Breaking News

မသီတာ (စမ်းချောင်း) - အနာဂတ်အိပ်မက်အတွက် ကံတွေ ကောင်းကြပါစေ

မသီတာ (စမ်းချောင်း) - အနာဂတ်အိပ်မက်အတွက် ကံတွေ ကောင်းကြပါစေ
(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၂၂

အတိတ်ဆိုတာ ကောင်းကောင်းဆိုးဆိုး ပြန်ပြင်လို့ မရတော့ပေမဲ့ အနာဂတ်ကိုတော့ မကောင်း-ကောင်းအောင် ခြေလှမ်းပြင်လို့ ရပါတယ်။ ဒီကနေ့ဟာ မနက်ဖြန်အတွက် အတိတ်ဖြစ်သွားမှာမို့  ဒီကနေ့တိုင်းဟာ ကောင်းနေဖို့ လိုတာပေါ့။ ဒါမှ မနက်ဖြန်ကျရင် ပိုကောင်းလာမယ်လို့ မှန်းနိုင်တာကိုး။

ဒီနေ့ထိတော့ ကျမတို့ လူ့အဖွဲ့အစည်းမှာ အမုန်းတွေ၊ အာဃာတတွေ သိပ်သည်းထန်နေဆဲပါပဲ။ အကြမ်းဖက်မှုတွေဆိုတာလည်း အံ့ဩစရာကောင်းလောက်အောင် မကြားဝံ့ မမြင်ဝံ့စရာ ကြုံတွေ့နေကြရပါတယ်။ တကယ်တော့ အတိတ်မှာရော ဒီကနေ့မှာပါ ဖြစ်ခဲ့ ဖြစ်နေဆဲ နိုင်ငံရေးဖြစ်ရပ်တွေဟာ အကောင်းရယ်လို့ မရှိလောက်အောင် ဆိုးရွားလှပါတယ်။ ဒါဖြင့် အနာဂတ်ဟာ မျှော်လင့်စရာ မရှိတော့ဘူးတဲ့လား။ 

‘ငါတို့မှာ ငါတို့ပဲ ရှိတယ်’ ဆိုတဲ့အသံတွေဟာ ‘ဒီဒေး’ နောက်ပိုင်းမှာ တိုးတိတ်လာခဲ့တယ်။ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီလက်နက်ကိုင်တွေကို ‘ငါတို့’ တစ်ယောက်ချင်းစီက လက်ဗလာနဲ့ ခုခံနိုင်ဖို့ ခဲယဉ်းလာခဲ့ရာက ‘တန်ပြန်လက်နက်’ ဟာ အဆုံးအဖြတ်ပေးနိုင်တဲ့အရာလို့ လက်ခံခဲ့ကြရတယ်။ အဲဒီကနေ ‘ငါတို့’ ဟာ ‘ကယ်တင်ရှင် (လက်နက်ကိုင်)’ ကို မျှော်တတ် အားကိုးတတ်လာကြရပြန်ပါပြီလား။ တကယ်တော့ လက်နက်မကိုင်နိုင်လည်း ‘ငါတို့’ ကိုယ်တိုင်က အနာဂတ်အတွက် ကိုယ့်ဘာသာ ကယ်တင်နိုင်အောင် လုပ်နိုင်ကြသေးတယ်ဆိုတာ မမေ့ကြရအောင်လား။ ဟုတ်တယ်လေ။ ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတဲ့ စည်းလုံးစိတ်၊ စာနစိတ်ဆိုတာ မကုန်ခမ်းသရွေ့ တော်လှန်ရေးရဲ့ အစွမ်းထက်လက်နက်တွေ ရှိနေဦးမှာပဲကိုး။

တော်လှန်ရေးသမားတွေအနေနဲ့ ကိုယ့်ရဲ့အစွမ်းထက်လက်နက်ဖြစ်တဲ့ နိုင်ငံကို ကောင်းစေချင်စိတ်၊ လူလူချင်း တန်းတူညီမျှမှုအပေါ် အခြေခံတဲ့ သွေးစည်းခိုင်ကျည်စိတ်၊ မျိုးဆက်အချင်းချင်းကြား စာနာအားပေးစိတ်၊ အစုအဖွဲ့အချင်းချင်းကြား သတင်းမှန်ဖလှယ်ပြီး ဗျူဟာနယ်ပယ် ချဲ့ထွင်ပူးပေါင်းမှု၊ စနစ်ကျပြီး ထိရောက်တဲ့ လှုပ်ရှားခုခံမှု ဒါတွေကို လက်မလွတ်တမ်း ဆုပ်ကိုင်ထားနိုင်သရွေ့ ရန်သူ့လက်နက်က တော်လှန်ရေးကို မသတ်နိုင်ပါဘူး။ 

တော်လှန်ရေးရဲ့ ဗဟိုချက်မှာ နိုင်ငံရေးနဲ့ စစ်ရေးဦးဆောင်တဲ့အဖွဲ့တွေ ရှိနေတယ်ဆိုပေမဲ့ တော်လှန်ရေးအဝန်း အဝိုင်းဟာ နိုင်ငံရဲ့နယ်နမိတ်ကိုတောင် ဖြတ်ကျော်နေပြီးပြီပဲ။ ‘ငါတို့’ ဆိုတာ အဲဒီလောက်ထိကို ကြီးမားကျယ် ပြန့်တယ်လေ။ ‘ငါတို့’ ဆိုတာ လူမျိုးစု၊ ဘာသာတရား၊ နိုင်ငံရေးယုံကြည်ချက်၊ ပါတီအသင်းအဖွဲ့၊ အသက် အရွယ်မျိုးဆက်ဆိုတဲ့ အမှတ်လက္ခဏာတစ်ခုခုရှိပြီး မတူကွဲပြားကြပေမဲ့ ဒီရေ ဒီမြေ ဒီနိုင်ငံကို ကောင်းစားစေချင်တယ်ဆိုတဲ့ စိတ်အရာမှာတော့ တူကြတယ်လေ။ ပြည်ပမှာ နှစ်ကာလများစွာနေပြီး နိုင်ငံသားတောင် ပြောင်းလဲခံယူထားကြပေမဲ့ ဒီတိုင်းပြည်ကြီးကိုပဲ ‘ငါ့နိုင်ငံ’ လို့ သတ်မှတ်နေကြတာလေ။ (နိုင်ငံသားခံယူထားတဲ့နိုင်ငံကိုတော့ ‘ငါ နေတဲ့ နိုင်ငံ’တဲ့) အဲဒီလို နိုင်ငံကို ကောင်းစားစေချင်စိတ်ဟာ မတူကွဲပြားတဲ့ အမှတ်လက္ခဏာတစ်ခုခုကို အကြောင်းပြုပြီး ‘ငါတို့နဲ့ တူတဲ့သူတွေ’ ကိုတော့ ‘ပိုပြီး ကောင်းစားစေချင်တယ်၊ စေတနာထားတယ်’ ဆိုတာမျိုး ဖြစ်လာပြီဆိုရင် ရန်သူရဲ့ သွေးခွဲလက်နက်ဟာ အလုပ်ဖြစ်လို့ ရပြီပေါ့။ တော်လှန်ရေးကို ယိမ်းခါစေနိုင်ပြီပေါ့။ ဒါကြောင့် ‘ငါတို့’ အားလုံးရဲ့ အနာဂတ်အိပ်မက်မှာ ‘ငါတို့အားလုံးရဲ့တိုင်းပြည်’ ‘ငါတို့အားလုံး တပြေးညီ ကောင်းစားရမယ်’ ဆိုတဲ့ စိတ်ကူးတွေ ကွန့််မြူးရှင်သန်နေဖို့ လိုတာပေ့ါ။ တစ်စုချင်းရဲ့ အမှတ်လက္ခဏာထက် ‘စုပေါင်းအမှတ်လက္ခဏာ’ ကိုမှ အယုံအကြည်မရှိရင် ဖက်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် အနာဂတ်အတွက် ခုကတည်းက ပြင်ဆင်ထားရမယ့်အထဲမှာ ‘စုပေါင်းအမှတ်လက္ခဏာ’ ကို ရှာကြဖို့ ယုံကြည်ကြဖို့ ခံယူကျင့်သုံးကြဖို့ဆိုတာတွေ ပါတာပေါ့။ 

သူက အရေးပါပြီး ငါက အဖြည့်ခံ ဖြစ်နေရပါလားလို့ တွေးနေစရာမလိုလောက်အောင် ‘ငါတို့’ တိုင်းက ကိုယ့်နေရာနဲ့ကိုယ် အရေးပါကြသူတွေပါပဲ၊ တာဝန် ယူထားရတာချင်း မတူတာဘဲ  ရှိမှာပေါ့။ လူလူချင်း တန်းတူညီမျှမှုအပေါ် အခြေခံတဲ့ သွေးစည်းခိုင်ကျည်စိတ်၊ မျိုးဆက်အချင်းချင်းကြား စာနာအားပေးစိတ်ဆိုတာတွေဟာ တော်လှန်ရေးရဲ့ အစွမ်းထက်တဲ့ လက်နက်တွေပဲလေ။ ဘာလို့များ မျိုးဆက်တစ်ခုက နောက်တစ်ခုကို၊ တော်လှန်ရေးအင်အားစုတစ်ခုက နောက်တစ်ခုကို အထင်သေးတာ၊ ရှုံ့ချပြစ်တင်တာတွေ နင်းကန်လုပ်နေရဦးမှာလဲ။ ‘ငါတို့’ကိုယ် ‘ငါတို့’ အစွမ်းကုန် ချစ်နေ စာနာပေးနေကြရင် စိတ်ခွန်အားတွေ ပိုများလာမှာ မဟုတ်ဘူးလား။ အနာဂတ်ကျရင်လည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်တဲ့အခါ ဒီစိတ်ဓာတ်မျိုးတွေမှ မရှိရင် ‘ငါတို့’အချင်းချင်း ငြိုငြင်နေရတာနဲ့တင် ‘ငါတို့’ ပန်းလောက် နွမ်းလောက်တယ်လေ။ ဒီတော့ ကျရာနေရာက ကျရာအလုပ်ကို  လုပ်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးအစပိုင်းကာလတွေကို ပြန်တွေးပြီး အားယူကြရအောင်ပါ။ သေပြေးရှင်ပြေး ပြေးသွားရသူတွေ ကျန်ရစ်တဲ့ ဖိနပ်တွေကို စီပေးထားတဲ့ သွေးစည်းစိတ်၊ စာနာစိတ်တွေဟာ အချည်းနှီး တန်ဖိုးမဲ့မှမဟုတ်ဘဲ။ ကိုယ့်အချင်းချင်းကြားမှာ အလိုက်တသိ ဖြည့်ဆည်းပေးဖို့ ဘယ်လိုလူမျိုးကမဆို အဆင်သင့်ဖြစ်နေတဲ့ သွေးစည်းခိုင်ကျည်စိတ်၊ စာနာအားပေးစိတ်တွေဟာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကျရင်လည်း ပိုပြီး လိုအပ်ဦးမှာလေ။ ဖက်ဒရယ်မို့ ကိုယ့်နယ်မြေနဲ့ကိုယ်ဆိုပြီး တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ခြုံငုံတွေးတောစဉ်းစားတာမျိုး မလုပ်နိုင်ရင် သဘောဆန္ဒအလျောက်ပေါင်းစည်းတဲ့ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ဖြစ်မလာနိုင်တော့ဘူး မဟုတ်လား။ တကယ်တော့ ခုချိန်မှာကတည်းက တစ်ယောက်ကို တစ်ယောက် အလိုက်တသိ ချစ်ခင်ကြင်နာ စာနာအားပေး ဖြည့်ဆည်းပေးကြတဲ့ အလေ့အထကို လုပ်ပေးနိုင်ကြရင် အနာဂတ်ပြည်ထောင်စုအတွက် အဆင်သင့်ဖြစ်ရာကျမှာပါ။ ဒါတွေကို လုပ်ခဲ့ကြဖူးပါတယ်။ လုပ်နေကြဆဲလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ခုထက် ပိုလုပ်ဖို့ လိုနေသေးတာတော့ အမှန်ပါပဲ။ ရန်သူ့ဘက်က သွေးခွဲရန်တိုက်ဗျူဟာ အလုပ်ဖြစ်လာတဲ့ အရိပ်အယောင် ပေါ်လာရင် ဒါဟာ သူတို့ စွမ်းလို့ထက် ‘ငါတို့’ မစွမ်းတော့လို့ပဲ မဟုတ်လား။ 

ဒီနေရာမှာ တခါတုန်းက ရေးခဲ့ဖူးတဲ့ စာသားတချို့ကို ပြန်လည်ဖော်ပြချင်ပါတယ်။ ‘ကျွန်မတို့ရဲ့ ခံစားသိမှာ ဒီမြေနဲ့ဒီနိုင်ငံက ငါတို့ကို ပိုင်တယ်၊ ငါတို့ဟာ ဒီမြေ၊ ဒီနိုင်ငံရဲ့ သယံဇာတပဲ၊ ပိုင်ဆိုင်မှုပဲလို့ ဖြစ်ကြတဲ့အခါ ဒီမြေ၊ ဒီနိုင်ငံကြီးကောင်းဖို့ ငါတို့ကိုယ်တိုင်ကောင်းမှ ဖြစ်မယ်၊ ငါတို့ကိုယ်တိုင် တန်ဖိုးရှိနေမှ ဖြစ်မယ်၊ ဒီမြေဒီနိုင်ငံရဲ့ ဘယ်နေရာဒေသက အရေးကိစ္စမဆို၊ ဘယ်လူမျိုးစုအစုအဖွဲ့ရဲ့ အရေးကိစ္စမဆို ငါနဲ့သက်ဆိုင်တယ်၊ ငါ့မှာတာ၀န်ရှိတယ်၊ ငါက ဒီနိုင်ငံရဲ့ ပိုင်ဆိုင်ခံထားရတဲ့ နိုင်ငံသားမို့ တစ်နိုင်ငံလုံးရဲ့ ပြဿနာတွေကို ငါ သိထားမှ ဖြစ်မယ် ငါ နားလည်ထားမှ ဖြစ်မယ်၊ ငါ့အပြုအမူ၊ အပြောအဆို၊ အတွေးအကြံတွေကြောင့် ငါ့ကို ပိုင်ဆိုင်ထားတဲ့ ငါ့နိုင်ငံမှာ ပဋိပက္ခတွေ၊ ပြဿနာတွေမဖြစ်စေရဘူး စတဲ့ စတဲ့ ခံစားသိတွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ တနည်းအားဖြင့် ပိုင်ဆိုင်ခံထားရသူနေရာကနေ ပေးဆပ်လိုစိတ်တွေသာ ပိုများလာမှာ ဖြစ်ပါတယ်။

ငါ လုပ်ပေးလို့ ငါ့နိုင်ငံကောင်းစေမယ်ဆိုတာထက် ငါ့နိုင်ငံ ကောင်းဖို့ ငါ ကောင်းမှဖြစ်မယ်၊ ငါ ကောင်းကောင်း လုပ်မယ်ဆိုတဲ့ ခံစားသိဟာ တာ၀န်သိပြီး တက်ကြွတဲ့ နိုင်ငံသားစိတ်ဓာတ်ရဲ့ အခြေခံလည်း ဖြစ်ပါတယ်။ အဲဒီစိတ်ဓာတ်အခြေခံဟာ ဘယ်လို လူမျိုးဖြစ်ပါစေ၊ ဘယ်လိုဘာသာကို ကိုးကွယ်သူဖြစ်ပါစေ၊ ဘယ်လိုပါတီ၀င်ဖြစ်ပါစေ၊ ဘယ်လိုအသက်မွေး၀မ်းကျောင်းရှင်ဖြစ်ပါစေ ဒီနိုင်ငံရဲ့ပိုင်ဆိုင်မှုတွေပဲမို့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့ တန်းတူညီမျှတန်ဖိုးထားတဲ့ ခံစားသိကိုလည်း မွေးဖွားပေးနိုင်မယ်လို့ ယူဆပါတယ်။’

ဒီတော့ အနာဂတ်ဟာ မျှော်လင့်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးဟာ စစ်အာဏာရှင် ပြုတ်ကျရုံနဲ့ ရပ်မသွားဘူးလို့ ကျမတို့ ‘ငါတို့’ ကပဲ ဆုံးဖြတ်ခဲ့ကြတာ မဟုတ်လား။ အခိုက်အတန့်မှာ အခက်အခဲတွေ အကြပ်အတည်းတွေ ရှိမှာပေါ့။ ‘ငါတို့’ ရဲ့အိပ်မက်က ကြီးတာကိုး။ အနာဂတ်အတွက် ဒီကနေ့ လုပ်နိုင်တာတွေလည်း အများကြီးပဲ မဟုတ်ဘူးလား။ တခါတုန်းက ကျင့်သုံးဖူးခဲ့ကြတဲ့ထဲက ကောင်းနိုးရာရာနဲ့ အနာဂတ်အတွက် အထောက်အကူပြုမယ့် အတွေး၊ အပြော၊ အလုပ်ဆိုတဲ့ ကံသုံးပါးကို ဒီကနေ့ လုပ်နေကြဖို့ကသာ လိုရင်းပါပဲ။ ကံကောင်းပါစေဆိုတာ ဆုတောင်းမှ မဟုတ်တာ၊ သတိပေးစကားပါလေ။ အတိတ်က ကံမကောင်းခဲ့ပေမဲ့ ဒီကနေ့ ကျမတို့ ‘ငါတို့’ အားလုံးရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေကို အနာဂတ်အကျိုးအတွက်အလို့ငှာ အကောင်းဆုံး စောင့်ရှောက်ကျင့်သုံးကြရမယ်လို့ ‘ငါတို့’ အချင်းချင်း သတိပေးကြရအောင်လေ။ ‘ငါတို့’ ကံတွေ ကောင်းကြပါစေ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar