Breaking News

(ကဗျာဆရာ၊ အယ်ဒီတာ အေစိုင်းကေ သို့... )- စိုးရ - '' ကျွန်းတောထဲက ညစာ '', Aမွန် - '' မင်းမှာဘာကျန်ခဲ့လဲ ''


'' ကျွန်းတောထဲက ညစာ ''
(ကဗျာဆရာ၊ အယ်ဒီတာ အေစိုင်းကေ သို့... )
စိုးရ
(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၂၁

အဲဒီ ..တောအုပ်ထဲက ငါတို့ ဖြတ်ထွက်နိုင်ခဲ့ရင်လို့
အမြဲတွေးနေမိတယ် ။
.
အဖြစ်အပျက်က မြန်လွန်းတယ်
နာကျင်မှုက ရောက်မလာခင်မှာပဲ မင်းကမ်းခွာခဲ့တာ
လော်လီပေါ့လေး ခဲလျက်သား မင်းပြေးတယ်
မင်းကို ပြန်တွေ့တော့
လော်လီပေါ့လေး ခဲလျက်သား။
.
အဲဒီည မင်းပျောက်လို့ ငါတို့ လိုက်ရှာကြတော့
အေမွန်ကပြောတယ် မင်း ဟိုဘက်ကမ်းကို ရောက်သွားပြီတဲ့။

တကယ်လည်း ဟုတ်တယ်
ကမ်းကူးခပေးဖို့ ငါတို့မှာ ဘတ်တွေရှာရတယ်
မင်းက လော်လီပေါ့လေး ထုတ်ပေးလိုက်ယုံပဲ။
ကဗျာဆရာတွေထဲ
မင်းက သေတာတောင် ချိုနေတဲ့ကောင် ။

အမြှောက်သံတခြိမ်းခြိမ်းနဲ့ညတွေကို 
ငါတို့က ဖက်ဒရယ်နဲ့မြည်းကြတော့ အုပ်ကြီးလည်းရောက်လာ
ငါရယ် ၊ အေမွန်ရယ် ၊ မင်းရယ် ၊ အုပ်ကြီးရယ် 
အခုတော့ မင်းတို့နှစ်ယောက်ရဲ့ ဖက်ဒရယ်စကားဝိုင်းထဲ
ငါနဲ့အေမွန် မပါနိုင်တော့ဘူး ။
.
သောင်ရင်းမြစ်ကို ဖြတ်ကူးလာကြတော့
ငါတို့က အဝတ်နှစ်ထည်ကိုယ်နှစ်ခု
မင်းကျောပိုးအိပ်ကြီးကိုလွယ်လို့
သေရာပါဒဏ်ရာတွေကိုလွယ်လို့ပေါ့ကွာ။
သေတာနဲ့ ရှင်တာ အလွှာက အရမ်းပါးလွန်းတော့
အခု သေသွားတာ ငါလား
အခု ရှင်နေတာ မင်းလား မကွဲပြားဘူး။

သတ္ထုစက မင်းခန္ဓာကိုယ်ကို ဖောက်
ကျောပိုးအိပ်ကို ဖေါက် ၊ မင်းလက်တော့လေးကိုဖောက်
ဂျင်းဘောင်းဘီအလိပ်လေးကို ဖောက်
တောက်ပဲ အခါခါ ခေါက်မိတယ်။
ငါ့နောက် ၊ အေမွန်နောက် မင်းလိုက်လာခဲ့ပြီးမှ
မင်းတယောက်ထဲ ဘယ်လို ထားခဲ့ရက်ပါ့မလဲ။

မင်းနံမည်တိုင်လေးပေါ်မှာ
ငါတို့ကိုယ်စား ခေါင်းစည်းကြိုးလေးတွေ
ဆံပင်တွေလို အလွမ်းတွေရှည်ရှည်လာရင် 
မင်းဆီးနှောင်နိုင်ဖို့လေ ။

လေယဉ်နဲ့ ဗုန်းလာကျဲတဲ့ညက 
မင်းကို အတင်းနှိုးလို့ မရခဲ့သလို
အခု ကရင်ရွာလေးပေါ်ကျလာတဲ့ လက်နက်ကြီး ကျည်ဆန်တွေအကြား
မင်းအိပ်ကျန်ခဲ့တယ်လို့ပဲ ငါမှတ်ထားပါ့မယ်။

တနေ့
တောအုပ်လေး တိတ်ဆိတ်သွားတဲ့တနေ့
တိတ်ဆိတ်ခြင်းတွေတောထနေတဲ့တောင်ပေါ်သားတယောက်ရဲ့ 
အိပ်မက်တွေကို တူးဖော်ဖို့ ငါတို့ပြန်ခဲ့မယ်။
-


'' မင်းမှာဘာကျန်ခဲ့လဲ ''
Aမွန်

ဘုရားသခင်ရဲ့မွေးနေ့မှာ
ဖုန်ပေနေတဲ့ ကျောက်စိမ်းနားကပ်လေးတစ်ဖက်ကျန်ခဲ့တယ်
ခု နှစ်သစ်ကူးပြီ
မင်းအလောင်းကို ပြန်တူးရင်
ရွဲ့စောင်းနေတဲ့ အူတွေက ဖက်ဒရယ်ဒီမိုကရေစီဟဲ့လို့ ထမြည်ပြီး
ဟ သွားတဲ့ မင်းမေးရိုးက
ဒေါနတောင်ရိုးကို ရိုက်ချိုးလိမ့်မယ်
မင်းမှာဘာကျန်ခဲ့လဲ
နှင်းရိုင်းတွေ
ဘယ်လောက်အေးအေး
မင်းအကျီ်ခရမ်းပြာကွက်လောက် မနွေးနိုင်ဘူး
ဘယ်သူသိနိုင်မလဲ
ရော်ဘာရွက်ခြောက်တောအောက်
နတ်သားတပါးလို မင်းတောက်ပသွားခဲ့ရပုံ
ဘယ်သူသိနိုင်မလဲ
တောသုဿန်လေးထဲ
ငါ့ခေါင်းစည်းကြိုးလေး ချိတ်ခဲ့ရပုံ
ဘယ်သူသိနိုင်မလဲ
ငါ အနေအထိုင်ခက်ရပုံ
မင်းမှာဘာကျန်ခဲ့လဲ
ဒါ ကဗျာဆရာ 
ခင်ဗျားတို့အမိန့်ပြန်စရာမလိုဘူးလို့
စိုးရကပြောတော့
အားလုံးက အလေးပြုခဲ့ကြ
မင်းမှာဘာကျန်ခဲ့လဲ
ကျွန်းတောအိုလေးဟာ သက်ပြင်းချ
သောင်ရင်းမြစ်ကို ဖြတ်ကျနေတဲ့
နေရောင်ထဲ ငါတို့
မင်းကို ထားခဲ့ရတယ်
ကံတရားပဲဆိုပါစို့တဲ့
ဆံပင်ပွပွလေးလေးနဲ့
မရိတ်သင်ရသေးတဲ့ မုတ်ဆိတ်ကျင်စွယ်လေးလို
ငါတို့နိုင်ငံတော်
မင်းမှာဘာကျန်ခဲ့လဲ
မင်းခြေရင်းကျွန်းပင်မှာ
ဓားနဲ့နက်နက်ခုတ် 
ငါတို့ ကဗျာတစ်ပုဒ်ထားခဲ့တယ်။

31.12.2021
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar