Breaking News

မောင်စွမ်းရည် - ဒေါက်တာညီညီရဲ့ နောက်ဆုံးဒါန

မောင်စွမ်းရည် - ဒေါက်တာညီညီရဲ့ နောက်ဆုံးဒါန
(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၂၂
 
ဒေါက်တာညီညီ ဆိုတာ ရန်ကုန်တက္ကသိုလ်မှာ ဘူမိဗေဒဆရာအဖြစ် စတင်အမှုထမ်းခဲ့ပြီး ကထိက၊ ပါမောက္ခ စသည် အဆင့်အဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်က ၁၉၅၆ မှာ ပထဝီ၊ ဓာတုဗေဒ ဘာသာတွဲကို တတိယနှစ်ကုန်အောင် သင်ယူခဲ့ဖူးပါတယ်။ ဝါသနာပါလို့၊ စိတ်ဝင်စားလို့ ဇီဝဗေဒဘာသာတွဲက ပြောင်းယူခဲ့တာပါ။ အဲဒီကာလမှာ မန်းတက္ကသိုလ်က ရန်ကုန်တက္ကသိုလ်ရဲ့ လက်အောက်မှာပဲ ရှိသေးလို့ မန်းတက္ကသိုလ် ဘူမိဗေဒဌာနကလည်း ရန်ကုန်တက္ကသိုလ်ရဲ့ လက်အောက်မှာပဲ ရှိနေပါတယ်။ အဲဒီအခါ ဆရာ ဒေါက်တာညီညီဟာ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေဆဲကာလ ဖြစ်လို့ မန္တလေးတက္ကသိုလ်ရဲ့ ဘူမိဗေဒဌာနကိုလည်း လှမ်းပြီး အုပ်ချုပ်ရပါတယ်။ မန်းတက္ကသိုလ် ဘူမိဗေဒဌာန စာသင်ခန်းများကို တရက် လာရောက်ဩဝါဒပေးဖူးပါတယ်။ ဒါ့ကြောင့် ကျွန်တော်လည်းပဲ ဒေါက်တာညီညီရဲ့ ‘တရားဝင်တပည့်’ ဖြစ်ခဲ့ဖူးတယ်လို့ ဆိုရပါမယ်။ အဲဒီအခါက လူထုသတင်းစာတိုက်မှာလည်း တကြိမ် ထပ်မံဆုံရပါတယ်။

မန်းတက္ကသိုလ်ကို သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ရောက်လာတော့ မန်းတက္ကသိုလ်မှာ မြန်မာနိုင်ငံသမိုင်းကို သီးခြားဘာသာရပ်တခုအဖြစ် စတင်သင်ကြားပို့ချပါတယ်။ ကျွန်တော်က သမိုင်းရာဇဝင်နဲ့ စာပေကို စိတ်ဝင်စားလို့ ဘာသာပြောင်းယူခဲ့တော့ မြန်မာ့သမိုင်း၊ မြန်မာစာပေနဲ့ ဘွဲ့ရပါတယ်။

ကျောင်းဆရာ လုပ်တော့လည်း သမိုင်းသင်နည်းကိုရော မြန်မာစာသင်နည်းကိုပါ ယူခဲ့ပါတယ်။ အခြေခံပညာဦးစီးဌာနမှာ ၁၉၇၀ လောက်က ကျောင်းသုံးစာအုပ်ကော်မတီ ဖွဲ့ထားပြီး ဘာသာရပ်အလိုက် သင်ရိုးအဖွဲ့ ဖွဲ့နေပါတယ်။ သင်ရိုးအဖွဲ့တွေက ကျောင်းသုံးစာအုပ်တွေ ပြုစုထုတ်ဝေရပါတယ်။ သမိုင်းသင်ရိုးအဖွဲ့နဲ့ (နောက် မြန်မာသင်ရိုးအဖွဲ့)မှာ ဆရာတွေ လိုတော့လည်း ကျွန်တော့်ကို ဆရာဦးညီညီ ကိုယ်တိုင် ရန်ကုန်ကို ခေါ်ယူခဲ့ပါတယ်။ မြန်မာနိုင်ငံ သမိုင်းစာအုပ် (ကျောင်းသုံး) ပြုစုဖို့ ခေါ်တာပါ။ မြန်မာနိုင်ငံ သမိုင်းနဲ့ ဘွဲ့ရသူက မန္တလေးတက္ကသိုလ်မှာပဲ ရှိပါသေးတယ်။ တယောက်၊ နှစ်ယောက်ပဲ ရှိသေးလို့ ကျွန်တော့်ကို ခေါ်ယူတာပါ။

ကျွန်တော် ရန်ကုန် အခြေခံပညာရေးဌာနကို ရောက်တော့ မြန်မာနိုင်ငံ ပညာရေးသုတေသနဗျူရိုကို စတင် ဝင်ရောက်ရပါတယ်။ ဦးသန်းဦး(ဒေါက်တာသန်းဦး)က ညွှန်မှူးပါ။ ပညာရေးသုတေသနဌာနကို ရောက်သွားတော့ ကျွန်တော် သတိပြုမိလိုက်တာ တခု ရှိပေမဲ့ ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောမိခဲ့ပါ။ မိမိရဲ့ ထင်ကြေးသက်သက် ဖြစ်နေလို့ ပါ။ အခုမှ ထုတ်ဖော်ရေးသားလိုက်ပါတယ်။

ဆရာညီညီ၊ ဆရာ ဒေါက်တာသန်းထွန်းတို့ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ လက်ဝဲဂိုဏ်း ကျောင်းသားအုပ်စုဝင်တွေ ဖြစ်ပါတယ်။ လင်းယုနီ(ဦးညီညီ- ဒေါက်တာညီညီနဲ့ နာမည်တူ)၊ သံတွဲဦးကျော်ရင် စတဲ့ ဘယ်သန်တွေနဲ့ ခေတ်ပြိုင်တွေပါ။ သူတို့ရဲ့နောက်မှာ ဦးစိုးသိန်း၊ ဦးခင်မောင်အုန်း၊ ဦးဘကောင်း၊ ဦးဇော်ဝင်း၊ ဦးလှဝင်း၊ ဦးသန်းဦး စတဲ့ လက်ဝဲဂိုဏ်းကျောင်းသားတွေ ရောက်လာပါတယ်။ အများစုက တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် တာဝန်ယူခဲ့ကြဖူးတဲ့ ကျောင်းသားညီညွတ်ရေးတပ်ဦး အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ ဒေါက်တာညီညီ ပညာရေးဝန်ကြီး ဖြစ်လာတဲ့အချိန်မှာ တောမခိုဘဲ ကျန်နေပြီး ကျောင်းဆရာ ဖြစ်လာသူတွေ အားလုံးကို ပညာရေးသုတေသနဌာနနဲ့ ကျောင်းသုံးစာအုပ်ပြုစုရေးအဖွဲ့တွေအတွင်းကို ခေါ်ယူ အသုံးချခဲ့ပါတယ်။ ဒီတချက်မှာ တွေးစရာ နှစ်မျိုး နှစ်ချက် ရှိပါတယ်။

၁— အချက်က လက်ဝဲနိုင်ငံရေးသမားတွေ ခြေငြိမ်အောင် ခေါ်ယူထားလိုက်တာပဲလား။ ၂— သို့မဟုတ် သူတို့အားလုံးဟာ စာပေသမားတွေ (စာဖတ်ဝါသနာ၊ စာရေးဝါသနာပါသူတွေ) ဖြစ်တာကို သိထားလို့လား။ ဘာပဲဖြစ်ဖြစ် လက်ဝဲလိုက် ကျောင်းသားတွေကတော့ ပညာရေးဌာနမှာ စုမိသွားခဲ့ပါတယ်။

ဒီကြားမှာ အဆင့်တခု ဆက်စပ် မှတ်ချက်ပေးစရာ၊ မေးစရာတခု ရှိနေပါသေးတယ်။ ထူးခြားတာက ဒီရဲဘော်တွေအားလုံးလောက်ဟာ အစိုးရအလုပ် မဟုတ်တဲ့ အလွတ်ပညာသင်ကျောင်းဆရာတွေ၊ ကျူရှင်ဆရာတွေ လုပ်နေကြလို့ပါ။ တချို့က ကိုယ်ပိုင်အလွတ်ပညာသင်ကျောင်း ဖွင့်ကြပါတယ်။ တချို့က တဦးချင်း လိုက်ပြီး ကျူရှင်ပေးပါတယ်။ အများအားဖြင့် လက်ဝဲဂိုဏ်းကျောင်းသား ခေါင်းဆောင်တွေဟာ စာတော်တဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ကျူရှင်ဆရာတွေ ဖြစ်လာခဲ့ကြဟန် ရှိပါတယ်။ ဒေါက်တာညီညီတို့ ဝန်ကြီးဖြစ်လာချိန်မှာ အလွတ်ကျောင်းတွေအားလုံးကို ပြည်သူပိုင် သိမ်းလိုက်ပါတယ်။ တချုိ့ကို ပိတ်လိုက်ပြီး တချို့ကို အစိုးရကျောင်းအဖြစ် ဆက်ဖွင့်တဲ့အခါ ကျူရှင်ဆရာ လက်ဝဲသမားတွေ အားလုံးလောက်နီးပါး အစိုးရကျောင်း(ပညာရေးဝန်ထမ်းတွေ) ဖြစ်ကုန်ကြပါတယ်။ ပညာရေးသုတေသနဗျူရို (ကျောင်းသုံးစာအုပ်ပြုစုရေးအဖွဲ့)မှာ ညွှန်မှူး ဦးသန်းဦးက အစ ဦးဘကောင်း၊ ဦးဇော်ဝင်းတို့နဲ့အတူ တာဝန်ယူနေကြတဲ့ ရူပဗေဒ၊ ဓာတုဗေဒ ဆရာတွေအားလုံးဟာ ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့က ကျောင်းသားခေါင်းဆောင်တွေချည်း ဖြစ်ကြပါတယ်။

ဦးဇော်ဝင်း ဆိုရင် ဗကသဥက္ကဋ္ဌအဖြစ် သုံး၊ လေးနှစ် ဆက်ပြီး တာဝန်ယူခဲ့တယ်လို့ မှတ်သားမိဖူးပါတယ်။ ဦးဘကောင်းကတော့ တကသ(သမဂ္ဂ) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ နှစ်ယောက်လုံး ပုဒ်မ ၃ နဲ့ အဖမ်းခံ၊ ထောင်ချခံရဖူးပါတယ်။ အဲဒီ လက်ဝဲသမား၊ စာပေသမားတွေအားလုံးကို သိမ်းကျုံးပြီး ဆရာညီညီက ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ဆရာညီညီ၊ ဦးဘကောင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်ဦး၊ ဦးဇော်ဝင်း၊ ဦးလှဝင်း စတဲ့ ကျောင်းသားခေါင်းဆောင်တွေ အားလုံးနီးပါး ကွယ်လွန်ကုန်ကြပြီ ဖြစ်ပါတယ်။ အသက်အရွယ်တွေကလည်း ၉၀ တန်းတွေ မဟုတ်လား။ ဆရာဦးညီညီ၊ ၂၀၂၁ ဒီဇင်ဘာ ၉ ရက်နေ့မှာ ကွယ်လွန်တော့ အသက် ၉၁ နှစ်ရှိပါပြီ။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ( .....) နေအိမ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားရင် တနာရီနီးပါး ကားနဲ့သွားရပါတယ်။ ကျွန်တော်တို့ သွားပြီး ကန်တော့ဖူးပါတယ်။ ဆရာက ကုလသမဂ္ဂမှာ အမှုထမ်းရင်းက အငြိမ်းစားယူခဲ့တာဆိုတော့ နယူးယောက်မှာပဲ ခေါင်းချသွားခဲ့ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့က သင်္ဂြိုဟ်ပါတယ်။ ဆရာ ကွယ်လွန်တော့ ဆရာ့စာအုပ်တွေ ကားတစီးတိုက် ကျန်ရစ်ပါတယ်။ စာအုပ်တွေကို စာဖတ်ခန်း(ဧည့်ခန်း?)ထဲမှာပဲ ကြမ်းပြင်ပေါ် ပုံထားပါတယ်။ ဆရာ့စာအုပ်တွေကို ရွှေ့ရင်း ဆရာနဲ့အတူ ထမင်းလက်ဆုံစားခဲ့ဖူးပါတယ်။ ဆရာ့ရဲ့ စာအုပ်ပုံကြီးကို နယူးယောက်မြို့က ကျွန်တော်နဲ့နီးတဲ့ ဘုရင်မရပ်ကွက် (Queens Library) ကွင်းစာကြည့်တိုက်ကို လှူခဲ့ပါတယ်။

အဲဒီစာကြည့်တိုက်မှာ မြန်မာစာပေစာအုပ်စင် (စာဖတ်ခန်း) သီးခြားရရှိထားပါတယ်။ စာကြည့်တိုက်ကို မြန်မာပြည်က စာအုပ်တွေ ဝယ်ယူပို့ဆောင်ပေးနေတဲ့ ကိုယ်စားလှယ် ရှိပါတယ်။ စာအုပ် ဝယ်ယူပို့နေသူက စာကြည့်တိုက်ပညာရှင် ဖြစ်လို့ လိုအပ်တာတွေ ပြုစု ပြင်ဆင်ပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လှူဖို့ မလိုပါ။ အင်္ဂလိပ်စာအုပ်တွေကလည်း သူတို့ဘာသာ ဝယ်ယူနေတာကြောင့် လှူစရာ မလိုပါ။ စာအုပ်တွေ လက်ခံမယ်ဆိုရင်လည်း စိစစ်ရွေးချယ်မှုတွေ အများကြီး လုပ်ကြပါတယ်။ မြန်မာ တော်တော်များများကလည်း စာကြည့်တိုက်ကို မသွားတော့ပါ။ ဒါ့ကြောင့် စာကြည့်တိုက် တည်ထောင်ထားတဲ့ မြန်မာဘုန်းကြီးကျောင်းကို လှူလိုက်ပါတယ်။ မဟာဝိသုဒ္ဓါရုံကျောင်း ခေါ် သုံးပါးကျောင်းကို လှူတာပါ။

ဆရာတော် ဦးပါမောက္ခက စာအုပ်တွေကို ကိုယ်တော်တိုင် ရွေးချယ်၊ သယ်ယူပါတယ်။ ဆရာတော် ထားခဲ့တဲ့ အင်္ဂလိပ်စာအုပ်အချို့ကိုတော့ မြေဇင်းတောရ (Myay Zinn Tawya) ဦးပရမကလည်း သူ့ကျောင်းမှာ စာကြည့်တိုက်ကလေး လုပ်ချင်တယ်ဆိုလို့ အမ်းမ်ဟတ်စ်က ကိုမြင့်ဦးနဲ့ ဦးကျော်ဝင်း(ဘိုးတော်) တို့ နှစ်ဦးက ကားနဲ့ သယ်ယူပို့ဆောင်ပေးခဲ့ကြပါတယ်။

ဆရာကြီး ဒေါက်တာညီညီဟာ စာအလွန်တော်သူတဦး ဖြစ်ပါတယ်။ သူ့အိမ် ကြမ်းပြင်ပေါ်မှာ ဖျာ သုံးချပ်စာလောက် နေရာယူထားတဲ့ စာအုပ်ပုံကြီးဟာ ရင်ဆို့လောက်၊ လူတရပ်လောက် မြင်ပါတယ်။ ဆရာကိုယ်တိုင်က စာရေးဆရာလို့ ခေါ်ရလောက်အောင် စာတွေ ရေးခဲ့သူ၊ စာအုပ်တွေ ပြုစုထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့နဲ့အတူ မြန်မာနိုင်ငံ သုတေသနအသင်းမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့အပြင် ရန်ကုန်တက္ကသိုလ် ပညာပဒေသာစာစောင်မှာလည်း ပါဝင်ပါတယ်။

ဆရာက ဘူမိဗေဒပညာရှင် ဆိုတော့ ဘူမိဗေဒပညာရပ်အကြောင်းတွေကို ဦးဆောင် ရေးသားဖြန့်ချိသူ ဖြစ်ပါတယ်။ မော်စီတုန်း၊ တိန့်ရှောင်ဖိန်၊ ထရူးမင်း၊ ကနေဒီ၊ နေရူး၊ လီကွယ်ယူး စတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိစာအုပ်ကြီးတွေကို ဝယ်ယူစုဆောင်း ဖတ်ရှုထားတာ တွေ့ရပါတယ်။ မြန်မာတွေထဲကတော့ ဦးနု၊ ဗိုလ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ကျော်ဇော၊ လူထုဦးလှ၊ ဒေါ်အမာ၊ ပထဝီပါမောက္ခ ဦးလှထွန်းအောင်၊ မြန်မာစာပါမောက္ခ ဦးခင်အေး၊ ဒေါက်တာသော်ကောင်း၊ ကြည်မေကောင်း၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း စတဲ့ ပညာရှင်ကြီးများနဲ့ စာရေးဆရာကြီးများ၊ စာအုပ်တွေအကြောင်း မဂ္ဂဇင်းများကိုလည်း တွေ့ရပါတယ်။ အင်္ဂလိပ်လို ရေးသားထားတဲ့ ဗုဒ္ဓဘာသာကျမ်းစာအုပ်တွေကတော့ အထူးများပါတယ်။ လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ ဝေဘူဆရာတော်၊ အမရပူရ မဟာဝိသုဒ္ဓါရုံဆရာတော်၊ ဂိုအင်ကာ၊ ဦးဘခင် စသူတို့ရဲ့ စာအုပ်တွေ အများအပြား တွေ့ရပါတယ်။

အထက်ပါစာအုပ်အမျိုးမျိုးကို နယူးယောက်မြို့ မဟာဝိသုဒ္ဓါရုံကျောင်း စာကြည့်တိုက်က အမွေခံလိုက်ရတဲ့အတွက် နယူးယောက် မြန်မာတွေ အထူးကံကောင်းတယ်လို့ ဆိုရပါမယ်။ နယူးယောက်နဲ့ ပတ်ဝန်းကျင်ရှိ မြန်မာကျောင်းသားများအနေနဲ့ တက္ကသိုလ်ဘွဲ့ယူစာပေကျမ်းများ ပြုစုကြမယ်ဆိုရင် လေ့လာစရာ၊ အားကိုးစရာ စာကြည့်တိုက်တခု ဖြစ်မြောက်တိုးတက်လာတဲ့အတွက်လည်း ဝမ်းမြောက်စရာ ကောင်းလှပါတယ်။ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးခြင်းဖြင့် ပြည်ပမြန်မာတွေ ဂုဏ်ရောင် ပိုမိုထွန်းပြောင်ပါစေသတည်း။

ဆရာကြီး ဒေါက်တာညီညီ ကောင်းရာသုဂတိ ရောက်ရှိပါစေသတည်း။

မောင်စွမ်းရည်
(မန်းတက္ကသိုလ်၊ ဘူမိဗေဒအလွမ်းစာဟောင်း)
၂၀၂၁ ဒီဇင်ဘာ ၃၁
နယူးယောက်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar