကြောင့်ပင် ဖြစ်သည်။

အဆိုပါပုဂ္ဂလိကကုမ္ပဏီများတွင် အရေးပါထင်ရှားသည့် ကျွန်းသစ်ကုန်သည်ကုမ္ပဏီကြီးများ ပါဝင် ပြီး ၎င်းတို့ထဲမှ အချို့သည် ကြားသိရသည့်အချက်အလက်များအရ စစ်အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း MTE ၏ သစ်လေလံများကို အောင်မြင်ခဲ့ကြသည်။

ကြားခံပွဲစားများအဖြစ် ဆောင်ရွက်သည့် ပုဂ္ဂလိကကုမ္ပဏီများသည် သစ်များကို မြန်မာ့သစ်လုပ်ငန်း ထံမှ နိုင်ငံအတွင်းတွင်ဝယ်ယူပြီး အဆိုပါသစ်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။ အချို့ သော တင်ပို့မှုများတွင် နိုင်ငံခြားကုန်ပစ္စည်းတင်ပို့သည့်ကုမ္ပဏီများမှတဆင့် တင်ပို့ရောင်းချခဲ့ကြသည်။

ယခုသတင်းဆောင်းပါးအတွက် သုံးသပ်ထားသည့် အချက်အလက်များသည် မြန်မာနိုင်ငံမှ အမေရိ ကန်ပြည်ထောင်စုသို့ တိုက်ရိုက်တင်ပို့သည့် အချက်အလက်များကိုသာ ရယူထားသည်ဖြစ်ရာ တရုတ်နိုင်ငံကဲ့သို့သော တတိယနိုင်ငံများမှတဆင့် အမေရိကန်ပြည်ထောင်စုသို့ ယခုထက်များပြား သည့် ကျွန်းသစ်များကို တင်ပို့ထားဖွယ်ရှိသည်။ သို့ဖြစ်ရာ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စုစု ပေါင်း ကျွန်းသစ်တင်ပို့မှုပမာဏသည် သိသိသာသာပိုမိုများပြားမည်ဟု ဆိုနိုင်သည်။

အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီများနှင့် မြန်မာ့သစ်လုပ်ငန်းတို့အကြား ယခုကဲ့သို့ သွယ်ဝိုက်ကုန် သွယ်မှုသည် လက်ရှိအခြေအနေအထိ OFAC ၏ ပြစ်ဒဏ်များ ချမှတ်ခံရခြင်း မရှိသေးပေ။ ထိုကုန်သွယ်မှုအနေဖြင့် အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆက်လက်ချိုးဖောက်ဖွယ်ရှိနေသည်။

MTE အပေါ် အမေရိကန်ပြည်ထောင်စုက ပြဌာန်းခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ တွင် “ပိတ်ပင်ထား သည့် မည်သည့်ပုဂ္ဂိုလ်တစ်ဦးဦး၏ အကျိုးအမြတ်အတွက် သို့မဟုတ် ဘဏ္ဍာငွေများ၊ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ ပေးအပ်ခြင်း၊ ရယူခြင်း သို့မဟုတ် ထည့်ဝင်ကူညီ ထောက်ပံ့မှုတစ်စုံ တစ်ခု ပြုလုပ်ခြင်း” ကို တားဆီးထားသည်။



မြန်မာနိုင်ငံမှ တင်ပို့ရောင်းချလိုက်သည့် သစ်များသည် အရင်းမူလအားဖြင့် MTE မှ လေလံတင် ရောင်းချလိုက်ခြင်းဖြစ်လျှင် ထိုသစ်များကို တရားဝင်အားဖြင့် မည်သူကတင်ပို့သည်ဖြစ်စေ စစ်ကောင်စီအနေဖြင့် အရပ်ရပ်သောအခွန်အခကောက်ခံမှုများမှ ဘဏ္ဍာငွေများ ရရှိနေဆဲ ဆိုသည်မှာ အသေအချာပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင် ရေးအဖွဲ့ (MEITI) ၏ အစီရင်ခံစာ တစ်စောင်တွင် အချက်အလက်ရရှိနိုင်သည့် နောက်ဆုံးနှစ်ဖြစ် သော (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်တွင် အစိုးရအနေဖြင့် သစ်ကုန်သွယ်မှုမှ ကောက်ခံခဲ့သည့် အခွန်နှင့် ခိုင်ကြေး (royalties)  များမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုနှစ်အတွက် သစ်ထုတ်လုပ်ရေးကဏ္ဍမှ နိုင်ငံ၏ စုစုပေါင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃၂၂ သန်း ရှိခဲ့သည်ဖြစ်ရာ စစ်အာဏာသိမ်းမှုနောက်ပိုင်း သစ်ကုန်သွယ်မှုမှ စစ်တပ်သို့ စီးဝင်သွားသည့် အခွန် နှင့် ခိုင်ကြေး (royalties)  များသည် အရေးပါသည့်ပမာဏပင် ဖြစ်သည်။

ပြဿနာ၏ အတိုင်းအဆနှင့် စစ်ကောင်စီအတွက် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှု များကို ငွေကြေးထောက်ပံ့ရန် အလွန်များပြားသည့် ငွေကြေးပမာဏတစ်ခုကို ရရှိနိုင်သည့် ဖြစ်နိုင် ခြေကိုထည့်သွင်းစဉ်းစားမည်ဆိုလျှင် နောက်ထပ်အရေးယူဆောင်ရွက်မှုများ မဖြစ်မနေ (မဖြစ်မနေ) လိုအပ်နေဆဲဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်း မြင်သာစေသည်။

ပွင့်လင်းမြင်သာမှုမရှိခြင်းက ဒဏ်ခတ်ပိတ်ဆို့မှုများနောက်ပိုင်း ကုန်သွယ်မှုများကို ခြေရာခံရန် ခက်ခဲစေခြင်း
စစ်အာဏာသိမ်းကြိုးပမ်းမှုမတိုင်ခင်ကဆိုလျှင် MTE အနေဖြင့် ၎င်းတို့၏ သစ်လေလံတင် ရောင်းချ မှုများ၏ အသေးစိတ်ကို ကြိုတင်ကြေညာ လေ့ရှိပြီး လေလံပွဲရလဒ်များ၏ အချို့ကိုလည်း ထုတ်ပြန် လေ့ ရှိခဲ့သည်။ 
သစ်လေလံအောင်သူများကို ထုတ်ပြန်ခဲ့သည့် နောက်ဆုံးလေလံပွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ကျင်းပခဲ့သည်။ ငွေကြေးအပြည့်ပေးချေမှုကို ရက်ပေါင်း ၇၅ ရက် အတွင်း ပေးချေ ရသည် ဖြစ်ရာ ထိုငွေများကို တရားမဝင်စစ်ကောင်စီက ရရှိသွားခဲ့မည်ဖြစ်သည်။

စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင်တော့ MTE ၏ လေလံအောင်စာရင်း တရားဝင်ထုတ်ပြန် မှုများမှာ ၎င်းတို့ဝဘ်ဆိုဒ်တွင် မရရှိနိုင်တော့ပေ။ အဆိုပါသတင်းအချက်အလက်များကို စစ်ကောင်စီ နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းများနှင့် သစ်ကုမ္ပဏီများသာ ရရှိနိုင်ဖွယ်ရှိပါသည်။ ထိုသတင်း အချက်အလက်များသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ကွင်းနေသည့် ကုမ္ပဏီများအပေါ် အရေး ယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အရေးပါသည့်အတွက်ကြောင့် ဖြစ်သည်။

စစ်တပ်ထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများနှင့် အခြားသောမီဒီယာများတွင် ဖော်ပြခဲ့သည့် သတင်းအချက်အလက်များအရ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှ ယခုအချိန်အထိ ကျွန်းသစ်အပါအ ဝင် သစ်လေလံရောင်းချမှု အနည်းဆုံး ကိုးကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

◾️ Lacey Act ကို ကြပ်ကြပ်မက်မက် အသက်သွင်းရမည်
၂၀၀၈ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စု၏ Lacey Act  ဥပဒေပြင်ဆင်ချက်များတွင် တရားမဝင် ရင်းမြစ်များမှရရှိသည့်သစ်များအား တင်သွင်းခြင်းကို တားမြစ်ထားပါသည်။

အဆိုပါဥပဒေအရ ကုမ္ပဏီများအနေဖြင့် ပြည်ပရင်းမြစ်များအပါအဝင် ၎င်းတို့ဝယ်ယူသည့် သစ် များသည် ဥပဒေနှင့်အညီစိုက်ပျိုးထုတ်လုပ်ထားသည့် သစ်များဖြစ်စေရန် တင်ကြိုအလေးဂရုပြု ဆောင်ရွက်ရန်နှင့် ဝယ်ယူသည့်သစ်များ၏ မူရင်းနိုင်ငံကို ဖော်ပြရန် လိုအပ်ပါသည်။

အဆိုပါဥပဒေသည် တရားမဝင်သစ်စိုက်ပျိုးထုတ်လုပ်မှုပြဿနာကို ဖြေရှင်းပြီး ၎င်း၏ သက်ရောက် မှုနယ်ပယ်တွင် တရားမဝင်စစ်ကောင်စီတစ်ရပ်ထံမှ ဝယ်ယူခြင်းကိစ္စရပ် မပါဝင်သော်လည်း သစ် ရောင်းဝယ်မှုထောက်ပံ့ရေးကွင်းဆက်ကို ပွင့်လင်းမြင်သာမှုရှိစေရန် ဥပဒေက တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် သစ်များကို မည်သို့စိုက်ပျိုးထုတ်လုပ်သည်နှင့်ပတ်သက်ပြီး သတင်းအချက်အလက် ရရှိရန် အလွန်ခက်ခဲပါသည်။ သို့ရာတွင် ကုမ္ပဏီတစ်ခုအနေဖြင့် ၎င်းတို့၏ သစ်များကို မူလဇစ်မြစ် ခြေရာခံရန် တင်ကြိုဂရုပြုမှုကျင့်သုံးမည်ဆိုလျင် ထောက်ပံ့ရေးကွင်းဆက်အတွင်း MTE ကို ဖော်ထုတ်ဖွင့်ချရန် လွယ်ကူနိုင်စေမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တင်ပို့ရောင်းချရန်အတွက် တရားဝင်စိုက်ပျိုးထုတ်လုပ်သည့်သစ်အားလုံးက MTE ကို ဖြတ်သန်းရသည်။

ထို့အပြင် MTE အပေါ် လက်ရှိအရေးယူပိတ်ဆို့မှုများကြောင့် အမေရိကန်နိုင်ငံသို့ သစ်များကို ဥပဒေ နှင့်အညီ တင်သွင်းမှုမှာ မဖြစ်ထိုက်ဟူသော ကောက်ချက်ကို ဖြစ်စေသည်။

သို့ရာတွင် Environmental Investigation Agency ကဲသို့သော အဖွဲ့အစည်းများ၏ ကြိုးပမ်း ဆောင်ရွက်မှုများ ရှိနေလျက်ဖြင့်ပင် မြန်မာနိုင်ငံမှ သစ်တင်သွင်းမှုများအတွက် ယင်းဥပဒေသည် ခိုင်မာအားကောင်းစွာ အသက်ဝင်ခြင်းမရှိသေးပေ။

Lacey Act ကို ထိထိရောက်ရောက်လိုက်နာစေခြင်းက ကုမ္ပဏီများအား မြန်မာနိုင်ငံမှ သစ်တင်သွင်း ခြင်းမပြုမီ ပြန်လည်စဉ်းစားစေရန် ဦးဆောင်လမ်းပြပေးနိုင်ဖွယ်ရှိပါသည်။

◾️ နိုင်ငံတကာဘဏ်များလည်း ပါဝင်ပတ်သက်နေ
MTE ၏ ဝဘ်ဆိုဒ် တွင် ဖော်ပြချက်အရ ၎င်းတို့၏ ရောင်းချမှုအားလုံးကို အမေရိကန်ဒေါ်လာဖြင့် ပြုလုပ်ပြီး ငွေပေးချေမှုများကို အမျိုးမျိုးသောဘဏ်များမှတဆင့် ပေးချေနိုင်သည်။

ယင်းဘဏ်များအနက် စင်ကာပူဘဏ်များဖြစ်ကြသည့် United Overseas Bank (UOB), Oversea-Chinese Banking Corporation (OCBC) နှင့် DBS Bank တို့ ပါဝင်သည်။

ယင်းဘဏ်များသည် စစ်ကောင်စီအတွက် အားပေးကူညီနေသည့်အခန်းကဏ္ဍတစ်ရပ်တွင် ပါဝင် လျက်ရှိကြပြီး နိုင်ငံတကာအရေးယူဆောင်ရွက်ချက်များ လိုအပ်နေသည်။ ၎င်းတို့အနေဖြင့် MTE က အကျိုးခံစာခွင့်ရှိသူဖြစ်နေသည့် အမေရိကန်ဒေါ်လာငွေကြေးလွှဲပြောင်းမှုများကို လက်ခံဆောင်ရွက် ပေးခြင်းဖြင့် အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်နေခြင်းလည်း ဖြစ်နိုင်သည်။

◾️ သစ်လုပ်ငန်းဒဏ်ခတ်ပိတ်ဆို့မှုများအပေါ် အမေရိကန်လုပ်ငန်းများ ဘယ်လိုတုံ့ပြန်နေသလဲ
အမေရိကန်ပြည်ထောင်စုအတွင်းရှိ သစ်ရောင်းချသူများ၊ သင်္ဘောတည်ဆောက်သူများ၊ ပရိဘောဂ လုပ်ငန်းလုပ်ဆောင်သူများနှင့် အခြားသောကျွန်းသစ်အခြေခံပစ္စည်းများ ထုတ်လုပ်သူများအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများအပေါ်  ပုံစံအမျိုးမျိုးဖြင့် တုံ့ပြန်လျက်ရှိသည်။

အချို့မှာ သစ်တင်သွင်းမှုဆက်လက်လုပ်ဆောင်ရန် သွယ်ဝိုက်လမ်းကြောင်များ အသုံးပြုလျက်ရှိစဉ် အခြားသူများအနေဖြင့် အခြားရွေးချယ်စရာ ထုတ်ကုန်ပစ္စည်းတွေကို ရှာဖွေကြသည်။

အထူးသဖြင့် သင်္ဘောတည်ဆောက်သူများအနေဖြင့် မြန်မာကျွန်းသစ်ကို စိုစွတ်သည့်ပတ်ဝန်းကျင် တွင် ပိုမိုအသုံးခံနိုင်အောင်လုပ်ဆောင်ပေးသည့် စီလီကွန်းဒြပ်ပေါင်းနှင့် သစ်စေးဓါတ်ပမာဏများစွာ ပါဝင်မှုကြောင့် ကာလရှည်ကတည်းက အသုံးပြုခဲ့ကြသည်။

သို့ရာတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသောအခြေအနေများကြောင့် အချို့လုပ်ငန်းရှင်များအနေ ဖြင့် အခြားပစ္စည်းများကို ပြောင်းလဲသုံးစွဲရန် မဖြစ်မနေလိုအပ်လာမည့်အခြေအနေကို သိရှိလက်ခံ ထားကြပြီး အီရိုကိုသစ်၊ အခြားသစ်များနှင့် ပေါင်းသားကျွန်းသစ် ကဲ့သို့သော အခြားသောပစ္စည်း များကို စမ်းသပ်အသုံးပြုနေကြပါသည်။

ထိုအတောအတွင်း မြန်မာနိုင်ငံရှိ အဆောက်အဦးဟောင်းများမှ ပြန်လည်အသုံးပြုနိုင်သည့် ကျွန်း သစ်များကို အမေရိကန်ပြည်ထောင်စုသို့ တင်ပို့သော လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းတစ်ရပ် ဖြစ်သည့် Techtona အမည်ရှိ ကုမ္ပဏီငယ်တစ်ခုကတော့ ပိတ်သိမ်းသွားခဲ့သည်။

ထိုစီးပွားရေးလုပ်ငန်းအပေါ် COVID 19 ကပ်ရောဂါက ပြင်းပြင်းထန်ထန် ရိုက်ခတ်ခဲ့ပြီး ယင်းစီးပွား ရေးလုပ်ငန်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်း ဘယ်လို သစ် ရောင်းဝယ်ကုန်သွယ်မှုမဆို စစ်ကောင်စီကို ပံ့ပိုးထောက်ပံ့ပေးရာရောက်မယ့်အန္တရာယ် ရှိနေမှာပါ ပဲ။ ကျွန်ုပ်တို့အနေနဲ့ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို မည်သည့်အရာမှ ဆက်လက် တင်သွင်းနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တင်ပို့မယ့်အရာအားလုံးအတွက် ခွင့်ပြုခ ငွေ ပေးရပါတယ်။ ဒီငွေတွေက မှားယွင်းတဲ့လူတွေဆီ ရောက်ရှိသွားမှာ ဖြစ်လို့ပါပဲ။ ဒါကြောင့် ဒီလို စီးပွားရေးလုပ်ငန်းမျိုး၊ အမှန်တကယ်တော့ ဗမာပြည်အတွင်း စီးပွားရေးလုပ်ငန်းအားလုံးအတွက် လက်ရှိအချိန်မှာ လုပ်ဆောင်ဖို့မဖြစ်နိုင်ပါဘူး” ဟု Justice For Myanmar သို့ ပြောကြားခဲ့ပါသည်။

◾️ မြန်မာ့ကျွန်းသစ်တင်သွင်းနေဆဲကုမ္ပဏီများ၏ အပြောစကား
အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း သစ်တင်သွင်းခဲ့ကြသည့် အမေရိကန်ကုမ္ပဏီများကို ၎င်းတို့ ဝယ်ယူရသည့်အခြေအနေများအကြောင်း ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ ကျွန်းသစ်များ ဆက်လက် တင်သွင်းရန် ရည်ရွယ်ခြင်းရှိမရှိတို့ကို Justice For Myanmar က မေးမြန်းခဲ့ပါသည်။

အမေရိကန်အခြေစိုက် ပင်လည်ရေးကြောင်းလုပ်ငန်းကဏ္ဍသို့ သစ်တင်သွင်းကုမ္ပဏီတစ်ခုဖြစ်သော World Panel Products က “အာဏာသိမ်းမှုကိုသဘောမတူပါဘူး၊ ကျွန်ုပ်တို့အနေနဲ့ မြန်မာနိုင်ငံ အတွင်း ကျွန်ုပ်တို့ တိုက်ရိုက်ဝယ်ယူသူမှန်သမျှဟာ မည်သည့်စစ်ဗိုလ်ချုပ်ကြီးများ ဒါမှမဟုတ် ၎င်းတို့ မိသားစုများနှင့် ဆက်နွှယ်မှုမရှိဖို့ သေချာဆောင်ရွက်ပါတယ်” ဟု တုံ့ပြန်ဖြေကြားခဲ့သည်။

World Panel Products က ၎င်းတို့အနေဖြင့် ယခုနှစ်တွင် မြန်မာ့သစ်လုပ်ငန်းမှ ရောင်းချသည့် မည်သည့်လေလံပွဲမှ ပါဝင်ခဲ့ခြင်းမရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။ Panjiva ၏ ကုန်သွယ်ရေး ဆိုင်ရာအချက်အလက်များအရ အာာသိမ်းမှုနောက်ပိုင်း တင်ပို့မှုများတွင် ကုမ္ပဏီအမည်ကို တွေ့ရှိ ရပြီး ဆိုပါတင်ပို့မှုများက အာဏာရှင် စစ်အုပ်စုအား အကြိုးမြတ်များစွာ ရရှိစေနိုင်ပါသည်။

Justice For Myanmar အနေဖြင့် ကျွန်းသစ်တင်သွင်းသူများဖြစ်ကြသည့် J. Gibson McIlvain, East Teak, Lumberbest နှင့် Kingsley Bate တို့ထံ စာရေးသားပေးပို့ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။ 
ကျွန်ုပ်တို့အနေဖြင့် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာ့ကျွန်းသစ်များကို အမေရိကန်သို့  ပို့ ဆောင်ပေးခဲ့ကြသည့် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများဖြစ်ကြသော Clare Express, DB, Apex Shipping (Kerry Logistics ၏ ကုမ္ပဏီခွဲ) နှင့် UCM Cargo တို့ထံလည်း စာရေးသားပေးပို့ခဲ့ပြီး ၎င်းတို့၏ လူ့အခွင့်အရေးဆိုင်ရာ ကနဦးစိစစ်မှုများ၊ အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် စပ်လျဉ်း ၍ မေးမြန်းခဲ့သော်လည်း မည်သည့်ကုမ္ပဏီမှ အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါ။

◾️ ဥရောပကလည်း အာဏာသိမ်းနောက်ပိုင်း မြန်မာကျွန်းသစ်များ ဆက်လက်တင်သွင်းနေ
ဥရောပသမဂ္ဂမှ မြန်မာ့သစ်လုပ်ငန်းအပေါ် ယခုနှစ် ဇွန်လအတွင်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ သည်။ ဥရောပကုမ္ပဏီများကလည်း ယခုအချိန်အထိ ကျွန်းသစ်များ တင်သွင်းနေဆဲ ဖြစ်သည်။

Environmental Investigation Agency ၏ အစီရင်ခံစာ တစ်စောင်တွင် အီတလီ တစ်နိုင်ငံတည်း ကပင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှ ယူရို ၂ သန်းတန်ဖိုးရှိတဲ့ ကျွန်းသစ်များကို တင်သွင်းခဲ့ပြီး ဖြစ်သည်။

ဥရောပ၏ ကျွန်းသစ်ကုန်သွယ်မှု ပြဿနာသည်လည်း အမေရိကန်ပြည်ထောင်စုသို့ ကုန်သွယ်မှုနဲ့ အလားသဏ္ဍန်တူနေပါသည်။ ကုမ္ပဏီများအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်းကွင်းနိုင်ခဲ့ ကြသည်။ ဥရောပအနေဖြင့် ကျွန်းသစ်ကုန်သွယ်မှုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြည့်ပြည့်ဝဝ အသက်ဝင်ခြင်းမရှိသည့် အီတလီနှင့်အခြားနိုင်ငံများ မှတဆင့် ကုန်သွယ်ရောင်းဝယ်မှုများမှာ ပါဝင်နေပါသည်။

ဥရောပရှိ ကုမ္ပဏီများအနေဖြင့် ဥရောပအတွင်း တရားမဝင်စိုက်ပျိုးထုတ်လုပ်သည့် သစ်များ ရောင်းချခြင်းကို ကန့်သတ်ပိတ်ပင်ထားသည့် ဥရောပသမဂ္ဂသစ်လုပ်ငန်းဆိုင်ရာစည်းမျဉ်းများ အရ သစ်ကုန်သွယ်မှုများတွင် တင်ကြိုကနဦးစိစစ်မှု လုပ်ဆောင်ရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံမှ ကျွန်းသစ်ကုန်သွယ်မှုမှန်သမျှအတွက် တင်ကြိုကနဦးစိစစ်ရန် အားထုတ်မှုက ထောက်ပံရေးကွင်းဆက်အတွင်း MTE ၏ ပါဝင်မှုကို ဖော်ထုတ်ပေးလိမ့်မည်ဖြစ်ပြီး ကုမ္ပဏီတစ်ရပ် အနေဖြင့် အဆိုပါတင်သွင်းမှုများကို ဆက်လက်လုပ်ဆောင်ရန် သင့်လျော်မည် မဟုတ်ပေ။

မြန်မာနိုင်ငံမှ တရားမဝင်ကျွန်းသစ်များ ကုန်သွယ်မှုဖြင့် ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်လျက်ရှိသည့် ကုမ္ပဏီများအား စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန်နှင့် တရားစွဲဆိုရန် Environmental Investigation Agency က တောင်းဆိုလျက်ရှိပါသည်။

◾️မြန်မာ့သစ်တင်ပို့မှုများကို ပိတ်ပင်ပါ
ဒဏ်ခတ်ပိတ်ဆို့မှုများက အမေရိကန်ပြည်ထောင်စုသို့ ကျွန်းသစ်စီးဝင်မှုလမ်းကြောင်းကို မရပ်တန့် နိုင်ခဲ့ပေ။ ထို့အတွက် သစ်ကုန်သွယ်မှုမှ တရားမဝင်စစ်ကောင်စီထံ ဘဏ္ဍာငွေစီးဆင်းမှုကို ရပ်တန့်နိုင် ခဲ့ခြင်းမရှိသည်ကို သက်သေအထောက်အထားများက ပြသနေပါသည်။

မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများကိုရပ်တန့်ရန် နိုင်ငံတကာအရေးယူဆောင်ရွက်မှုများ လိုအပ်မှုက အရေးတကြီးအခြေအနေသို့ အလျင်အမြန် ဆိုက်ရောက်လာပါပြီ ဖြစ်သည်။ ခရစ္စမတ် ပွဲတော်နေ့တွင် ကရင်နီပြည်နယ်အတွင်း အနည်းဆုံး လူ (၃၅) ဦးကို မြန်မာစစ်တပ်မှ သတ်ဖြတ် လိုက်ပြီးနောက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် အကြမ်းဖက်မှုများအတွက် တာဝန်ခံရန် တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ သည်။ စစ်ကောင်စီ၏ အကြမ်းဖက်စစ်ဆင်ရေးများသည် အရေးယူပြစ်ဒဏ်ခံရခြင်း အလျဉ်းမရှိဘဲ ဆက်လက် လုပ်ဆောင်နိုင်နေဆဲ ဖြစ်သည်။ မြန်မာစစ် တပ်ကို ကူညီထောက်ပံ့နေပြီး ၎င်းတို့ထိန်းချုပ်ထားသည့် အဖွဲ့အစည်းများနှင့် ကုန်သွယ်မှု ဆောင်ရွက်နေကြသည့် ကုမ္ပဏီများသည် မြန်မာစစ်တပ်က ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်နေခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနှင့် အခြားသောနိုင်ငံတကာအစိုးရများအနေဖြင့် စစ်ကောင်စီ၏ အကြမ်း ဖက်စစ်ဆင်ရေးကို ရပ်တန့်ရေး၊ မြန်မာပြည်သူများကို ပံ့ပိုးရေးတို့တွင် ၎င်းတို့၏ အခန်းကဏ္ဍကို အလေးအနက်ထားရှိသည်ဆိုလျင် နောက်ထပ်အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ဖို့ အရေး တကြီး လိုအပ်နေပါသည်။

Justice For Myanmar အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားသော နိုင်ငံတကာအစိုးရများကို အောက်ပါအတိုင်း တောင်းဆိုပါသည်။
• မြန်မာနိုင်ငံနှင့် ကျွန်း၊ သစ်ကုန်သွယ်မှုများကို အရေးတကြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပါ။ OFACအနေဖြင့် ငွေကြေးလွှဲပြောင်းမှုများသည် မြန်မာ့သစ်လုပ်ငန်းအပေါ် လက်ရှိ ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများအား ချိုးဖောက်မှုတစုံတရာရှိမရှိ စုံစမ်းစစ်ဆေး သင့်သည်။ ယင်းတင်သွင်းမှုများအနေဖြင့် ဥပဒေနှင့် ကိုက်ညီလျက်ရှိလျှင် ထိုအချက်သည် လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုများက အမေရိကန်ပြည်ထောင်စုသို့ မြန်မာကျွန်းသစ် ကုန်သွယ်မှု ကို ထိရောက်စွာ တားဆီးပေးနိုင်ခဲ့ခြင်းမရှိကြောင်း ဖော်ပြနေပြီး နောက်ထပ် အရေးယူ ဆောင်ရွက်ချက်များ မဖြစ်မနေ လိုအပ်နေပါသည်။

• ကျွန်းသစ်ပေးချေးငွေများကို ဆောင်ရွက်ပေးလျက်ရှိသည့် ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်း အားလုံးတို့အား ချက်ချင်း စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်ပါ။

• မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပါဝင်သည့် လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုများကို အသက်ဝင်စေရန် တက်တက်ကြွကြွ ဆောင်ရွက်ပါ။

• မြန်မာနိုင်ငံမှ ကျွန်းသစ်တင်သွင်းမှုများနှင့် စပ်လျဉ်း၍ Lacey Act ကို အသက်ဝင်ရန် ဆောင် ရွက်ပါ။

• သစ်အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားသည့်လုပ်ငန်းများမှ ထုတ်ကုန်များတင်ပို့မှုတွင် ပါဝင်သည့် ကုမ္ပဏီနှင့် ဒါရိုက်တာပုဂ္ဂိုလ်အားလုံးအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ မှုအသစ်များ ချမှတ်ပါ။

• အခြားသောစစ်တပ်ဆက်နွှယ်စီးပွားရေးလုပ်ငန်းနှင့် မိတ်ဖက်အားလုံးတို့အပေါ် ပစ်မှတ် ထား ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ပါ။

• တရားမဝင်စစ်ကောင်စီထံ နောက်ထပ်အခွန်ဝင်ငွေများ ရောက်ရှိမှုကို ကာကွယ်ရန် မြန်မာ့ သစ်တင်သွင်းမှုအားလုံးကို ပိတ်ပင်ပါ။

အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှုများကြား မြန်မာ့ကျွန်းသစ်ကုန်သွယ်မှု ဆက်လက်လုပ်ဆောင်သည့် ကုမ္ပဏီများ
အောက်ဖော်ပြပါအပိုင်းတွင် ကျွန်ုပ်တို့အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်အာဏာ သိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ကျွန်းသစ်ကုန်သွယ်မှုတွင် ပါဝင်ခဲ့ကြသည့် ကုမ္ပဏီများ၏ အသေးစိတ်အချက်အလက်များကို ဖော်ပြသွားမည် ဖြစ်သည်။

◾️အမေရိကန်သို့ သစ်အများဆုံးတင်သွင်းသူ : East Teak Fine Hardwoods
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့သစ်တင်သွင်းမှု၏ ၄၉ ရာခိုင်းနှုန်းအထိကို အမေရိကန်နိုင်ငံအတွင်း မြန်မာ့ကျွန်းသစ်အများဆုံးတင်သွင်းသူ East Teak Fine Hardwoods (ETFH) က တင်သွင်းခဲ့သည်။ ယင်းကုမ္ပဏီတစ်ခုတည်းမှ ကျွန်းသစ်ပျဉ်ချပ်များနှင့် ဖြတ်စ ၇၆၅ တန်ကျော်ကို ဝယ်ယူခဲ့ပြီး ကုန်ပစ္စည်းတင်ပို့မှု ၄၄ ကြိမ်ဖြင့် တင်သွင်းခဲ့ပါသည်။

အဆိုပါကုန်ပစ္စည်းတင်ပို့မှုများကို တင်ပို့ခဲ့ကြသည့် မြန်မာ့သစ်ကုမ္ပဏီများတွင် Thein Than Htun Manufacturing Company Limited, National Wood Industry Ltd, Maha Nadi Maritime Services Company, Unilite Industries & General Serve, Jewellery Teak Timber Company, Pa Pa Wadi Company, Yadanar Tin Company, Lin Win Company, Royal River Trading Company နှင့် KMI Company တို့ ပါဝင်ပါသည်။

ETFH သို့ တင်ပို့ခဲ့သည့် ပြည်တွင်းကုမ္ပဏီများကြားတွင် Thein Than Htun Manufacturing Company Limited  သည် အကြီးဆုံးတင်သွင်းသူ ဖြစ်သည်။ အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း ယင်းကုမ္ပဏီအနေဖြင့် မြန်မာ့သစ်လုပ်ငန်း၏လေလံရောင်းချပွဲများတွင် ကျွန်းသစ်လေလံအောင်သူ အဖြစ် အတည်ပြုထားနိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုသို့ ကုန်ပစ္စည်းတင်ပို့မှု ၂၂ ကြိမ် ပြုလုပ် ထားသည်။

◾️သစ်လုပ်ငန်းကဏ္ဍအတွင်း မေးခွန်းထုတ်ရမည့် ဆက်နွယ်မှုများ
Thein Than Htun Manufacturing Company Limited အနေဖြင့် အမေရိကန် နာမည်ကြီး ကျွန်းအခြေခံ အဆောက်အဦးပြင်ပ ပရိဘောဂထုတ်လုပ်သူကုမ္ပဏီ  Kingsley Bate Warehouse ထံသို့လည်း ကျွန်းသစ်များ ရောင်းချထားခဲ့သည်။

Thein Than Htun ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူ ကျော်ကျော်သည် မြန်မာ့သစ်လုပ်ငန်း၏ လေလံပွဲများတွင် အခြားသောလေလံအောင်ကုမ္ပဏီတစ်ခုဖြစ်သည့် United Wood Industries Company ၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။

အာဏာသိမ်းမှုနောက်ပိုင်း United Wood Industries Company က ကျွန်းသစ်များကို ထောက်ပံ့ ပို့ဆောင်ရေးကုမ္ပဏီ Apex Maritime  မှတဆင့်  “မြန်မာ့သဘာဝကျွန်းသစ်အစစ်အမှန်” များကို အဓိကရောင်းချသည့် သစ်လက်ကားရောင်းချသူကုမ္ပဏီ Lumberbest ထံ တင်ပို့ခဲ့သည်။

United Wood ၏ ဒါရိုက်တာနှင့် ရှယ်ယာရှင်များမှ တစ်ဦးဖြစ်သူ Bjorn Burchard သည် မြန်မာ့ သစ်လုပ်ငန်းနှင့် ကာလရှည်ဆက်နွှယ်မှုများရှိသည့် နော်ဝေနိုင်ငံသားတစ်ဦး ဖြစ်သည်။ ယခင် စစ်အစိုးရလက်ထက်တွင် Bjorn သည် ပရိဘောဂစက်ရုံတစ်ရုံကို မြန်မာ့သစ်လုပ်ငန်းနှင့် ပူးတွဲလည် ပတ်သည့် စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်သော Scantrade ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်ခဲ့ပြီး ၎င်း အား ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့သည်။ နော်ဝေအာဏာပိုင်များအနေဖြင့် Bjorn Burchard အား ကျွန်းသစ်ကုန်သွယ်မှုတွင် ၎င်း၏ ပါဝင်သည့်အခန်းကဏ္ဍအတွက် စုံစမ်းစစ်ဆေး မှုနှင့် တရားစွဲဆိုမှုများ ပြုလုပ်သင့်ပါသည်။

ထိုသို့ အလားသဏ္ဍန်တူစွာပင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း သစ်ကုန်သွယ်မှုများတွင် ပါဝင်ခဲ့ ကြသည့် ကုမ္ပဏီအများအပြားသည် မြန်မာ့သစ်လုပ်ငန်း၊ သစ်တင်ပို့ရောင်းချမှုမြှင့်တင်ရေးလုပ်ငန်း ဆိုင်ရာအသင်းဖြစ်သည့် မြန်မာသစ်ကုန်သည်ကြီးများအသင်းတို့နှင့် နီးကပ်သည့်ဆက်ဆံရေး၊ မေးခွန်းထုတ်ဖွယ်ဆက်နွယ်မှုများ ရှိကြသည်။

မြန်မာသစ်ကုန်သည်ကြီးများအသင်းသည် မြန်မာသစ်လုပ်ငန်းရှင်များ၊ နိုင်ငံခြားဝယ်ယူသူများနှင့် မြန်မာ့သစ်လုပ်ငန်းတို့အကြား ကုန်သွယ်မှုဆက်ဆံရေးကို အဆင်ပြေချောမွေ့စေရန် ပံ့ပိုးကူညီရာ တွင် အဓိကအခန်းကဏ္ဍမှပါဝင်နေသည်။ ၎င်းအသင်းအနေဖြင့် စစ်ကောင်စီနှင့် နီးကပ်စွာဆက်နွယ် နေသည့် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ လမ်းညွှန်မှု အောက်တွင် လုပ်ကိုင်လည်ပတ်ပါသည်။

ဥပမာအနေဖြင့် KMI Company နှင့် National Wood Industry Limited တို့သည် စစ်အာဏာ သိမ်းကြိုးပမ်းမှုနောက်ပိုင်း အမေရိကန်ပြည်ထောင်စုသို့ ကျွန်းသစ်တင်ပို့ခဲ့ကြသည့် ကုမ္ပဏီများ ဖြစ် သည်။ အဆိုပါကုမ္ပဏီများတွင် ကျော်ဝင်းနှင့် ရဲထက်ဝင်းတို့သည် ကုမ္ပဏီနှစ်ခုလုံးတွင် ဒါရိုက်တာ များ ဖြစ်ကြသည်။ ကျော်ဝင်းသည် မြန်မာသစ်ကုန်သည်ကြီးများအသင်းတွင် ဂုဏ်ထူးဆောင်စာရင်း စစ် တစ်ဦးဖြစ်ပြီး ရဲထက်ဝင်းသည် ဗဟိုအလုပ်မှူဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။

KMI ကုမ္ပဏီ၏ အခြားဒါရိုက်တာတစ်ဦးဖြစ်သူ မင်းသော်ကောင်းသည် အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း အမေရိကန်ပြည်ထောင်စုသို့ ကျွန်းသစ်တင်ပို့ခဲ့သည့် အခြားသစ်ကုမ္ပဏီတစ်ခုဖြစ်သည့် Win Enterprise Limited ၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။ Win Enterprise Limited သည် Forest Products Joint Venture Corporation ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်သည်။ မင်းသော်ကောင်း သည် မြန်မာသစ်ကုန်သည်ကြီးများအသင်း၏ အထွေထွေအတွင်းရေးမှူး (၂) ဖြစ် ပြီး Forest Products Joint Venture Corporation ၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။ Forest Products Joint Venture Corporation သည် မြန်မာ့သစ်လုပ်ငန်း၊ မြန်မာနိုင်ငံသစ်တော ဝန်ကြီးဌာနှင့် ပုဂ္ဂလိကလုပ်ငန်းများအကြား ဖက်စပ်လုပ်ငန်းတစ်ရပ် ဖြစ်ပြီး ဥရောပသမဂ္ဂ က  ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသည်။

◾️အမေရိကန်သို့ အခြားသော ပမာဏအများအပြား သစ်တင်သွင်းသူများ
အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ဒုတိယနှင့် တတိယအကြီးဆုံး အမေရိကန်ကျွန်းသစ်တင်သွင်း သူကုမ္ပဏီများမှာ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းနယ်ပယ်တွင် နာမည်ကြီး သစ်လက်ကားရောင်း ချသူကုမ္ပဏီဖြစ်သည့် J. Gibson McIlvain Company နှင့် အမေရိကန်နိုင်ငံတွင် နာမည်ကြီး ပင်လယ်ရေကြောင်းဆိုင်ရာ marine panel ဖြန့်ချိသူကုမ္ပဏီ World Panel Products တို့ ဖြစ်ကြသည်။

အဆိုပါကုမ္ပဏီနှစ်ခုလုံးသည် Win Enterprise Ltd နှင့် Myat Noe Thu Company တို့ထံမှ ကျွန်း သစ်များ ဝယ်ယူခဲ့သည်။ J. Gibson McIlvain Company ကုမ္ပဏီသည် Golden Pollen Manufacturing Company, Water Solutions Company, Tharaphu Decor Company တို့ ထံမှလည်း ကျွန်းသစ်များ ဝယ်ယူခဲ့ပြီး World Panel Products ကုမ္ပဏီသည် KMI Company ထံမှလည်း ဝယ်ယူခဲ့ပါသည်။ သိသာထင်ရှားမှုတစ်ရပ်အနေဖြင့် Water Solutions Company နှင့် Tharaphu Decor Company တို့တွင် မင်းမင်းရှိန်က ဒါရိုက်တာအဖြစ် ကုမ္ပဏီနှစ်ခုလုံးတွင် ဆောင်ရွက်ပါသည်။

◾️ ဒဏ်ခတ်ပိတ်ဆို့မှုများကြားတွင် မြန်မာနိုင်ငံမှ သစ်များကို အမေရိကန်သို့ တင်ပို့နေသည့် ကုန်စည် ပို့ဆောင်ရေးကုမ္ပဏီများ
အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့တွင် လုပ်ကိုင်နေသည့် ကုန်ပစ္စည်းတင်ပို့သည့် ကုမ္ပဏီ အများအပြားသည်လည်း ကျွန်သစ်ကုန်သွယ်မှုတွင် ကြံရာပါ ပါဝင်ပတ်သက်နေပါသည်။

◾️အမေရိကန်သို့ သစ်အများဆုံးတင်သွင်းသူ : Clare Group
ထိုကုမ္ပဏီများထဲတွင် Clare Group  တစ်ခုထဲကပင် ကုန်ပစ္စည်းတင်ပို့မှု ၅၄ ကြိမ်တွင် သစ်တန် (၁,၀၀၀) နီးပါးကို သယ်ယူပို့ဆောင်ပေးထားပြီး ယင်းပမာဏသည် အာဏာသိမ်းမှုနောက်ပိုင်း ကျွန်းသစ် တင်သွင်းမှု၏ ၆၄ ရာခိုင်နှုန်းနှင့် ညီမျှသည်။

Clare Group သည် နိုင်ငံစုံထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်းများစွာတွင် ကုမ္ပဏီခွဲများဖွင့်လှစ်ထားကာ ထိုင်ဝမ်တွင် ရုံးချုပ်တည်ရှိသည်။

◾️ကုန်ပစ္စည်းတင်ပို့သူ အခြားကုမ္ပဏီများ
ယင်းသစ်တင်ပို့မှုများတွင် ပါဝင်ခဲ့သည့် အခြားသောကုန်ပစ္စည်းတင်ပို့သော ကုမ္ပဏီတစ်ခုမှာ အီတလီကုမ္ပဏီ D.B. Group ဖြစ်ပြီး ယင်းကုမ္ပဏီသည် နိုင်ငံတကာသယ်ယူရေးနှင့် ထောက်ပံ့ပို့ ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။ ၎င်း၏ မြန်မာကုမ္ပဏီခွဲ D.B Group Myanmar Company သည် D.B. Group ၏ အမေရိကန်အခြေစိုက် ကုမ္ပဏီခွဲ D.B. Group America သို့ ကျွန်းသစ်များ တင်ပို့ခဲ့သည်။

Great Foremost Logistics Company Ltd နှင့် ဂျာမန်ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်စီမံခန့်ခွဲရေးကုမ္ပဏီ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော IFB Myanmar Ltd တို့သည်လည်း အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ကျွန်းသစ်များကို အမေရိကန် ပြည်ထောင်စုသို့ တင်ပို့ခဲ့သည်။
ကျွန်းသစ်တင်ပို့မှုများတွင် အဆိုပါအီတလီနှင့် ဂျာမန်အဆက်အသွယ်ကုမ္ပဏီများ  ပါဝင်ပတ်သက် မှုသည် မြန်မာ့သစ်လုပ်ငန်းအပေါ် ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်နိုင်ဖွယ် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ဥရောပသမဂ္ဂဒဏ်ခတ်ပိတ်ဆို့မှုများသည် မည်သည့်နေရာတွင် လုပ်ကိုင်လည်ပတ်သည်ဖြစ်စေ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအတွင်း တည်ရှိသည့် ကုမ္ပဏီများ အားလုံး အပေါ် သက်ရောက်သောကြောင့် ဖြစ်သည်။

ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်စည်တင်ပို့ရေးဝန်ဆောင်မှုနှင့် ကုန်စည်သိုလှောင်ထိန်းသိမ်းရေးလုပ် ငန်းများတွင် လုပ်ဆောင်နေသည့် ဟောင်ကောင်အခြေစိုက်ကုမ္ပဏီ Kerry Logistics သည် ၎င်း၏ ကုမ္ပဏီခွဲ Kerry Freight Myanmar Ltd နှင့် အမေရိကန်ကုမ္ပဏီခွဲ Apex Maritime တို့မှတဆင့် အမေရိကန်ပြည်ထောင်စုသို့ ကျွန်းသစ်သယ်ယူပို့ဆောင်ရေးတွင် ထပ်တိုးပါဝင်ပတ်သက်နေသည်။

အမေရိကန်ပြည်ထေင်စုအတွင်းရှိ ကုန်စည်တင်ပို့ကုမ္ပဏီများဖြစ်ကြသည့် Aries Global Logistics Inc., Mcl Multi Container Line Inc. နှင့် United Cargo Management Inc တို့ကိုလည်း ကျွန်းသစ်တင်ပို့မှုများတွင် “ကုန်စည်လက်ခံသူ” များအဖြစ် စာရင်းသွင်း ဖော်ပြထားပါသည်။

အမေရိကန်သို့ သစ်ကုန်သွယ်ရာတွင်ပါဝင်သည့် ကုမ္ပဏီနှင့်  လူပုဂ္ဂိုလ်များ စာရင်းကို ဤနေရာတွင်ကြည့်ပါ။ 👉🏽 https://bit.ly/3neG9P6


Justice For Myanmar မှ ကူးယူသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar