Breaking News

စောဝေ - မေ့မရရပြီ စိတ်မှာစွဲ (အခန်းဆက် ဝတ္ထုတို)

စောဝေ - မေ့မရရပြီ စိတ်မှာစွဲ (အခန်းဆက် ဝတ္ထုတို) 
(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၂၂

အနောက်ဘက် ပဲခူးရိုးမက ဖြာဆင်းလာသော ဆည်းဆာကျနေ၏အရောင်ဖြင့် ကြည့်လေရာ နီဝါသန်းနေ၏။ အရှေ့ခုံတဲ ရွာနားက စားကျက်ကုန်းရှိ ပေါက်ပင်များမှ ဝါရွှေရောင်ပန်းများက လှပလှုပ်ရှားလို့။ ဖြူးချောင်းမှ ဖြတ်တိုက်လာသော လေနုအေးလွှလွှက နွေ၏အပူကို အနည်းငယ် ဖြေလျှော့စေ၊ ဖတ်လက်စ မဂ္ဂဇင်းကို ဘေးသို့ အသာချပြီး ပိတ်ထားသော မှန်ပြတင်းမှ ကားလမ်းသံလမ်းရဲ့ ဟိုမှာဘက် စားကျက်ကုန်း တောအုပ်အုပ်ကို ကြည့်ပြီး အဘွားဟင်းနုနွယ်တို့ မိသားစု အုပ်စုလိုက် ပြောင်းသွားသည်ပင် နှစ်နှစ်ကျော်ခဲ့ပြီကို စိတ်မှာ သိသည်။ ဒီမိသားစုအကြောင်း အသက်ရှင်ရက်နဲ့ ရေးခွင့်ရပါ့ဦးမလား စိတ်မှာ ထင့်သည်။ အစိုးရထုတ် ကြေးမုံသတင်းစာ မှာတော့ အင်အယ်လ်ဒီကို အပြတ်ချေမှုန်းရမယ်ဆိုတဲ့ တွင်းတစ်ဗိုလ်ချုပ်ရဲ့ ကြိမ်းဝါးသံတွေက လွှမ်းမိုးပြင်းထန်နေသည်။ ဒီအခြေအနေမှာတော့ ရေးလည်း ဘယ်မဂ္ဂဇင်းဂျာနယ်ကမှ ထည့်ရဲမှာမဟုတ်၊ ထည့်ရင်လည်း စာပေစိစစ်ရေး ကင်ပေတိုင်က ဖြုတ်မည်ပင်။

“အစ်ကိုလေး အစ်ကိုလေး ကျွန်တော် ပြန်လာပြီ”
မြေးဟင်းနုနွယ်တောင် တောင်ငူက ပြန်လာပြီ။ တံခါးကို ဖွင့်ပေးလိုက်လျှင်ပဲ.....
“အစ်ကိုလေး လွန်ခဲ့တဲ့ တစ်လလောက်က အဘွားကြီး သေသွားပြီတဲ့”
“ဟာ.... ဘာဖြစ်တာတဲ့လဲ”
“သူများ သတ်လို့ပေါ့”
“ထောင်ထဲမှာ မဖြစ်နိုင်တာကွာ”
“အစ်ကိုလေးကလည်း အဆဲမပါ မပြောတတ်တဲ့ သူ့စရိုက်နဲ့ သူများသတ်တာပဲ ဖြစ်မှာပေါ့”
“ဘုရားရေ .... အဖြစ်ဆိုးလှချည်လား .....အဘွားဟင်းနုနွယ်”

(၁)
နာရီ ရက် လ နှစ် အပူ အအေး ဒီဂရီတွေ ကြည့်လိုရတဲ့ တယ်လီဖုန်းလေးတွေ ၁၉၉၀ နောက်ပိုင်း မြန်မာပြည်ထဲ ရောက်ရှိလာချိန်မှာတော့ သီချင်းသံကလွဲပြီး သံစုံမြည်တဲ့ အမှတ် (၁၁) အဆန် ဆိုတဲ့ ရထားရဲ့ အထက်တန်းတွဲပေါ်မှာ ကြွက်မိသားစု၊ ပိုးဟပ်မိသားစု မြောက်မြားလှစွာနဲ့ ရန်ကုန်က မနက်စောစော နံနက် ခြောက်နာရီ ထွက်ပြီး ဖြူးမြို့ ဘူတာလေးကို ဆယ့်တစ်နာခွဲနဲ့ ဆယ့်နှစ်ကြားရောက်တဲ့ ရထားနဲ့ ပြန်လာခဲ့ပါတယ်။ ဗကပ လို့ ခေါ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ နေသွားတဲ့ ပဲခူးရိုးမကို သွားကြည့်ချင်တယ်၊ ဝတ္ထုရေးချင်တယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ တပတ် ဆယ်ရက်နေဖို့ အလည်လိုက်လာတဲ့ စာရေးဆရာ မင်းခိုက်စိုးစန်နဲ့ သူ့တပည့် မင်းဇေယျာလင်း တို့နဲ့အတူပေါ့။

“မင်းခိုက်ရေ မင်းတို့လောက် ကံကောင်းတာ မရှိဘူး”
“ဘာဖြစ်လို့လဲ အစ်ကို”
“ရထားက ဘာမှမဖြစ်ဘဲ ရိုက်တိုင်း ဆယ့်တစ်ဆယ့်ငါး ဖြူးကို ရောက်လာလို့” 

သူတို့ရဲ့ ရယ်သံများ။ ဘူတာထဲ ရောက်တာနဲ့ လူငယ်တစ်ယောက်က…
“အစ်ကိုလေး မြို့ထဲလား၊ ဝဲထောင့်လား”
“ဝဲထောင့်ကွာ ဧည့်သည်တွေ ပစ္စည်းရော”
“ဟုတ်ကဲ့ အစ်ကိုလေး”

ပစ္စည်းအားလုံးကို သူ့ဆိုက်ကားပေါ် တင်၍ သွားလေသည်။
“အစ်ကို ခိုင်းနေကျလား”
“မမှတ်မိဘူးကွ၊ ငါ့ကို မှတ်မိသိတဲ့လူတွေပါကွာ။ ဖြူးက နိုင်ငံရေးသမားတွေ စာသမားတွေ ထိုင်တဲ့ လက်ဖက်ရည်ကောင်းတဲ့ဆိုင်မှာ လက်ဖက်ရည် မသောက်ချင်ဘူးလား”
“သောက်ချင်တာပေါ့ အစ်ကို”

ကမ္ဘောဇ လက်ဖက်ရည်ဆိုင်ကို ရောက်တော့ ဆိုင်ရှင် ယောက်ဖဝမ်းကွဲဖြစ်သူဖြင့် မိတ်ဆက်ပေးသည်။
“ဒါ ကိုစွမ်းတဲ့၊ ယောက်ဖဝမ်းကွဲလည်း တော်တယ်၊ ဖြူး NLD မှာလည်း လုပ်ဖော်ကိုင်ဖက် ကိုစွမ်း။ ဒါက စာရေးဆရာ မင်းခိုက်စိုးစန် ဒါက ဇာတ်ညွှန်း မင်းဇေယျာလင်း”
“ဟုတ်ကဲ့၊ လက်ဖက်ရည် ကြိုက်ရာမှာပါ၊ ကိုစောဝင်း ကြီးတော် ဘာသတင်းထူးပါလဲ”
“ချိုပေါ့၊ ချိုခါး၊ ချိုဆိမ့်”
“ဝမ်းတူးဝမ်း၊ ဝမ်းဖိုးဝမ်း၊ ဝမ်းသရီးဝမ်း”
“အစ်ကို ဘာတွေမှာတာလဲ အကို၊ ကြီးတော် ဆိုတာက…”
“ဟား... ဟား ဒို့ဖြူးမှာက ချိုပေါ့ ဆိမ့်ခါး လက်ဖက်ရည်ကို နံပါတ်တွေ တပ်ထားတာ၊ မင်းတို့ မှာတာတွေကို နံပါတ်နဲ့ပဲ အော်မှာပေးကြတာကွ။ ကြီးတော် ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တို့ရဲ့ လျှို့ဝှက်သင်္ကေတ၊ ငါက မြို့နယ် သတင်းနဲ့ပြန်ကြားရေးလေ၊ ရန်ကုန်ကပြန်ရင် ဗဟိုကသတင်းတွေ ပြောရ ဖြန့်ရတယ်” 

ရန်ကုန်နှင့် မတူ၊ နွားနို့နှင့်နှပ်ပြီးဖျော်တဲ့ လက်ဖက်ရည်မို့ ရန်ကုန်သားတွေ အကြိုက်တွေ့နေကြ။ လက်ဖက်ရည် သောက်လိုက်၊ ထွက်သွားလိုက် နှစ်ယောက် ဂနာမငြိမ် ဖြစ်နေသဖြင့်…
“ဒီမှာပဲ ထိုင်သောက်ပါကွာ၊ ဆေးလိပ်သောက်တာများ ငါတို့ မသောက်ပေမယ့် ဆေးလိပ်သမားတွေနဲ့ ပေါင်းလာတာ တသက်လုံး”ဟု ပြောမှ ငြိမ်တော့သည်။
*  * *

“မနက်စာကတော့ ငါ ရွာမှာ အမြဲစားနေကျ၊ တို့ဟူးသုပ်၊ ငါးခြောက်ဖုတ်၊ လက်ဖက်သုပ် ရေနွေးကြမ်း ဖြစ်ရဲ့လား။ ညက အိပ်လို့ရော ကောင်းရဲ့လား”
“စားလို့ဖြစ်တယ် အစ်ကို၊ ညကတော့ အိပ်လို့မရဘူး။ အိပ်လိုက် နှိုးလိုက်ဘဲ၊ သံလမ်းအရှေ့ဘက်က ဆဲတဲ့အသံ လေးဖြူနဲ့ ဆုန်သင်းပါရ် ပေါင်းထားသလိုပဲ၊ တစ်ညလုံး”
“ဟား ဟား ဟား၊ ကဲ ဇေယျာလင်း ပြောပါဦး”
“ကျွန်တော်ကတော့ စိတ်မောရတာ ပြေသွားတော့ အိပ်တယ်၊ မနက်စောစော ခြောက်နာရီလောက်မှ နိုးပြီး ဆဲသံ ကြားမိတယ်”
 

“ဘာစိတ်မောတာလဲ”
“ဦးစော လူလည်း မသိဘဲနဲ့ ကျွန်တော်တို့ ပစ္စည်းတွေ ဘူတာက ဆိုက်ကားနဲ့ တင်ပေးလိုက်ပြီး လက်ဖက်ရည်ဆိုင် တစ်နာရီကျော် ထိုင်နေတာ အိတ်ထဲမှာက ရှိစုမဲ့စု အဝတ်အစားအကုန်၊ ပိုက်ဆံအကုန်၊ မှတ်ပုံတင်၊ ဆရာမင်းခိုက်ဆို ဒီလာဖို့ အသစ်ဝယ်ထားတဲ့ ဖိုက်အိုဝမ်းလီဗိုက်ဂျင်းနဲ့ ဒီဇယ်တီရှပ် ဆရာဝန်လက်မှတ်ပါ ပါသွားတော့ လစ်သွားရင် ဘဝပျက်ပြီလေ၊ ဒါကြောင့် လက်ဖက်ရည်ဆိုင်မှာ ဂနာမငြိမ်တာ”
“ဟား... ဟား.. ဒီမြို့လေးမှာ ငါ့ကို အကိုလေးခေါ်ရင် ငါ့ယောက္ခမကြီးရဲ့ တပည့်လား၊ လုပ်သားလား၊ ငါ့မိန်းမရဲ့ မကင်းရာမကင်းကြောင်းလား၊ စိတ်ချပြီးသား။ ငါ သိဖို့ မလိုပါဘူးကွ၊ မြို့မိမြို့ဖ ရှမ်းသိုင်းဆရာ၊ ဆေးဆရာကြီးရဲ့ သူဌေးသမက် အငယ်ပေါ့ကွာ”
“ပြောပါဦး၊ အဲဒီ တညလုံး အယုတ်တ အနတ္တတွေ ဆဲနေတဲ့ အဘွားကြီးအကြောင်း။ အစ်ကို တသက်လုံး ဘယ်လိုများ နေပြီး ကဗျာတွေ ရေးပါလိမ့်၊ စိတ်ဆင်းရဲတာ”
“မနက်စာ စားဦးကွာ၊ စားနေရင်း ငါ ပြောပါ့မယ်”
* * *

နံနက်တိုင်း ပြုနေကျ ငါးနာရီနဲ့ ငါးနာရီခွဲကြား နိုးပြီ။ မျက်နှာသစ်ပြီး ငါ အဖမ်းမခံရသေးဘူး ဆိုတဲ့အသိနဲ့ ဇနီးနဲ့ သမီးလေးနှစ်ယောက်ကို မွှေးမွှေးပေးသည်။ ဇနီးကတော့ ဈေးသွားဖို့ မွှေးမွှေးပေးပြီးတာနဲ့ ထသည်။ ပြီးရင်တော့ မိန်းမကို ဘာကူရမလဲ မေးပြီး အချစ်ဦး ရေဒီယိုလေးဆွဲပြီး လမ်းလျှောက်ထွက်တာ နေ့စဉ်လိုပင်။ မနက် ၆ နာရီ ဘီအိုအေပြီးလျှင် BBC ၊ RFA တဝက်လောက် ပြန်ရောက်။

အိမ်ရှေ့ထွက်လိုက်တာနဲ့ စံတော်ချိန်ထက်မှန်သော စံတော်ချိန်က အဘွားဟင်းနုနွယ်ရဲ့ ဆဲသံ ဆူသံ သံလမ်းကျော်ပြီး ကားလမ်းဘက် ကူးလိုက်၊ ကားလမ်းကနေ သံလမ်းဘက် ကူးလိုက် တညနေ… တည… တမနက် ရှာထား ဖွေထားသော ကုန်စိမ်းများ၊ သားငါးတွေကို ရောင်းဖို့ ဈေးလွှတ်ဖို့ သူ့ကျူးမိသားစုကို စီစဉ်ညွှန်ကြားနေခြင်းကလည်း နေ့တိုင်းကိစ္စ။

ညနေ ၄ နာရီစွန်းလောက်မှ နောက်နေ့ မနက် ၇ နာရီ ၈ နာရီထိ အရက်မျိုးစုံ သောက်လိုက်၊ ဆဲလိုက်၊ ဆူလိုက် ဇယ်ဆက်အောင် လုပ်ပြီးသကာလ ကြားချိန်မှာ အသံတိတ် အိပ်တော့သည်။

အိမ်ရှေ့မှာ ရန်ကုန်-မန္တလေး ကားလမ်း၊ ကပ်လျက်က ရထားလမ်း၊ ရထားလမ်းရဲ့ အရှေ့ဘက် နွားစား ကျက်ကုန်းမှာမှ အဘွား ဟင်းနုနွယ်၏ ကျူးမိသားစု။ အဘွားဟင်းနုနွယ်လို့ ဘာလို့ခေါ်လဲဆိုတော့ မိန်းမရဲ့ အဖေနဲ့ အမေ ပြောတာက မနက်ဆို ဟင်းနုနွယ် ဆိုတဲ့ အော်သံလေးနဲ့ ကုန်စိမ်းရောင်းလို့။ သူ့သမီးကို သမီး ဟင်းနုနွယ်၊ မြေးကို မြေးဟင်းနုနွယ်လို့ ခေါ်တာတဲ့။ မြေးဟင်းနုနွယ်ကတော့ တည်းခိုခန်းနဲ့၊ ကျွန်တော့်ဆိုင်ရှေ့မှာ အိပ်တဲ့ကားတွေ စောင့်ဖို့ အစောင့်အလုပ် ပေးထားလေရဲ့။ ဒီဟင်းနုနွယ်မိသားစု နှစ်ဆယ်အစိတ်လောက်ဟာ နေ့တိုင်း တည့်ရင် သီချင်းအော်ဆိုကြတယ်။ ရန်ဖြစ်ရင် ဆဲကြတယ်။ သီချင်းဆိုတာနဲ့ ဆဲတာ တစ်ခုမဟုတ် တစ်ခု အသံထွက်နေတဲ့ ကျူးဟင်းနုနွယ်တွေပါ။

ရာသီစာများ စိုက်ပျိုးကြ၊ အချို့ တောထဲသွား ခူးကြ၊ တူးကြ။ အချို့က ဖြူးချောင်းထဲ ငါးရှာ၊ ဖားရှာ၊ ငါးရှဉ့်ရှာ။ အချို့က လယ်ကွက်တွေထဲ ကြံခင်းတွေထဲ ကြွက်ရှာ မြွေရှာ။ မြွေကတော့ မရောင်းပါ။ အဘွားဟင်းနုနွယ် အကြိုက်။ တခါက မေးဖူးတယ်၊ ညကြီး အလင်းရောင်လည်း သိပ်ကောင်းတာ မဟုတ်ဘူး။ မီးအိမ်လေးနဲ့ထွက်ပြီး တောထဲသွားတော့ မြွေပါးကင်းပါး မကြောက်ဘူးလား ဆိုတော့၊ သူ ဦးတော့ လူသေပေါ့၊ ကိုယ်ဦးတော့ သူက ကိုယ့်ဟင်း ဖြစ်တာပေါ့။ ကိုယ့်ကံပဲ ကိုယ် ဦးတာများပါတယ်လို့ ပြောဖူးတယ်။

ဒီနေ့ လမ်းလျှောက်ပြန်တော့ သံလမ်းကင်းတဲမှာ ဆိုက်ကားသမား ဆင်ပေါက်နဲ့ အလုပ်တွေရှုပ်။ ဆာရီအဝတ်စတွေ၊ ဒန့်ကျွဲပင်တွေနဲ့ နုတ်ပြီး ကာနေတယ်။ ၇ နာရီစွန်းစွန်းလေးမှာ ဘာဖြစ်တာပါလိမ့်။ သူ့အသံဗြဲကြီးနဲ့။
“နှင်းပိုရေ… ဟေ့ နှင်းပို၊ ထတော့ စောက်ကောင်မရဲ့၊ ဖာသည်မတွေမှ ဒီချိန်ထိ အိမ်တာ။ နေမင်းက နင့်ဖင်ကို တက်ခွနေပြီ၊ နှင်းပိုရေ နှင်းပို”

နှင်းပို ဆိုတာက ကျေးလက်သားဖွားဆရာမ။ သူတို့နဲ့ ကပ်ရပ် အရှေ့ခုံတဲရွာက။
“ခွေးကောင် ဆင်ပေါက်၊ ပုဆိုးစုတ်တထည်လောက် အမြန်ယူပါဆို၊ ပုဆိုးစုတ်တောင် မရှိအောင် မွဲရသလား စပ်ပတ်စားကောင်ရဲ့”

ဆင်ပေါက်လည်း ခေါင်းလေးကုတ်ပြီး ရွာထဲ သူ့အိမ်ပြေးသွားတာ တွေ့တယ်။ ပြီးတော့ ကျွန်တော့်ဘက် လှည့်ကြည့်ပြီး ဈေးဗန်းနဲ့တူတဲ့ ဗန်းကြီး မလာတယ်။
“စောက်ကောင် ကိုလေး ဒါ အကုန်ယူလိုက်။ ပေး နှစ်ထောင့်ငါးရာ၊ နှပ်ချေး ငါးပိလုပ်မနေနဲ့၊ တန်တာ မတန်တာ နောက်မှ လူတယောက် မဟုတ်ဘူး။ နှစ်ယောက်အသက်၊ စောက်ကောင် ပုဆိုးစုတ်လည်း ပေးဦး”
“ဘာဖြစ်နေတာလဲ အဘွားဟင်းနုနွယ်”
“သာဓုဂံရွာက ကုလားမလေ နေ့စေ့လစေ့ကြီး၊ ဈေးရောင်းဖို့ လာတာ၊ ဒီနားကျမှ ဗိုက်ကနာလို့ ကြည့်လိုက်တော့ ခေါင်းတခြမ်းထွက်နေပြီ၊ အဲဒီစောက်ကလေးကို ငါ မွေးပေးမလို့”
“ဖြစ်ပါ့မလား၊ ဆေးရုံပို့လိုက်ရောပေါ့”
“နင်က စောက်ကလေး ဘယ်နှကောင် မွေးဖူးလို့တုံး၊ ငါ မွေးလာတာ ရာကျော်ပြီ၊ ပေး မြန်မြန်လိပ်၊ လေဖြတ်သလို လုပ်မနေနဲ့”
သူ တောင်းတဲ့ နှစ်ထောင့်ငါးရာနဲ့ ပုဆိုးတစ်ထည် ပေးလိုက်တယ်။ လှမ်းကြည့်လိုက်တော့ နှင်းပိုလည်း လာနေတာ တွေ့တယ်။
“ဖာသည်မရယ် မြန်မြန်လာပါ၊ ဖာကျိုးသလို လျှောက်မနေနဲ့၊ ဒီမှာ အချင်းဖြတ်၊ အရက်ပြန်ပါသလား။ မပါရင် ငါ့တဲထဲက အရက်မီးတောက် ယူခဲ့။ ဆနွင်းမှုန့် ယူခဲ့ဟေ့၊ တဲထဲက မိမနိုင်သားတွေရဲ့”

အော်အော် ဆဲဆဲနဲ့ ကုလား ကလေးလေး ယောကျ်ားလေးတစ်ယောက်ကို မီးရထားသံလမ်း ကင်းတဲလေးပေါ်မှာ မွေးလိုက်တယ်။
“လီးတန်းလန်းနဲ့ စောက်ကုလားလေးတော့၊ ချစ်စရာလေး၊ ဒီကုလားမတော့ စောက်ကုလားမတွေ ဝိုင်းတော့မယ်၊ ဆင်ပေါက် သူ့ ရွာပြန်ပို့လိုက်၊ နှင်းပိုလည်း လိုက်သွား။ ဆင်ပေါက်က ငါးရာယူ သေချင်းဆိုး ပိုမယူနဲ့နော်၊ နှင်းပိုက ငါးရာ ထပ်မတောင်းနဲ့၊ နင်မွေးတာမဟုတ်ဘူး၊ ငါမွေးတာ။ ကျန်တဲ့ ထောင့်ငါးရာ ကုလားမကို ပေးလိုက်။ သွားတော့ သွားတော့၊ ဟဲ့ ကုလားမ၊ ကပ်စေးနှဲမနေနဲ့၊ နို့လေး ဝယ်သောက်၊ သွားတော့”

ပြီးတော့ ကျွန်တော် ရှိရာဘက်လှည့်ပြီး…
“ဟိုစောက်ကောင် ကိုလေးလည်း သူ ကမြင်းချင်ရာတွေ ကမြင်းနိုင်ပါစေတော်တဲ့။ မနက်တိုင်း ကြားနေရတဲ့ ကျက်သရေတုံးတဲ့ သူ့ဆဲသံ အော်သံတွေဟာ ဒီနေ့ကစပြီး သူ့လုပ်ရပ်ကြောင့် အပြစ်မှလွတ်ပြီး ကျေနပ်ဖွယ် လူသံတွေအဖြစ် နေ့စဉ် ကြားမိရပါတော့တယ်။
* * *

“ဟာ အစ်ကို ရေးရမှာလေ”
“ဘယ်မဂ္ဂဇင်းက ထည့်မလဲ၊ စိစစ်ရေးကရော”
“အစ်ကို ရေးတော့ ထားရမှာနော်၊ ကျွန်တော် ကြားထဲမှာ ရေးတာ ပြောတာ ဖြစ်ဖြစ် လုပ်မယ် အစ်ကိုရာ”
“မင်း ကြိုက်ရာလုပ်၊ ငါ သတိတော့ပေးလိုက်မယ်၊ ဒီစစ်အစိုးရက လူတင်သတ်တာ မဟုတ်ဘူး၊ ကလောင်ပါ သတ်တဲ့ အစိုးရကွ၊ ဒီအဘွားကြီးကိုလည်း မေးရ မြန်းရဦးမှာ၊ ဇာတ်က မဆုံးသေးဘူးလေ”
“မေးပေါ့ အစ်ကို၊ ဒီထက်လှတဲ့အတွက်တွေ ထွက်လာမှာ”
“အင်း ... မင်း သိအောင် ပြောရရင် ဒီအဘွားကြီးတင် မဟုတ်ဘူးကွ၊ တမြို့လုံးက ဝန်ထမ်းလာလုပ်ရင်း သူဌေးသမီး ဖြူးမြို့ရဲ့ အချောအလှဆုံးနဲ့ အိမ်ထောင်ကျတယ်၊ ၁၉၈၈ မှာ သပိတ်ခေါင်းဆောင်လုပ်လို့ အလုပ်ပြုတ်တယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မြို့နယ်တာဝန်ယူထားတယ်။ ယောက္ခမရဲ့ စီးပွားရေးတွေကို တိုးတက်ထွန်းကားအောင် ပိုချမ်းသာအောင် လုပ်နိုင်တယ်ဆိုတဲ့ သူဌေးသမက် အငယ်လေးက လွဲပြီး ဘာမှ မသိဘူး၊ ဘာမှ လက်မခံနိုင်အောင် ရုပ်ဝတ္ထုက လွှမ်းမိုးထားတာ၊ ကဗျာဆရာလို့ ဘယ်သူမှ လက်မခံဘူး၊ ဒီတော့ မေးဖို့ မြန်းဖို့က သိပ်မလွယ်ဘူးကွ”

ဆက်လက်ဖော်ပြပါမည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar