Breaking News

ကိုကျော် (မြစ်ကြီးနား) - ဂျိမ်းစ်ဝက် အာကာသအဝေးကြည့်မှန်ပြောင်း ဖြန့်ကြက်မှုအစီအစဥ် အောင်မြင်ပြီးဆုံး


ကိုကျော် (မြစ်ကြီးနား) - ဂျိမ်းစ်ဝက် အာကာသအဝေးကြည့်မှန်ပြောင်း ဖြန့်ကြက်မှုအစီအစဥ် အောင်မြင်ပြီးဆုံး
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၂၂

နာဆာမှ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ အာကာသထဲသို့ လွှတ်တင်ခဲ့တဲ့ ဂျိမ်းစ်ဝက် အာကာသအဝေးကြည့်မှန်ပြောင်း (James Webb Space Telescope) ဟာ နှစ်ပတ်ကြာပြီးတဲ့နောက်မှာ နောက်ဆုံးအဆင့်အနေနဲ့ မှန်သားပြင်တောင်ပံတွေကို ဖွင့်ချဆန့်ထုတ်နိုင်ခဲ့ပြီး အာကာသမှန်ပြောင်းဖြန့်ကျက်မှု အစီစဥ်တစ်ခုလုံး ပြီးမြောက်အောင်မြင်သွားပါတယ်။

ဂျိမ်းစ်ဝက်အဝေးကြည့်မှန်ပြောင်းဟာ အာကာသထဲမှာ အရွယ်ပမဏအကြီးဆုံး၊ ကြည့်မြင်စွမ်းပါဝါ အကြီးမားဆုံးနဲ့ အကုန်ကျအများဆုံး အာကာသအဝေးကြည့်မှန်ပြောင်း ဖြစ်ပါတယ်။ မှန်ပြောင်းတည်ဆောက်မှု ပရောဂျက်ကို ၁၉၉၆ ခုနှစ်ထဲမှ စတင်ခဲ့တာဖြစ်ပြီး နာဆာ၊ ဥရောပနဲ့ ကနေဒါ အာကာသအေဂျင်စီတို့မှ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါတယ်။ နဂိုက Next Generation Space Telescope လို့ အမည်ပေးထားရာမှ ၂၀၀၂ ခုနှစ်မှာ အပိုလိုအာကာသခရီးစဥ်များမှာ ဦးဆောင်ခဲ့တဲ့ သိပ္ပံပညာရှင် James Webb ရဲ့နာမည်နဲ့ အစားထိုးပြောင်းလဲခဲ့ပါတယ်။ 

မှန်ပြောင်းဒီဇိုင်းကို ၂၀၀၅ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ရေးဆွဲရမှု အပါအဝင် အခက်အခဲနဲ့ကြန့်ကြာမှု အမျိုးမျိုးကြုံခဲ့ရပြီး စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံ ကုန်ကျခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တည်ဆောင်မှုပြီးဆုံးခဲ့ပြီး လွှတ်တင်မှုကို အတည်မပြုခင် စမ်းသပ်မှုအဆင့်ဆင့် ဖြတ်သန်းခဲ့ရပါတယ်။

ဂျိမ်းဝက်မှန်ပြောင်းရဲ့ ခေါက်ထားတဲ့ မှန်သားပြင်နှစ်ချပ်ကို ဘေးသို့ဆန့်ထုတ်ရတဲ့အဆင့်က ကျရှုံးသွားမှု ဖြစ်နိုင်ခြေအများဆုံးရှိတဲ့ အဆင့်တစ်ခု ဖြစ်ခဲ့တယ်လို့ သိပ္ပံပညာရှင်များက ပြောခဲ့ကြပြီး၊ အစီစဥ်အောင်မြင်ပြီးတဲ့နောက်မှာ နာဆာအဖွဲ့သားများ ဝမ်းမြောက်စွာနဲ့ လက်ခုတ်တီးအားပေးခဲ့တာကို မြင်တွေ့ရပါတယ်။ (၂၀၁၈ ခုနှစ်က သီးခြားလွတ်လပ်မှုရှိတဲ့ အဖွဲ့အစည်းတစ်ခုမှ လေ့လာထုတ်ပြန်ချက်အရ ဂျိမ်းစ်ဝက်မှန်ပြောင်း ဖြန့်ကျက်မှုအစီစဥ် အစအဆုံး အောင်မြင်နိုင်ဖို့ အချက် (သို့) အဆင့်ပေါင်း ၃၄၄ ခုရှိပြီး အဆင့်တစ်ခုစီတိုင်းမှာ အဆင်ပြေစွာနဲ့အလုပ်လုပ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။)

ဂျိမ်းစ်ဝက်အဝေးကြည့်မှန်ပြောင်းက ယခင်က လွှတ်တင်ထားတဲ့ ဟက်ဘယ်မှန်ပြောင်း (Hubble Space Telescope) ရဲ့နေရာမှာ အစားထိုးအသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဂျိမ်းစ်ဝက်မှန်ပြောင်းရဲ့ ပင်မမှန်သားပြင်က အချင်း ၆.၅ မီတာကျယ်ပြီး ဟက်ဘယ်မှန်ပြောင်းထက် ၃ ဆနီးပါးပိုကြီးပြီး ဖမ်းယူလေ့လာနိုင်တဲ့ ဧရိယာအကျယ် ၆.၂၅ ဆ ပိုပြီးကြီးပါတယ်။ တခြားသော အာကာသအဝေးကြည့်မှန်ပြောင်းတွေထက် ပိုပြီးဝေးကွာတဲ့ ကမ္ဘာမြေနဲ့ မိုင်ပေါင်း ၁ သန်းခန့် အကွာအဝေးမှာ ရှာဖွေလေ့လာမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ 

ဂျိမ်းစ်ဝက်မှန်ပြောင်းက အနီအောက်ရောင်ခြည် အဝေးကြည့်မှန်ပြောင်းအမျိုးအစား ဖြစ်တာကြောင့် သာမန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ ဓာတ်ငွေ့ထုနဲ့ အာကာသအမှိုက်အမှုန်တို့ကို ကျော်ဖြတ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ အဆိုပါမှန်ပြောင်းဖြင့် Big Bang ဖြစ်ပွားခဲ့တဲ့နောက် ကြယ်များနဲ့ ဂလက်ဆီများ ဖွဲ့စည်းပုံ၊ နေစကြာဝဠာ ပြင်ပ ဂြိုဟ်အဖွဲ့အစည်းတွေမှာ သက်ရှိရဲ့လက္ခဏာ အထောက်အထား ရှိ၊ မရှိ (သို့မဟုတ်) ရေရှည်သက်ရှင်ရပ်တည်နိုင်တဲ့ ပတ်ဝန်းကျင်လေထုလွှာ ရှိ၊ မရှိ စတာတွေကို ရှာဖွေလေ့လာသွားမှာ ဖြစ်ပါတယ်။  ။

(ကိုးကား။ ။ ABC News - Jan 8 , 2022 - Webb telescope spreads its wings, completes final deployment measures)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar