Breaking News

လှကျော်ဇော - မော်စီတုန်းရဲ့ ဆက်ဆံမှုကြီး (၁၀) ချက် (အဋ္ဌမအချက်)

လှကျော်ဇော - မော်စီတုန်းရဲ့ ဆက်ဆံမှုကြီး (၁၀) ချက် (အဋ္ဌမအချက်)
(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၂၂

◾️ တော်လှန်ရေးနဲ့ တန်ပြန်တော်လှန်ရေးအကြား ဆက်ဆံရေး
တန်ပြန်တော်လှန်ရေးသမားဆိုတာ ဘယ်သူတွေလဲ။ သူတို့ဟာ အနုတ်လဏ္ခဏာရှိသူတွေ၊ အဖျက်သဘောဆောင်သူတွေဖြစ်ပြီး၊ အပေါင်း လက္ခဏာဆောင်တဲ့ အပြုသဘောဆောင်သူများကို ဆန့်ကျင်တဲ့အင်အားစုများဖြစ်ပါတယ်။ တန်ပြန်တော်လှန်ရေးသမားများကို ပြုပြင်ပြောင်းလဲနိုင်မလား။ ခေါင်းမာဂိုဏ်းကိုတော့ မပြောင်းလဲနိုင်မှာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေအရ တန်ပြန်တော်လှန်ရေးသမားအများစုဟာ နောက်ဆုံးမှာ အနည်းနဲ့အများ ပြောင်းလဲနိုင်ပါတယ်။ မှန်ကန်တဲ့ပေါ်လစီများကို ကျွန်တော်တို့ကျင့်သုံးနိုင်မှုကြောင့် လူအတော်များများကို တော်လှန်ရေးကိုမဆန့်ကျင်တော့တဲ့ လူတွေဖြစ်အောင်ပြောင်းလဲနိုင်ခဲ့ပြီး၊ လူတချို့ဆိုရင် တော်လှန်ရေးအပေါ်ကောင်းမှုတွေတောင် လုပ်ပေးခဲ့ပါတယ်။

အောက်ပါအချက်များကိုတော့ အတည်ပြုရပါလိမ့်မယ်။
ပထမ။ ၁၉၅၁-၅၂ ခုနှစ်ကလုပ်ဆောင်ခဲ့တဲ့ တန်ပြန်တော်လှန်ရေးသမားများကို နှိမ်နှင်းရေးဟာ လိုအပ်တယ်ဆိုတာ အတည်ပြုရပါမယ်။ ဒီလှုပ် ရှားမှုဟာ ဆင်နွှဲစရာမလိုဘူးဆိုတဲ့အမြင်တချို့ရှိပါတယ်။ ဒါဟာ မှားပါတယ်။ တန်ပြန်တော်လှန်ရေးသမားတွေကို ဒီလိုနည်းတွေနဲ့ဖြေရှင်းနိုင်ပါတယ်။ သေဒဏ်ပေးခြင်း၊ ထောင်ဒဏ်ချခြင်း၊ ကြီးကြပ်ထိန်းချုပ်ခြင်း၊ လွှတ်ပေးထားခြင်း။

◾️ သေဒဏ်ပေးခြင်း
ဒါရဲ့အဓိပွါယ်ကိုတော့ လူတိုင်းသိပါတယ်။ 

◾️ ထောင်ဒဏ်ချခြင်း
တန်ပြန်တော်လှန်ရေးသမားတွေကို ထောင်ထဲထည့်ထားပြီး လုပ်အားနဲ့ပြုပြင်ပြောင်းလဲတာ။

◾️ ကြီးကြပ်ထိန်းချုပ်ခြင်း
လူ့အဖွဲ့အစည်းထဲမှာပဲနေခွင့်ပြုပြီးလူထုရဲ့ကြပ်မတ်မှုနဲ့ ပြုပြင်ပြောင်းလဲတာ။

◾️ လုံးဝလွှတ်ပေးလိုက်တာ
ဖမ်းသင့် မဖမ်းသင့် ဝေခွဲမရသူများ၊ ဖမ်းခံရပြီးနောက် ဖော်ပြချက်ကောင်းလို့ လွှတ်ပေးရသူများ ပါဝင်ပါတယ်။

တန်ပြန်တော်လှန်ရေးသမားအမျိုးမျိုးကို သူတို့တဦးချင်းရဲ့လုပ်ရပ်တွေပေါ်မူတည်ပြီး ဖြေရှင်းဖို့လိုအပ်ပါတယ်။

◾️ ပထမ
အခု သေဒဏ်ပေးခြင်းအကြောင်း ပြောရအောင်။ ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ တန်ပြန်တော်လှန်ရေးသမားများ နှိမ်နှင်းရေးလှုပ်ရှားမှုအတွင်း ကျွန်တော်တို့လူတချို့ကို သေဒဏ်ပေးခဲ့တယ်ဆိုတာ အမှန်ပါ။ ဒါပေမဲ့ သူတို့ဟာ ဘယ်လိုလူစားမျိုးတွေလဲ။ သူတို့ဟာ လူထုအပေါ်သွေးကြွေးတွေအများကြီးတင်နေသူများဖြစ်တဲ့အပြင် လူထုက အသေအလဲမုန်းတီးတဲ့ တန်ပြန်တော်လှန်ရေးသမားများပါ။ လူပေါင်းသန်း (၆၀၀) (မှတ်ချက်။ ထိုစဉ်က တရုတ်ပြည်လူဦးရေ) ပါဝင်တဲ့ ကြီးမြတ်တဲ့တော်လှန်ရေးကြီးအတွင်း ကျွန်တော်တို့က ဒီလိုမျိုး ဒေသခံလူဆိုးကြီးတွေ၊ အနောက်အာဏာရှင်ဆိုးကြီးတွေ၊ အရှေ့အာဏာရှင်ဆိုးကြီးတွေကို သတ်ဖြတ်ဖြေရှင်းသုတ်သင်တာတွေမလုပ်ရင် လူထုကြီးက တက်ကြွလှုပ်ရှားနိုးထလာမှာ မဟုတ်ပါဘူး။ အဲဒီနှိမ်နှင်းရေးလှုပ်ရှားမှုသာမရှိခဲ့ရင် အခုကျွန်တော်တို့ရဲ့ လက်ရှိ သက်ညှာထောက်ထားရေးပေါ်လစီကို လူထုက လက်ခံမှာမဟုတ်ပါဘူး။အခု လူတချို့က စတာလင်ဟာ လူတချို့ကို မှားယွင်းစွာသေဒဏ်ပေးခဲ့တယ်ဆိုတဲ့သတင်းကြားပြီးနောက် ကျွန်တော်တို့လည်း ဒီတန်ပြန်တော် လှန်ရေးသမားများကို သေဒဏ်ပေးတာမှားတယ်ဆိုတဲ့ ကောက်ချက်ချနေကြပါတယ်။ ဒါဟာ မှားယွင်းတဲ့အမြင်ပါ။ ဒီတန်ပြန်တော်လှန်ရေးသမားများကို သေဒဏ်ပေးခဲ့တာ လုံးဝမှန်ကန်တယ်ဆိုတာ အတည်ပြုရေးဟာ ဒီနေ့အချိန်အခါမှာ အရေးတကြီးလိုအပ်ချက်ဖြစ်ပါတယ်။

◾️ ဒုတိယ
တန်ပြန်တော်လှန်ရေးသမားများဟာ အရည်အတွက်အရ အများကြီးလျှော့ကျသွားပြီဆိုပေမယ့် ဆက်လက်ရှိနေသေးတယ်ဆိုတာကို အတည်ပြုရပါမယ်။ ဟူဖုန်အမှု (၁၉၅၅ က တန်ပြန်တော်လှန်ရေးသမားအဖြစ် အတိုက်ခံရတဲ့ကဗျာဆရာ) ပေါ်ပြီးနောက် တန်ပြန်တော်လှန်ရေးသမားများကို သေသေချာချာ စေ့စေ့စပ်စပ် ရှာဖွေဖော်ထုတ်ဖို့ လိုအပ်လာပါတယ်။ ပုန်းလျှိုး ကွယ်လျှိုး ဖုံးကွယ်နေသူများအားလုံးကို ရှင်းပစ်ရမယ်။ တန်ပြန်တော်လှန်ရေးအဖျက်လုပ်ငန်းတွေကို တမျိုးမဟုတ် တမျိုးလုပ်ဆောင်နေတဲ့ တန်ပြန်တော်လှန်ရေးသမား အနည်းအကျဉ်းရှိနေသေးတယ်ဆိုတာကို လက်ခံကြရပါလိမ့်မယ်။ ဥပမာအားဖြင့် နွားတွေသတ်တာ၊ ရိက္ခာဂိုဒေါင်တွေမီးရှို့တာ၊ စက်ရုံတွေဖျက်ဆီးတာ၊ သတင်းအချက်အလက်တွေခိုးတာ၊ ဖောက်ပြန်တဲ့ ပိုစတာတွေကပ်တာ စတာတွေပေါ့။ ဒါတွေကြောင့် ကျွန်တော်တို့အနေနဲ့ တန်ပြန်တော်လှန်ရေးသမားတွေကိုအကုန်ရှင်းပစ်ပြီးပြီ။

ဒါ့ကြောင့် ကောင်းကောင်းအိပ်စက်အနားယူနိုင်ပြီလို့ဆိုရင် မှားပါတယ်။ တရုတ်ပြည်နဲ့ ကမ္ဘာပေါ်မှာ လူတန်းစားတိုက်ပွဲတွေရှိနေသရွေ့ ကျွန်တော်တို့ရဲ့နိုးကြားမှုကို လျှော့မချသင့်ပါဘူး။ ထို့အတူ အခုအချိန်မှာ တန်ပြန်တော်လှန်ရေးသမားတွေ အများအပြားရှိနေသေးတယ်ဆိုတာဟာလဲ မှားပါတယ်။

◾️ တတိယ
 အခုအချိန်ကစလို့ လူ့အဖွဲ့အစည်းအတွင်း တန်ပြန်တော်လှန်ရေးသမားများနှိမ်နှင်းရေးမှာ အဖမ်းအဆီးနဲ့ သေဒဏ်ပေးမှုတွေ နည်းပါးစေသင့်တယ်။ ပြည်သူတွေရဲ့ အလွန်မုန်းတီးခြင်းခံရပြီး အနီးကပ်ရန်သူတွေဖြစ်ခဲ့ကြတဲ့ ခေါင်းမာသူအနည်းအပါးကိုတော့ သေဒဏ်ပေးရမှာပါ။ ဒါပေမဲ့အတော်များများကိုတော့ လယ်ယာသမဝါယမအဖွဲ့တွေဆီအပ်နှံ့ကာ ကြီးကြပ်မှုတွေအောက်မှာ အလုပ်လုပ်ခိုင်းပြီး လုပ်အားနဲ့ပြုပြင်ပြောင်းလဲစေရမယ်။ တချိန်တည်းမှာပဲ သေဒဏ်မပေးတော့ဘူးလို့လဲမပြောနိုင်သလို၊ သေဒဏ်ကိုလည်း မပယ်ဖျက်သင့်သေးပါဘူး။

◾️ စတုတ္ထ
ပါတီနဲ့အစိုးရအဖွဲ့များအတွင်း ကျောင်းနဲ့စစ်တပ်အဖွဲ့များအတွင်းရှိ တန်ပြန်တော်လှန်ရေးသမားများကို ရှင်း လင်းနှိမ်နှင်းရာမှာ ကျွန်တော်တို့ဟာယင်အန်းတုန်းက စတင်ကျင့်သုံးခဲ့တဲ့ ဘယ်သူ့မှမသတ်ပဲ အနည်းအကျဉ်းကိုသာဖမ်းဆီးဆိုတဲ့ ပေါ်လစီကို ကိုင်စွဲရမယ်။ တန်ပြန်တော်လှန်ရေးသမားများအဖြစ် အသေအချာသတ်မှတ်ပြီးသူများကို သက်ဆိုင်ရာအဖွဲ့အစည်းများကသာ ကိုင်တွယ်စစ်ဆေးရမှာဖြစ်ပြီး၊ လုံခြုံရေးအဖွဲ့တွေကဖမ်းဆီးတာတို့၊ တရားရေးဌာနတွေက စစ်ဆေးတာတို့တွေ မလုပ်ရဘူး။ တန်ပြန်တော်လှန်ရေးသမား ၁၀၀ မှာ ၉၀ ကျော်လောက်ကို ဒီလိုနည်းနဲ့ ဖြေရှင်းရမယ်။ ဒါဟာ အနည်းအကျဉ်းကိုသာဖမ်းဆိုတာရဲ့ အဓိပွါယ်ဖြစ်တယ်။ သေဒဏ်ကိုတော့ ဘယ်သူမှမပေးဖို့ပါပဲ။

ဘယ်လိုလူမျိုးတွေကို ကျွန်တော်တို့ မသတ်သလဲ။ ကျွန်တော်တို့ဟာ ပါတီဆန့်ကျင်ရေးသမားတွေ၊ ဘုရင်ပူရီလို ဖမ်းမိစစ်တရားခံတွေ၊ စသူတွေကို မသတ်ပါဘူး။ ကျွန်တော်တို့ သူတို့ကိုမသတ်တာဟာ သူတို့ရဲ့အပြစ်တွေဟာ သေဒဏ်ပေးရလောက်အောင် မပြင်းထန်လို့မဟုတ်ပဲ သေဒဏ်ပေး လိုက်လို့ ဘာအကျိုးကျေးဇူးမှမရှိလို့ပါ။ တကယ်လို့ အဲသလိုအပြစ်ရှိသူတယောက်ကို သေဒဏ်ပေးလိုက်ပြီဆိုပါတော့၊ သူအပြစ်နဲ့နှိုင်းယှဉ်ပြီး ဒုတိယ တတိယတို့ပေါ်လာနိုင်ကာ ခေါင်းပြတ်တွေ ဆက်လိမ့်နေတော့မှာ။ ဒါက ကျွန်တော်ပြောချင်တဲ့ ပထမအချက်။ ဒုတိယအချက်။ သေဒဏ်မှားပြီးချလိုက်နိုင်တယ်။ ခေါင်းကိုဖြတ်ပီးရင် ကြက်သွန်မိတ်လို ပြန်ပေါက်မလာနိုင်ဘူး။ တကယ်လို့ ခေါင်းတခေါင်းကိုမှားပြီးဖြတ်လိုက်မိရင် အမှားပြင်ချင်ရင်တောင် ဘယ်လိုမှ အမှားမပြင်နိုင်တော့ပါဘူး။

တတိယအချက်ကတော့ သက်သေအစအန သဲလွန်စတွေပျောက်ပျက်သွားနိုင်ပါတယ်။ တန်ပြန်တော်လှန်ရေးသမားတွေနှိမ်နှင်းဖို့ဆိုရင် သက်သေ အထောက်အထားတွေလိုပါတယ်။ တခါတရံ တန်ပြန်တော်လှန်ရေးသမားတယောက်ကို နောက်တယောက်ရဲ့သက်ရှိသက်သေအဖြစ် အသုံးပြုနိုင်ပါတယ်။ အမှုတချို့တလေမှာ ခင်ဗျားတို့အနေနဲ့  သူနဲ့ဆွေးနွေးတိုင်ပင်စရာတွေရှိနိုင်ပါတယ်။ သူ့ကိုရှင်းပစ်လိုက်ရင် ခင်ဗျားတို့အနေနဲ့ ဘာသက် သေခံအထောက်အထားတွေမှ မရနိုင်တော့ဘူးပေါ့။ ဒီလိုဆိုရင်ဖြင့် ဒါဟာ တော်လှန်ရေးအတွက် အကျိုးမရှိဘဲ တန်ပြန်တော်လှန်ရေးအတွက်ပဲအားသာစေပါလိမ့်မယ်။ စတုတ္ထအချက်။ ဒီတန်ပြန်တော်လှန်ရေးသမားတွေ သတ်ပစ်လိုက်ခြင်းဖြင့် ...
(၁) ထုတ်လုပ်ရေး မြင့်လာတာ
(၂) နိုင်ငံရဲ့သိပွံပညာအဆင့်မြင့်လာတာ
(၃) သီးနှံဖျက်ကောင် (၄) မျိုးဖျက်ဆီးရေး
(၄) အမျိုးသားကာကွယ်ရေး ခိုင်မာအားကောင်းရေး
(၅) ထိုင်ဝမ်ပြန်လည်ရရှိရေး စတာတွေ ဘာမှမရနိုင်ပါဘူး။

ဖမ်းဆီးရမိသူတွေကို သတ်ပစ်သူဆိုတဲ့ နာမည်ဆိုးသာ ရပါလိမ့်မယ်။ နောက်တချက်ကလည်း ပါတီတွင်းနဲ့ အစိုးရအဖွဲ့အစည်းများအတွင်းက တန်ပြန်တော်လှန်ရေးသမားနဲ့ လူထုအကြားပြန့်နေတဲ့ တန်ပြန်တော်လှန် ရေးသမားများအကြား ကွာခြားမှုတွေရှိတယ်။ လူထုအကြားက တန်ပြန် တော်လှန်ရေးသမားများဟာ လူထုကိုအနိုင် ကျင့်ဗိုလ်ကျသူများဖြစ်ပြီး အဖွဲ့အစည်းများအတွင်းကလူများကတော့ လူထုနဲ့ ဝေးနေလို့ ယေဘုယျအားဖြင့် ရန်သူဖြစ်နေပေမယ့် အတိအကျ ရန်သူကြီးဖြစ်မနေဘူး။ ဒီတော့ ဒီလိုလူမျိုးတွေကိုမသတ်တာဟာ ဘာများအန္တရာယ်ရှိနိုင်မှာတုံး။ ကိုယ်ခနွ္ခာအရ အလုပ်ကြမ်းလုပ်နိုင်သူများကို လုပ်အားနဲ့ပြုပြင်ပြောင်းလဲခိုင်းပြီး ကိုယ်ခနွ္ခာမတောင့်တင်းသူများကိုတော့ တခြားနည်းလမ်းရှာပေးရမယ်။

တန်ပြန်တော်လှန်ရေးသမားဆိုတာ အမှိုက်သရိုက်တွေ၊ အဆိပ်အတောက်တြွေဖစ်ပေမယ့် ခင်ဗျားလက်ထဲရောက်ရင်တော့ ပြည်သူအတွက် အကျိုး ရှိရာ ရှိကြောင်း လုပ်နိုင်သုများဖြစ်လာအောင် ခင်ဗျားလုပ်နိုင်မှာပါ။

ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပါတီတွင်းအစိုးရအဖွဲ့အစည်းများအတွင်းက တန်ပြန်တော်လှန်ရေးသမားများကို သေဒဏ်မပေးရဘူးဆိုတဲ့ ဥပဒေ ပြဌာန်းသင့်သလား။ ကျွန်တော်တို့ပေါ်လစီဟာ အများသိကြေညာဖို့မဟုတ်ဘဲ၊ ကိုယ့်အတွင်းပိုင်းမှာသာလုပ်ဆောင်ဖို့ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရာမှာလည်း လက်ခံနိုင်ဖွယ် ဖြစ်နိုင်ဖွယ်တွေအပေါ်မှာသာ တည်သင့်ပါတယ်။ ဒီအဆောက်အဦးအတွင်း လူတယောက်က ဗုံးပစ်သွင်းလို့ အခန်းတွင်းရှိလူအားလုံး (သို့မဟုတ်) တချို့တလေ သေသွားတယ်ဆိုပါစို့။  ကဲ ဘယ်လိုပြောမလဲ။ အဲဒီလူကို ‌သေဒဏ်ပေးမလား မပေးဘူးလား။ သေချာပါတယ်။ သေဒဏ်ပေးပြစ်ရမှာပေါ့။

ပါတီနဲ့ အစိုးရအဖွဲ့အစည်းများအတွင်းရှိ တန်ပြန်တော်လှန်ရေးသမားများကိုနှိမ်နှင်းရာမှာ ဘယ်သူ့မှမသတ်ရေးဆိုတဲ့ပေါ်လစီကို ကိုင်စွဲကျင့်သုံးခြင်းဟာ သူတို့နဲ့ပတ်သက်လာရင် မတင်းကြပ်ရဘူးလို့ မဆိုလိုပါဘူး။

ဒါဟာ အဖတ်ဆယ်မရနိုင်တဲ့ အမှားမျိုးကနေ ကာကွယ်ပေးဖို့ဖြစ်ပြီး၊ အမှားတစုံတရာပြုမိရင်လဲ ပြန်ပြင်နိုင်တဲ့အခွင့်အရေး ရစေနိုင်ပါလိမ့်မယ်။ ဒီလိုနည်းနဲ့ လူအများအပြားကို စိတ်အေးသက်သာရှိစေမှာဖြစ်ပြီး ပါတီတွင်းက ရဲဘော်အချင်းချင်းကြားမှာလည်း မယုံမကြည်ဖြစ်မှုတွေကိုလည်း ရှောင်လွှဲနိုင်ပါလိမ့်မယ်။ တကယ်လို့ တန်ပြန်တော်လှန်ရေးသမားတွေကို မသတ်ဘူးဆိုရင် သူတို့ကို ထမင်းကျွေးထားရမှာပါ။ တန်ပြန်တော်လှန် ရေးသမားအားလုံးကို အလုပ်လုပ်ကိုင်ရှာဖွေစားသောက်နိုင်တဲ့ အခွင့်အရေးပေးရမှာဖြစ်ပြီး ဒီလိုနည်းနဲ့ သူတို့ဘဝသစ် စနိုင်ပါလိမ့်မယ်။

ဒါဟာ ပြည်သူလူထုရဲ့အရေးတော်ပုံအတွက်လည်း အကျိုးရှိပြီး ပြည်ပကလည်း ကောင်းကောင်းလက်ခံနိုင်ပါလိမ့်မယ်။ တန်ပြန်တော်လှန်ရေး သမားများနှိမ်နှင်းရေးကို အပြင်းအထန် ဆက်လုပ်ရဦးမှာပါ။ ကျွန်တော်တို့ သတိပေါ့လို့မဖြစ်ပါဘူး။ အနာဂါတ်မှာလည်း လူ့အဖွဲ့အစည်းအတွင်းကတန်ပြန်တော်လှန်ရေးသမားတွေကို ဆက်နှိမ်နှင်းရမှာမက၊ ပါတီတွင်း၊ အစိုးရအဖွဲ့များနဲ့ ကျောင်းများနဲ့ တပ်ဖွဲ့အသီးသီးအတွင်းမြှုပ်ထားတဲ့တန်ပြန်တော်လှန်ရေးသမားအားလုံးကိုလည်း ဖော်ထုတ်ရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ရန်-ငါ-စည်းကို ပြတ်ပြတ်သားသား တားရပါလိမ့်မယ်။ အကယ်လို့များ ရန်သူက ကျွန်တော်တို့အကြားသာမက ခေါင်းဆောင်မှုအဆောက်အအုံထဲအထိ တိုးဝင်လာနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ဆိုရှယ်လစ်အရေးတော်ပုံအတွက်ရော၊ ပစ္စည်းမဲ့အာဏာရှင်စနစ်အတွက်ရော၊ ဘယ်လောက်အန္တာရာယ်ကြီးမယ်ဆိုတာ ကျွန်တော်တို့ကောင်း ကောင်းသိကြတာပါပဲ။

လှကျော်ဇော
၉-၁-၂၀၂၂။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar