Breaking News

ဆားပုလင်းသာပိန် - ရာဇဝတ်အိုးထဲမှာ ကြင်စိုးကို ထားရစ်ခဲ့ [၇]


ဆားပုလင်းသာပိန် - ရာဇဝတ်အိုးထဲမှာ ကြင်စိုးကို ထားရစ်ခဲ့ [၇]
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၂၂

ဆန္ဒသာရှိမယ်ဆိုရင် “ဆားပုလင်းသာပိန်နှင့် ရှမ်းပျိုမဲအရှုပ်တော်ပုံ” လို့ စာဖတ်သူ စိတ်ဝင်စား‌အောင် ခေါင်း စဥ် ခန့်ခန့်ညားညားပေးပြီး သိုင်းဝိုင်းဖွဲ့နွဲ့ကာ မိုးမခမီဒီယာရဲ့  လျှို့ဝှက်ဆန်းကြယ် ဂန္ထဝင်စုံထောက် လုံးချင်းဝတ္ထုအဖြစ် ဂုဏ်ယူစွာ ထုတ်ဝေတင်ဆက်မယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ သို့ပေမယ့်လည်း အဓိကပါဝင်ပတ်သက်သူများက ကြင်စိုးတို့ရပ်ကွက်ထဲက ဖြစ်နေလို့ ထိုသူတွေအကြောင်း ထို၍ထိုမျှ အရေးတယူပြုကာ ရေးသားလို စိတ်မရှိတဲ့အတွက် ဆောင်းပါးတပုဒ်အဖြစ်နဲ့သာ ပေါ်ထွက်လာရခြင်းပါ။ ရေးချင်ဇောကြီးပြီး  ‘ရှမ်းပျိုမယ်’ စာလုံးပေါင်းတောင် မှန်အောင်မရေးနိုင်တော့ပါလားလို့လည်း ဆန္ဒမစောစေချင်ပါဘူး၊ရှမ်းပျို မယ်’နဲ့ ပတ်သက်တာတွေကတော့ စာဖတ်သူများကိုယ်တိုင် ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း စေ့စေ့ ငုငု မြင်ယောင်(အဲ)ဖတ်ရှုပြီးဖြစ်မှာ သေချာတဲ့အတွက် ထပ်ရေးစရာကို လိုမယ်မထင်တော့ပါ။ စာလုံးပေါင်း လည်း မမှားပါ၊နေပြည်တော်တခွင် လူပြောသူ‌ပြောများနေတဲ့ ပဟေဠိဆန်နေသော ‘ရှမ်းပျိုမဲ’ အကြောင်း ရေးသားမှာ ဖြစ်တဲ့အတွက်ပါ။

တခုတော့ရှိပါတယ်၊ ထပ်ရေးစရာမလိုဟုဆိုသည်မှာ ‘ရှမ်းပျိုမယ်’နဲ့ပတ်သက်ပြီး ဆက်နွယ်ရေးသားခြင်း လုံးဝပြုတော့မှာမဟုတ်ဘူးလို့လည်း မဆိုလိုကြောင်းကို နားလည်စေချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ‘ရှမ်းပျိုမဲအရှုပ်တော်ပုံ’ ဟာ ‘ရှမ်းပျိုမယ်’ကို အ‌ကြောင်းပြုပြီး ပေါ်ပေါက်လာရတဲ့အတွက်ဖြစ်ပါတယ်။

ဘာကောင်စီ ညာကောင်စီ၊ ဘာစီမံအုပ်ချုပ်ရေး ညာစီမံအုပ်ချုပ်ရေးဆိုတဲ့ စကားလုံးကြီးကြီးတွေတပ်ထား ပေမယ့် ကိုယ်တိုင်ကလည်းမစီမံတတ်၊ တနိုင်ငံလုံးကလည်း အုပ်ချုပ်မရဖြစ်နေတော့ ကိုယ်သန်ရာသန်ရာ ဟိုလူ့ကုန်းတိုက် ဒီလူ့ချောက်တွန်း၊ ရေးရေးရာရာမရှိတဲ့ အလုပ်တွေ နေ့တဓူဝလုပ်နေကြရင်း၊ ရက်ပိုင်း လ ပိုင်းလောက်သာခံမယ့် ရာထူးကြီးငယ်အတွက် တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့ အခါအခွင့် သင့်ရင်သင့်သလို အပြစ်ရှာနေကြသူ၊အချင်းချင်း‌ခြေထိုး ဒုက္ခပေးတတ်ကြသူများရဲ့ ကောင်စီဖြစ်နေပါတယ်။

အာဏာလုထားတာက (၁) နှစ်ပတ်လည်ရှိလာပြီဆိုတော့ ဖြစ်ဖြစ်မြောက်မြောက်မရှိလေသမျှ ကြင်စိုးအပြစ်၊ ကြင်စိုးနဲ့ အနီးကပ်အဖွဲ့ လုပ်ရည်ကိုင်ရည်ညံ့ဖျင်းလို့ဆိုပြီး တီးတိုးဆိုလာကြပါတယ်။ လက်ဖက်ခြောက်တို့အုပ်စုဆီက ဒီလေသံတွေ စထွက်လာတယ်ဆိုရင်တော့ ဘယ်သူမှအံ့အားသင့်မှာ မဟုတ်ကြပါဘူး။ အပျော့ ဂိုဏ်း၊ အမာဂိုဏ်း၊ မကျက်တကျက်ဂိုဏ်း မမှည့်တမှည့်ဂိုဏ်း ဘယ်လိုပဲကွဲနေကွဲနေ၊ တူညီတာတခုကတော့ အာဏာ၊ နေရာလုချင်တဲ့ စိတ်ပုတ်စိတ်ယုတ်များကြောင့် ဖုံးဖိမရအောင် အနံ့တထောင်းထောင်းထွက်လို့ နေ ကြတာပါ။ ကြင်စိုးကို တိုက်ရိုက်မကိုင်နိုင်သေးခင် ကြင်စိုးနံဘေးက လူယုံတွေကိုချောက်ချဖို့ ခွင်ဆင်နေကြ ပါတယ်၊ ကြင်စိုးခိုင်းစေသမျှ တသွေမတိမ်းလုပ်တတ်တဲ့ မဲလုံးကို ပစ်မှတ်ထားကြတာလည်း မဆန်းလှပါ ဘူး။

အခုတော့အကွက်တွေ့ပါပြီ၊ လက်ဖက်ခြောက်တို့အုပ်စုက မဲလုံးကို ‘ဒီတခါ သတင်းထုတ်ပြန်ပွဲရောက်ရင် အမှတ်တရဓာတ်ပုံလေးရိုက်ထားအုံး၊ နောက်ဆုံးရှင်းလင်းပွဲဖြစ်ဖို့များတယ်၊ မင်းအဘကြင်စိုးက လူတောင်စ ရှာနေပြီလို့ကြားတယ်’ဆိုတာမျိုးနဲ့ အစပျိုးလိုက်ပါတယ်။ တကယ်တော့ မဲလုံးကိုယ်တိုင်ကလည်း ဒီအလုပ်ကို လုပ်သာလုပ်နေရတယ်၊ သူ့ကိုသူယုံကြည်မှုသိပ်ရှိလှရှာတာမဟုတ်ပါဘူး၊ ’အေးကွာ မင်းက အာ့ကျကျ အာ့ ကျကျနဲ့ ဖြစ်နေတော့ ဒီအလုပ်နဲ့ ဘယ်အဆင်ပြေပါ့မလဲ၊ အခုတလော လူပြောတော်တော်များနေတဲ့ ဟိုဆေး လေးသောက်ကြည့်ဖို့ကောင်းတယ်’ဆိုပြီး ဆက်ပြောလိုက်ကြတယ်။ ဆေးအကြောင်းသိချင်တဲ့မဲလုံးကို လည်း သူတို့အယုံသွင်းချင်တာလေးတွေကိုပဲ ဖြတ်တောက်ရွေးချယ်ပြသပြီး ’တွေ့လား ဒီဆယ်လီမလေး ချက်ကျ လက်ကျ ပြောနိုင်ရေးနိုင်တာ အဲဒီ ဆေးကြောင့်ဆိုပဲ’လို့ ထပ်ကျပ်လိုက်ပါတယ်။’ငါတို့ရပ်ကွက်မှာ ဟုတ်တာမဟုတ်တာ အသာထား၊ အဲသလိုတုန့် ပြန်ပြောဆို ရေးသားနိုင်တဲ့သူက ခပ်ရှားရှား၊ ငါတောင်မနေ့က အဲဒီဆေး ဒါဇင်လိုက်ဝယ်ထားတယ်၊ သွေးလေမှန်တော့ ဉာဏ်ရွှင်တာပေါ့ကွာ’ လက်ဖက်ခြောက်အပြောမှာ မျောသွားတဲ့ မဲလုံးဟာ ခေါင်းတဆတ်ဆတ် ငြိမ့်နားထောင်နေပြီး အနီးဆုံး တိုင်းရင်းဆေးဆိုင် ဘယ်မှာရှိမ လဲလို့  စဥ်းစားနေမိပါတယ်။

လက်ဖက်ခြောက်တို့ မပြောခင်ကတည်းက မဲလုံးတယောက် သူ့အနေအထားကိုသူ စိုးရိမ်ပူပန်နေတာပါ၊ အခုတလော သူ့ထက်ရာထူးမြင့်တဲ့သူတွေတောင် အဘကြင်စိုး စိတ်ထဲမထင်ရင်မထင်သလို ဟိုနေရာပြုတ် ဒီနေရာရောက်နဲ့ဆိုတော့၊ သူ့လိုနောက်ဆုံးအကြိမ် သတိပေးခံထားရသူအတွက် ခပ်လန့်လန့်ဖြစ်နေရတာပေါ့။  ဟုတ်ပါတယ်၊အဲဒီတုန်းကဆို အဘကြင်စိုးတယောက် အတော့်ကို ဒေါသထွက်ပြီး တခါတည်းဖြုတ်တော့မလို့၊ ခြေသလုံးဖက်တောင်းပန်ထားရတာပါ၊ ချက်ချင်းစိတ်မပြေလို့ ယာယီအနားပေးခံလိုက်ရတဲ့ မဲလုံးမပါတဲ့ ရှင်း လင်းပွဲကိုတော့ မှတ်မိကြမယ်ထင်ပါတယ်။

ပြန်ပြောရရင် မဲလုံးတို့မိသားစု နေပြည်တော်က လက်ဖက်ရည်ဆိုင်မှာမနက်စာသွားစားကြတာက အစပြုတာပါ။ မိသားစု (၃) ယောက်ဆို‌တော့ လက်ဖက်ရည် (၃)ခွက်၊ နန်းကြီးသုပ် (၃)ပွဲ မှာလိုက်တယ်၊ ဒါပေမယ့်လက် ဖက်ရည် (၄)၊ နန်းကြီး(၅)’ ဆိုပြီး အဖျော်ဆရာနဲ့ ပွဲပြင်သူတွေဆီကို အော်ပြောလိုက်သံကြားလို့ သူတို့မှာ တာက (၃)ခွက်၊(၃)ပွဲဆိုပြီး မဲလုံးကပြန်ပြောတယ်၊ ဒါပေမယ့် အော်ဒါလက်ခံတဲ့သူတွေက အမှားတွေဆက် အော်နေတုန်း၊ ဆက်လွဲနေကြတုန်း။ သီချင်းသံကြောင့်ပဲလား၊တမင်ပဲလွဲနေတာလား‌မသိ၊ ဒါ့ကြောင့် ပါးစပ်က လည်းထပ်အော်၊ ပိုလည်းသေချာအောင် (၃)ခွက် (၃)ပွဲဆိုပြီး လက်အမူအယာနဲ့ပါပြလိုက်တယ်။ မဲလုံးတို့မိ သားစုစားလို့တောင် မပြီးသေးပါဘူး၊ ဖေစ့်ဘွတ်ပေါ်မှာ မဲလုံးလက် (၃)ချောင်းထောင်တဲ့ပုံနဲ့ မဲလုံးလည်း CDM ဝင်ပြီဆိုတဲ့သတင်း တစ်နိုင်ငံလုံး ပျံ့သွားပြီး အဲဒီကိစ္စနဲ့ နောက်ဆုံးအကြိမ် သတိပေးခံထားရတာပါ။

တိုတိုပြောရရင် လက်ဖက်ခြောက်တို့ပြောသလို နှုတ်သွက်လျှာသွက်ပိုဖြစ်လာလို ဖြစ်လာငြားတွေးမိပြီး သူ တို့ညွှန်းလိုက်တဲ့ ဆေးကိုဝယ်သောက်ပါတယ်၊ စိတ်ထင်လို့လားမပြောတတ် ‘အာ့ကျကျ’တွေလည်းနည်း သွားသလိုပါပဲ။ မဲလုံးကဝမ်းသာအားရနဲ့ သူတို့အုပ်စုထဲမှာ အညွှန်းကြီး ညွှန်းပါတော့တယ်၊ ‘ဟုတ်’တလုံးနဲ့ ကြီး ပြင်းခဲ့ကြတဲ့ဒေါ်စိန်အေးကျောင်းဆင်းတွေဆိုတော့ အာဝဇ္ဇန်းရွှင်ရွှင်ပြောနိုင် တုံ့ပြန်နိုင်ဖို့အတွက်ဆိုရင် ဘာဆေးပဲညွှန်ညွှန် သောက်ကြဖို့ ဝန်မလေးတဲ့သူတွေပါ။

တခုတော့ရှိပါတယ်၊ သူတို့ဆေးဆိုင်ရောက်တိုင်း ဆေးနံမည်ပြောဖို့တွန့်ဆုတ်စေပါတယ်။ ဒါကိုရိပ်စားမိတဲ့ ဆေးဆိုင်တွေက ဖြတ်ထိုးဉာဏ်နဲ့(ယ်)ကို စတစ်ကာနဲ့ဖုံးလိုက်တယ်၊မဲလုံးနဲ့သူ့ရောင်းရင်းတွေ ခဏခဏ အား ပေးကြတာကို အစွဲပြုလို့ ‘မ’အပေါ်ကနေ()တင်လိုက်တော့ ‘ရှမ်းပျိုမယ်’ဟာ’ရှမ်းပျိုမဲ’နံမည်သစ်နဲ့ နေ ပြည်တော်တစ်ခွင်မှာ အရောင်းသွက်ဆေးတပါး ဖြစ်လာပါတော့တယ်။ ယူနီဖောင်းဝတ်ကြီးတွေလည်း ဆေးဆိုင်လာဝယ်တဲ့အခါတိုင်း ဟိုလူ့ကြည့် ဒီလူ့ကြည့်နဲ့ ရှက်ရွံ့နေစရာမလိုတော့။ ရဲရဲဝန့်ဝန့် ‘ရှမ်းပျိုမဲ’ တစ်ဒါဇင်ပေးပါ’ စသဖြင့်နဲ့ပေါ့။

‘ဝကီလိခ်’ရဲ့စုံးစမ်းဖေါ်ထုတ်မှုတွေမှာ ကြုံလေ့ကြုံထရှိတဲ့အတိုင်း အဆုံးသတ်မှာ အဖုအထစ်လေးတွေမ ကင်းပါဘူး၊ ဒီတခေါက်အဖုအထစ်ကတော့ မဲလုံးရဲ့ အဖုအထစ်ပါ။ ဟုတ်ပါတယ်၊ စာဖတ်သူများခန့်မှန်းကြတာ မလွဲပါဘူး၊ ဆေးကတကယ်စွမ်းပါတယ် ဆယ်လီမလေးပြောတဲ့အတိုင်းပါပဲ။ ဒီလိုနဲ့ပဲ မဲလုံးတို့ရပ်ကွက်မှာ ဘယ် လောက်ပူပူအိုက်အိုက်၊ ယူနီဖောင်းအောက်၊ ယုတ်စွအဆုံး တိုက်ပုံ၊ ရှပ်အင်္ကျီအောက်မှာ ကျည်ကာထပ်ဝတ်ကြပါတော့တယ်။ တချက်ခုတ်နှစ်ချက်ပြတ်ပေါ့၊ ဟိုမေးဒီမေး လုပ်သူကြတွေကိုလည်း ‘ကျည်ကာဝတ်ထားလို့ပါ’လို့အဖြေပေးရင်း သူတို့ခန္ဓာကိုယ်အပေါ်ပိုင်းရဲ့ပြောင်းလဲဖွံ့ဖြိုးလာမှုကိုလည်းဖုံးကွယ်ပြီးသား ဖြစ်သွားလေရဲ့။

ဒါပေမယ့် မဲလုံးအတွက်ပြဿနာမပြီးသေးပါဘူး၊ တခြားသူတွေကိုတော့မသိ မဲလုံးကတော့အသွင်အပြင်သာ မဟုတ်၊ စိတ်ကလေးကပါ ပြောင်းစပြုလာသလိုပါပဲ။ တနိုင်ငံလုံး ပိုပိုရွံမုန်းလာကြတဲ့ အဘကြင်စိုးကြီးဟာ မဲလုံးအတွက်တော့ တနေ့တခြား ပိုကြည့်ကောင်းလာပါတော့တယ်၊ မဒမ်ကြင်စိုးကိုတော့ အလိုလိုနေရင်း ကြည့်မရဖြစ်ကာ ‘ဂျေ’ဝင်လာပါတယ်။တကယ်လို့များ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် မဒမ်ကြင်စိုးများမရှိတော့ရင် အဆင်သင့်ဖြစ်နေအောင် နောက်ထပ်ခွဲစိတ်ပြုပြင်မှုတွေ ကြိုလုပ်ထားရရင် ကောင်းလေမလားပဲလို့လည်း မဲလုံးတွေးစပြုလာပါတယ်။ နံမည်ကိုလည်း အမိုက်စားပြောင်းလိုက်မယ်၊ ခေတ်လည်းဆန်၊ မဲလုံးမှန်းလည်း လူသိစေနိုင်မယ့် ‘ရွှန်းမင်းမင်းမဲ’ ဘာညာသာရကာ အစရှိတဲ့ နံမည်မျိုး ပေါ့။

ဒီအကြောင်းတွေကို တွေးမိတဲ့အခါတိုင်း မဲလုံးတယောက် ရင်ဖိုမိသလိုလို ဘာလိုလို ဖြစ်ရပါတယ်။ မ ရှက်မရွံ့ဆက်ပြောရရင်၊ ‘ရှမ်းပျိုမဲ’ကျေးဇူးနဲ့ လှသွေးကြွယ်လာတဲ့မဲလုံး လိုအပ်တဲ့ ခွဲစိတ်ပြုပြင်မှုတွေ ထပ်လုပ်ပြီးပြီပဲဆိုပါစို့၊ အဲဒီနောက် မဲလုံးတယောက် ဒုတိယမြောက် မဒမ်ကြင်စိုးဖြစ်သွားပြီပဲဆိုပါစို့၊ အဘ ကြင်စိုးတယောက် မဲလုံးအပေါ်  တီတီတာတာနဲ့ငယ်မူပြန်ကာ ဟိုဟန်းနီးမွန်းသွား၊ ဒီဟန်းနီးမွန်းသွားနဲ့အကြင်နာမိုးတွေများ ဒလ ဟောရွာမှ ရွာချပါလေမလားဆိုပြီးတော့လည်း ဆက်တွေးမိပါရဲ့။ ဒီလိုတောင်စဥ် ရေမရ တွေးမိလေတိုင်း အား ငယ်စိတ်ကလေးတော့ ဝင်မိပေမယ့်၊  အဘကြင်စိုး ပြောခဲ့ဖူးတာလေး ပြန်ကြား

ယောင်ရင်း စိတ်အားတင်းရပါတယ်၊ ဟုတ်တယ်လေ အဘက တိုင်းသိပြည်သိ ပြောထားပြီးသား“မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုပဲ။

ကဲ တကယ်လို့များ ကြင်စိုးဇာတ်မသိမ်းခင် အကြောင်းကြောင်းကြောင့် မည်သို့မည်ပုံမသိ၊ မဒမ်ကြင်စိုးတယောက် အရင်ဇာတ်သိမ်းသွားရင်ဖြင့် သူမရဲ့လက်ကျန် LV အိတ်တွေနဲ့ ဖလမ်းဖလမ်းထနေတဲ့ ‘ရွှန်းမင်းမင်း မဲ’ကို ကြင်စိုးနဲ့တွဲဖက်မြင်ကြရတဲ့အခါ၊ စာဖတ်သူများ အလန့်တကြားနဲ့ အံ့အားသင့်မသွားရစေဖို့  ‘ဝကီလိခ်’ အဖွဲ့က လက်တို့ပြီး ကြိုတင်ပြောထားလိုက်ရခြင်း ဖြစ်ပါကြောင်း။

ဆားပုလင်းသာပိန်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar